သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွန်မှာ နောက်ထပ်ပေါက်ကွဲမှုများ ၁၄ ဦးထက်မနည်း သေဆုံး

လက်ဘနွန်နိုင်ငံ၊ ဆီဒွန်ဆိပ်ကမ်းမြို့မှာ လုံခြုံရေးအရာရှိတွေက လမ်းလျှောက်စကားပြောစက်ပေါက်ကွဲမှုလို့ ယူဆရတဲ့ ပျက်စီးသွားတဲ့ကားနဘေးမှာ ရပ်နေကြစဥ်။ (စက်တင်ဘာ ၁၈၊ ၂၀၂၄)
လက်ဘနွန်နိုင်ငံ၊ ဆီဒွန်ဆိပ်ကမ်းမြို့မှာ လုံခြုံရေးအရာရှိတွေက လမ်းလျှောက်စကားပြောစက်ပေါက်ကွဲမှုလို့ ယူဆရတဲ့ ပျက်စီးသွားတဲ့ကားနဘေးမှာ ရပ်နေကြစဥ်။ (စက်တင်ဘာ ၁၈၊ ၂၀၂၄)

လက်ဘနွန်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ပေါက်ကွဲမှုထပ်ဖြစ်တာကြောင့် အနည်းဆုံး ၁၄ ဦး သေဆုံးပြီး လူ ၄၅၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ Hezbollah စစ်သွေးကြွတွေသုံးတဲ့ လမ်းလျှောက်စကားပြောစက် (walkie-talkie) တွေကို အဝေးကနေ ဖောက်ခွဲခံခဲ့ရတာပါ။

အင်္ဂါနေ့က ရေဒီယိုလှိုင်းသုံး ဆက်သွယ်ရေးစနစ် ပေဂျာတွေပေါက်ကွဲမှုမှာ သေဆုံးခဲ့ရတဲ့ Hezbollah အဖွဲ့ဝင် ၃ ဦးနဲ့ ကလေးငယ်တဦး အတွက် အီရန်ထောက်ပံ့တဲ့ Hezbollah က လုပ်တဲ့ ဈာပနအခမ်းအနားတွေထဲကတခုအနီးမှာလည်း အနည်းဆုံး ပေါက်ကွဲမှုတကြိမ် ဖြစ်ခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ပေဂျာတွေ ပေါက်ကွဲခဲ့တဲ့ အင်္ဂါနေ့ ပေါက်ကွဲမှုအတွင်း ၁၂ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၃,၀၀၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ Hezbollah ကတော့ အစ္စရေးလ် လက်ချက်လို့ အပြစ်တင်ပါတယ်။ အစ္စရေးလ်ဘက်ကတော့ မှတ်ချက်မပေးပါဘူး။

အရှေ့အလယ်ပိုင်းနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ ရှိတဲ့ လုံခြုံရေး ကျွမ်းကျင်သူတွေကတော့ အင်္ဂါနေ့ ပေဂျာတိုက်ခိုက်မှုဟာဆိုရင် ‘အစ္စရေးလ်ထောက်လှမ်းရေး မော့ဆာဒ့်’ လက်ချက်လို့ အမေရိကန် သတင်းမီဒီယာတွေမှာ ပြောဆိုထားကြပါတယ်။ Hezbollah ကတော့ အစ္စရေးလ်ရဲ့ လက်နက်ကြီးပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ Hezbollah တို့က လမ်းလျှောက် စကားပြောစက် walkie-talkie တွေနဲ့ ပေဂျာတွေကို လွန်ခဲ့တဲ့ ၅ လ လောက်က ဝယ်ယူခဲ့တာဖြစ်တယ်လို့ လုံခြုံရေး ဆိုင်ရာ သတင်းရင်းမြစ်တခုက ပြောပါတယ်။

ဘေရွတ်မြို့တော်အပါအဝင် လက်ဘနွန်ဒေသအတော်များများမှာ ဗုဒ္ဓဟူးနေ့ကပေါက်ကွဲခဲ့တာလို့ Hezbollah တာဝန်ရှိသူတွေနဲ့ လက်ဘနွန် နိုင်ငံပိုင်သတင်းက ဖော်ပြပါတယ်။ ဒါ့အပြင် ဘေရွတ်နဲ့လက်ဘနွန်တောင်ပိုင်းတို့ကအိမ်တွေမှာ ဆိုလာစွမ်းအင်စနစ်တွေ ပေါက်ကွဲခဲ့တာ ကြောင့် အနည်းဆုံး မိန်းကလေးငယ်တဦး ဒဏ်ရာရတယ်လို့လည်း လက်ဘနွန်နိုင်ငံပိုင်သတင်းက ဖော်ပြပါတယ်။

လက်ဘနွန်မှာ နောက်ထပ်ပေါက်ကွဲမှုများ ၁၄ ဦးထက်မနည်း သေဆုံး
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG