သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ပါလက်စတိုင်းပဋိပက္ခ ဒေသခံမြန်မာတဦးအမြင်


ဗုဒ္ဓဟူးနေ့က အစ္စရေးတောင်ပိုင်း အက်ရှ်ကဲလွန်ဘက်က ဂါဇာကမ်းမြောင်ဒေသတွင်း ဒုံးကျည်ရန်ကြောင့် အကာအကွယ်ယူနေကြတဲ့ အစ္စရေးပြည်သူများ။ (အောက်တိုဘာ ၁၁၊ ၂၀၂၃/အေပီ)
ဗုဒ္ဓဟူးနေ့က အစ္စရေးတောင်ပိုင်း အက်ရှ်ကဲလွန်ဘက်က ဂါဇာကမ်းမြောင်ဒေသတွင်း ဒုံးကျည်ရန်ကြောင့် အကာအကွယ်ယူနေကြတဲ့ အစ္စရေးပြည်သူများ။ (အောက်တိုဘာ ၁၁၊ ၂၀၂၃/အေပီ)

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်နိုင်ပြီဆိုပေမယ့် အခုချိန်ထိ ပါလက်စတိုင်းဘက်ကပစ်နေတဲ့ ဒုံးကျည်တွေရဲ့ အန္တရာယ်ကို ရင်ဆိုင်နေရဆဲပဲလို့ တဲလ်အဗီးမှာနေထိုင်တဲ့ မြန်မာတွေက ဗွီအိုအေကို ပြောပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ် စစ်ပွဲဖြစ်နေတဲ့ နောက်ဆုံးအခြေအနေ နဲ့ပတ်သက်လို့ တဲလ်အဗီးမှာ နေထိုင်တဲ့ ကိုဆန်တိုကို မအင်ကြင်းနိုင်က Zoom ကနေဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ တဲလ်အဗီးမှာဖြစ်နေတဲ့ နောက်ဆုံးအခြေအနေမှာပေါ့နော်၊ စောစောကပဲ ဗုံးကြဲနိုင်တဲ့အန္တရာယ်အချက်ပေးတာတွေကြောင့် ခဏရှောင်ရတာတို့ ဘာတို့ ဖြစ်နေတဲ့အခြေအနေမှာ အခု ကိုဆန်တိုတို့ လက်ရှိ လုံခြုံရေးအခြေအနေကရော ဘယ်လိုရှိလဲရှင့်။

ကိုဆန်တို။ ။​လောလောဆယ်အနေအထားမှာတော့ အရမ်းကြီး မဟုတ်သေးပေမဲ့ စိုးရိမ်ရတဲ့အနေအထားမှာတော့ ရှိနေဆဲပါပဲ။ မနေ့ကဆိုရင် သုံးကြိမ်လောက် အတိအကျ ရှောင်ရတယ်။ အတော်လည်းပြင်းထန်ပါတယ်။ ပေါက်ကွဲသံတွေက ကောင်းကင်ပေါ်မှာ ပြင်းထန်ပါတယ်။ ဒီဘက်က Iron Dome defence missile system ရဲ့ ကာကွယ်မှုကြောင့်သာ တဲလ်ဗစ်မြို့ပေါ်ကို အပိုင်းအစလေးတွေ ကျပေမဲ့ တကယ်လို့သာ ...မရှိခဲ့ဘူးဆိုရင် ဒီအလုံးတွေဟာ မြို့ပေါ်ကို ကျရောက်ပေါက်ကွဲမယ်။ ဘယ်မှာကျမှန်းမသိတဲ့ဟာတွေဆိုတဲ့အခါကျတော့ ကျနော်တို့အားလုံး စိုးရိမ်ကြရပါတယ်။ မနေ့က သမ္မတဂျိုးဘိုင်ဒန်မိန့်ခွန်းပြောသွားပြီးတဲ့အချိန်မှာ ဂျီဟတ်ဒ် ဘက်ကနေပြီးတော့ တဲလ်အဗစ်ကို ကိုးနာရီမှာပစ်မယ်ဆိုတဲ့ message တွေ channel ထဲကနေ ထုတ်လွှင့်တဲ့အခါကျတော့ ကျနော်တို့လည်း အရန်သင့်ပြင်ဆင်ထားရပါတယ်။

အင်ကြင်းနိုင်။ ။ အဲဒီတော့ အစ္စရေးက အခုဆိုရင် ဂါဇာကမ်းမြောင်ဒေသဘက်ကို သူတို့ ထိန်းချုပ်နိုင်ပြီလို့ ကြေညာထားတယ်ပေါ့လေ။ ဒါပေမဲ့ တချိန်တည်းမှာပဲ​တဲလ်အဗစ်မြို့မှာ ကိုစံတိုပြောပုံအရဆိုလို့ရှိရင် ဗုံးလာကြဲမယ့်အန္တရာယ်အခြေအနေက ရှိတော့ လက်ရှိက သူတို့နိုင်ငံအတွင်းလုံခြုံရေးက အရမ်းတော့ မသေချာသေးတဲ့အနေအထားလို့ ပြောလို့ရလားရှင့်။

ကိုဆန်တို။ ။ လုံးဝလုံခြုံတဲ့အနေအထားတော့ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ နာရီပိုင်းလေးကပဲ တူရကီဝန်ကြီးချုပ်က ပြောသွားတာရှိပါတယ်။ အစ္စရေးဝန်ကြီးချုပ်က လူကြီးလူကောင်းမဆန်ဘူး ဆိုပြီးတော့။​ ဒီစကားလုံးတွေက ကျနောတို့ကအရမ်းလည်း သတိလည်းထားရပါတယ်။ ကြောက်လည်းကြောက်စရာကောင်းပါတယ်။ မနေ့ကဆိုလို့ရှိရင် သုံးရက်ဆက်တိုက်ပဲ လက်ဘနွမ်တောင်ပိုင်းကနေပြီးတော့ အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ပစ်တာရှိတယ်။ တဘက်ကလည်း ဆီးရီးယားနဲ့လက်ဘနွမ်ကလည်း အစ္စရေးရဲ့ရန်သူလို ဖြစ်နေတယ်။ နောက်တခါ ဒီပွဲမှာ အီရန်ပါဝင်ပတ်သက်တယ်၊ မပတ်သက်ဘူးဆိုတာလည်း အငြင်းပွါးစရာဖြစ်နေတယ်။ ဒါပေမဲ့ အများစုလက်ခံထားတာကတော့ အီရန်နောက်ကွယ်ကရှိတယ်ဆိုတာမျိုးကို ပြည်သူတွေက လက်ခံထားကြပါတယ်။ အဲဒီတော့ တူရကီကလည်းရှိတယ်။ ယီမင်တို့ဘက်ကလည်း အနေအထားတွေ လာမယ်ဆိုလို့ရှိရင် တဲလ်အဗစ်ဟာ ငြိမ်းချမ်းတယ်၊ လုံခြုံတယ်လို့ ပြောလို့ကတော့ မရသေးပါဘူး။

အင်ကြင်းနိုင်။ ။​ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကနေပြီးတော့ အစ္စရေးရဲ့စစ်ကို ပြန်ပြီးတော့ တိုက်တဲ့ စစ်ကြေညာတဲ့အပေါ်မှာ သူတို့ အပြည့်အဝထောက်ခံတယ်လို့လည်း ပြောသွားတယ်ပေါ့။ အစ္စရေးနိုင်ငံက သတင်းတွေအရရော အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ပြောတဲ့မိန့်ခွန်းနဲ့ပတ်သက်ပြီး သူတို့ ဘယ်လိုတွေ ဖော်ပြကြလဲရှင့်။ ဘယ်လိုရေးသားကြတာ တွေ့ရလဲရှင့်။

ကိုဆန်တို။ ။ အမေရိကန်သမ္မတပြောပေမဲ့လည်း သူတို့ပြည်သူတွေကတော့ လုံးဝကြီး ကျေနပ်အားရတာမျိုးတော့ မဟုတ်ဘူးပေါ့နော်၊ သူတို့ကတော့ အပြည့်အဝလိုချင်တာပေါ့။ အမေရိကန်ကလည်း သူပေးနိုင်တဲ့အတိုင်းအတာကိုပဲ​ပေးတာဆိုတော့ သူတို့ကတော့ အရမ်းကြီးတော့ ကျေနပ်အားရတဲ့အဆင့်တော့ မရှိဘူး။​ ဒါပေမဲ့တော့ ရောင့်ရဲကြတဲ့အနေအထားတော့ တွေ့ရပါတယ်။ အရင်တုန်းကဆိုရင် လူတွေက ပြောတာရှိတယ်။ အင်တာနေရှင်နယ်ကွန်မြူနတီက သူတို့ကိုပစ်ထားတယ်ပေါ့လေ။ အစ္စရေးကို အထောက်အပံ့မပေးဖို့ ဆိုတဲ့ဟာ...အဲဒါမျိုးတွေ သူတို့ပြောတယ်။ အမေရိကန်ကိုယ်တိုင်လာပြီးတော့ - ဒီနေ့ဆိုလို့ရှိရင်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အစ္စရေးကိုရောက်မယ်လို့ သိထားပါတယ်။ ဂျော်ဒန်ဘက်ကိုလည်းသွားမယ်လို့ သိထားပါတယ်။​ အခုအနေအထားမှာတော့ အမေရိကန်က ဒီလိုမျိုး နောက်မှာ မားမားမတ်မတ်ရှိတဲ့အတွက်တော့ သူတို့အနေနဲ့တော့ လုံခြုံသလိုတော့ ခံစားရတဲ့အနေအထားလေးတွေတော့ တွေ့ရပါတယ်။

အင်ကြင်းနိုင်။ ။ အခု အစ္စရေးမှာက ဟားမတ်စ်စစ်သွေးကြွတွေ ဝင်ပြီးတော့ တိုက်ခိုက်တဲ့အတွက် သူတို့ကို ချေမှုန်းတဲ့အနေနဲ့ဆိုပြီးတော့ ပါလက်စတိုင်းအရပ်သားတွေ အဓိကနေတဲ့ ဂါဇာဒေသဘက်မှာ အစ္စရေးကပြန်ပြီးတော့ တိုက်ခိုက်တဲ့အခါမှာ အရပ်သားတွေအများဆုံး သေဆုံးရတယ်ပေါ့နော်၊ အဲဒီဘက်မှာသွားပြီး ဗုံးကြဲတာတို့ ဘာတို့နဲ့ တော်တော်ပြင်းပြင်းထန်ထန် ပြန်ပြီးတော့ ချေမှုန်းတိုက်ခိုက်နေတဲ့အနေအထားကိုလည်း တွေ့ရတဲ့အခါမှာ ကိုဆန်တိုတို့ ဘယ်လိုသုံးသပ်လဲရှင့်။

ကိုဆန်တို။ ။ ဟားမတ်စ်ကတော့ အစိုးရမဟုတ်ဘူး၊ ပါလက်စတိုင်းရဲ့အစိုးရအနေနဲ့တည်ရှိနေတာမဟုတ်ဘူး။ ကမ္ဘာကြီးကလည်း သူတို့ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတာ။ ဒါပေမဲ့ ဒီ ပါလက်စတိုင်း ပြည်သူတွေကို လူသားဒိုင်းသဖွယ်အသုံးပြုနေတယ်။ အဲဒီလိုမျိုး လက်နက်အင်အားနဲ့ခြိမ်းခြောက်ပြီးတော့ အသုံးပြုနေတဲ့အခါမှာ ပြည်သူတွေကလည်း သူ့ကို ထောက်ခံကြရတယ်။​ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒါပေမဲ့ထောက်ခံတဲ့သူကတော့ အများစုကတော့ တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပဋိပက္ခတွေမဖြစ်ခင်အချိန်မှာကတည်းက ကလေးပေါက်စတွေ၊ လူငယ်တွေ၊​ သက်ကြီးရွယ်အိုတွေကအစ အစ္စရေးစစ်သားတယောက်ကိုတွေ့ပြီဆိုလို့ရှိရင် ခဲနဲ့ပစ်တာတွေ၊ လေးဂွနဲ့ထုတာတွေ နိုင်ရာနဲ့..ထုတာမျိုးတွေ ဒါမျိုးတွေ ရှိနေတဲ့အခါကျတော့ များသောအားဖြင့်ကတော့ ပါလက်စတိုင်းလူမျိုးတွေက ဟားမတ်စ်တွေကို အစ္စရေးကို မုန်းတီးစိတ်နဲ့ ထောက်ခံတဲ့အနေအထားလေးတွေတော့တွေ့ရတယ်။ ဒါပေမဲ့ ဟားမတ်စ်က ပါလက်စတိုင်းတွေရဲ့အစိုးရ မဟုတ်ဘူး၊​ အကြမ်းဖက်အဖွဲ့အစည်းဖြစ်နေတယ်။​ အဲဒီတော့ အစ္စရေးအစိုးရကနေ ဒီလိုမျိုး ဟားမတ်စ်ကိုနှိမ်နင်းတဲ့အခါမှာ ပြည်သူတွေပါ အကုန် သေကျေကြရတယ်။​ ဒီအတွက်တော့ ကျနော်တို့အနေနဲ့ စိတ်မကောင်းဖြစ်ရတယ်။ ကြားထဲကနေ ဓားစာခံတွေဖြစ်ရတဲ့အတွက်ကြောင့်၊ ဒီလို အရပ်သားတွေကို ထိခိုက်အောင်လုပ်တာကတော့ ကျနော်တို့အနေနဲ့ဒါကတော့ လက်မခံနိုင်ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG