သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ပါလက်စတိုင်းစစ်နဲ့ ဒေသခံမြန်မာများအခြေအနေ 


အစ္စရေးနိုင်ငံတောင်ပိုင်း နက်တီဗိုမြို့ကို ဂါဇာကမ်းမြောင်ဒေသကနေ ပါလက်စတိုင်းတွေက ရော့ကက်ဒုံးကျည်တွေကို တပြိုင်တည်း ပစ်ခတ်စဥ် အစ္စရေးဘက်က ကြားဖြတ်ဒုံးကျည်ကာကွဘ်ရေးစနစ်နဲ့ ကြားဖြတ် တားဆီးဖို့ စတင်ကြိုးပစ်လွှတ်နေပုံ။ (
အစ္စရေးနိုင်ငံတောင်ပိုင်း နက်တီဗိုမြို့ကို ဂါဇာကမ်းမြောင်ဒေသကနေ ပါလက်စတိုင်းတွေက ရော့ကက်ဒုံးကျည်တွေကို တပြိုင်တည်း ပစ်ခတ်စဥ် အစ္စရေးဘက်က ကြားဖြတ်ဒုံးကျည်ကာကွဘ်ရေးစနစ်နဲ့ ကြားဖြတ် တားဆီးဖို့ စတင်ကြိုးပစ်လွှတ်နေပုံ။ (

အစ္စရေးနိုင်ငံကို ဟားမတ်စ်စစ်သွေးကြွတွေ ဝင်တိုက်တဲ့ စစ်ပွဲအတွင်း ၂ ဖက်လုံးက လူပေါင်း ထောင်ကျော် သေဆုံးခဲ့ပြီဖြစ်သလို အများအပြားလည်း ဓါးစာခံ ဖမ်းဆီးခံထားရပါတယ်။ အစ္စရေးနိုင်ငံမှာ မြန်မာနိုင်ငံက လာရောက် နေထိုင်သူ တော်တော်များများရှိနေတာကြောင့် သူတို့ကြုံတွေ့ရတဲ့အခြေအနေနဲ့ ပတ်သတ်ပြီး တယ်လ်အဗိးမှာ နေထိုင်တဲ့ ဆေးဂင်မန်ကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းတင်ပြပေးထားပါတယ်။

ကိုအောင်အောင်။ ။ ဆေးဂင်မန်က တယ်လ်အဗီးမှာနေတာဆိုတော့ တိုက်ပွဲတွေစပြီးတော့ ဖြစ်ချိန်တုန်းက ဘယ်လိုကြုံရတယ်၊ နောက် လက်ရှိအခြေအနေကိုရော ပြောပြပေးပါလား။

ဆေးဂင်မန်။ ။ စနေနေ့ မနေ့ကစပြီးတော့ တိုက်ပွဲတွေဖြစ်တယ်ပေါ့။ မနေ့က sukkot holiday ပေါ့ အခုအချိန်။ sukkot holiday နောက်ဆုံးရက်ပေါ့။ ဒီမှာလည်း ပွဲတွေအများကြီးရှိပြီးတော့ မနက် ၆ နာရီခွဲလောက်မှာပဲ ဒုံးကျည်တွေ ရော့ကက်တွေလာတယ်။ စပြီးတော့ ပစ်တယ်။ ပြီးတော့ တမြို့လုံးနီးပါးပေါ့နော်- ဥသြတွေဆွဲပြီးတာနဲ့ ပြီးတော့ လေထဲမှာ ရော့ကက်ပစ်ခွဲတဲ့အသံတွေ ကြားရတယ်ပေါ့။ တဒုန်းဒုန်းနဲ့။ အဲဒါပြီးတော့ မနက် ၆ နာရီခွဲလောက်ကစပြီးတော့မှ ဆက်တိုက်ပစ်တယ်။ နာရီဝက်လောက်ပစ်ပြီးတော့မှ သူတို့ ခဏနားတယ်။ ပြီးတော့ ၈ နာရီခွဲလောက်မှာ တခါ ပြန်ပစ်တယ်။ မြို့ထဲအထိပေါ့နော်။ အဲဒီကနေပြီးတော့မှ နေ့လည်တခါပစ်တယ်။ ပြီးတော့ ည ၉ နာရီခွဲလောက်မှာ တခါထပ်ပစ်တယ်။ စုစုပေါင်း စနေနေ့တရက်တည်းကို တယ်လ်အဗစ်မြို့ထဲအထိကို ဒုံးကျည် ၄ ခေါက်လောက်တော့ ပစ်တယ်ပေါ့။ အပြင်ကတော့ ကြည့်ဖြစ်သေးတာပေ့ါ ။ မြို့ထဲမှာတော့ အဲဒီလောက်ကြီး အခြေအနေမဆိုးဘူး၊ ကောင်းကင်မှာပဲ အဓိက ဒုံးကျည်တွေ ပစ်ခွဲတဲ့အသံတွေကိုပဲ အဓိကကြားရတယ်ပေါ့။

ဒုံးကျည်တွေ၊ မီးခိုးတန်းတွေပေါ့။ အဲဒါတွေတော့ တောက်လျှောက်မြင်နေရတယ်။ စနေနေ့ တနေ့လုံးနီးပါးမှာ။

ကိုအောင်အောင်။ ။ တနင်္ဂနွေနေ့မှာကျတော့ရော။

ဆေးဂင်မန်။ ။ တနင်္ဂနွေနေ့ကတော့ မြို့ထဲကို ဒုံးကျည်တော့ မပစ်တော့ဘူး။ ဒါပေမဲ့ နယ်စပ်တွေမှာတော့ စိမ့်ဝင်လာတဲ့ ဟားမတ်စ်အဖွဲ့တွေနဲ့ စစ်သားတွေရော၊ ပြီးတော့ ကြားထဲမှာ ဒီထဲက ပြည်သူတွေနဲ့ရော ဆက်ပြီးတော့ တိုက်ပွဲတွေဖြစ်နေတယ်လို့ ကျနော်တို့ ကြားရတယ်ပေါ့။ ဒီ နယ်စပ်မြို့တွေမှာ အက်ရှ်လွန်တို့ ပြီးတော့ နယ်စပ်က မြို့တွေတလျှောက်မှာ ရော့ကက်ပစ်တာတော့ မရှိတော့ဘူး၊ အဓိက-ကတော့ စိမ့်ဝင်လာတဲ့ ဟားမတ်စ်တွေနဲ့ အစ္စရေးစစ်သားတွေ တိုက်ပွဲဖြစ်နေတဲ့အသံတွေပဲ တောက်လျှောက်ကြားနေရတာ။ သတင်းတွေက။

ကိုအောင်အောင်။ ။ အခုဆိုလို့ရှိရင် အဓိက-ကတော့ ဂါဇာကမ်းမြောင်ဒေသဘက်မှာ ဟားမတ်စ်တွေက အဓိကထားပြီးတော့ တိုက်နေတာပေါ့လေ။ ဆိုတော့...အဲဒီမှာရော မြန်မာတွေ ရှိလား၊ အဲဒီက အဲဒီကအခြေအနေလေးတွေကိုရော ကြားသလောက် ပြောပြပေးပါလား။

ဆေးဂင်မန်။ ။ ဟုတ်ကဲ့၊ အဲဒီမှာဆိုလို့ .....မှာလုပ်နေတဲ့ မြန်မာ သုံးလေးယောက်လောက် ရှိတယ်ပေါ့။ နယ်စပ်နဲ့နီးနီးနားနားဆိုရင်တော့ နီးနီးနားနားမြို့တွေမှာဆိုရင်တော့ အဲဒီမှာ သုံးလေးယောက်လောက်ပဲရှိတယ်။​ စနေနေ့မနက် တိုက်ခိုက်မှု- ဒုံးကျည်ပစ်ခတ်မှုတွေ စတင်တဲ့အချိန်ကစပြီးတော့ စိုက်ပျိုးရေးခြံမှာလုပ်နေတဲ့ နယ်စပ်က မြန်မာတွေရော၊ ကျန်တဲ့အလုပ်သမားတွေရောပေါ့-ဂျူးလူမျိုးတွေရာ နီးစပ်ရာဗုံးခိုကျင်းတွေထဲမှာဝင်ပြီးတော့ ပုန်းနေရတယ်။ ပြီးတော့ သူတို့ရဲ့ပတ်ဝန်းကျင်ပတ်လည်မှာ ဟားမတ်စ် စစ်သွေးကြွတွေက နိုင်ငံထဲအထိ ဝင်လာပြီးတော့ ပစ်ခတ်နေတဲ့အခါကျတော့ သူတို့ ဗုံးခိုကျင်းတွေထဲမှာပဲ အသံတိတ်ပြီးတော့ နေနေရတာပေါ့။ တခါတလေ စစ်သားတွေလာတဲ့အချိန်ကျ သူတို့ အပြင် ခဏ ထွက်ကြည့်တယ်။ ပြီးရင်တော့ အထဲမှာနေပြီးတော့ ရှိတာပဲ ချက်ပြုတ်စားသောက်ရတယ်။

အဓိက-ကတော့ ခေါက်ဆွဲခြောက်တွေနဲ့ ဆန်တွေ နောက်ပြီး ပေါင်မုန့်တွေ အဲဒီလောက်ပဲ ရှိတယ်။ အစားအသောက်ကတော့ လောလောဆယ်သူတို့ ဖူလုံတဲ့အနေအထားမှာမရှိဘူး။ ခက်ခဲနေတယ်။

ကိုအောင်အောင်။ ။ အစ္စရေးမှာ မကြာခဏဆိုသလို ရော့ကက်နဲ့ အခုလိုမျိုး လာပစ်တာမျိုးတွေ ရှိနေတယ်ဆိုတာမျိုးတွေကတော့ အမြဲတမ်းကြားနေရတာပေါ့။ ဆိုတော့... အခုတခါ တိုက်ခိုက်မှုနဲ့ရော ဘယ်လိုကွာခြားလဲ။

ဆေးဂင်မန်။ ။ ဟုတ်ကဲ့၊ အရင်က ဒီလိုပစ်တာမျိုး ပွဲတော်တွေ ရှိတဲ့ရက်တွေပေါ့- ပွဲတော်ရှိတဲ့လမျိုး- ဥပမာ ဒီလို ၉ လပိုင်း၊ ၁၀ လပိုင်းတွေဆိုရင် အစ္စရေးနိုင်ငံက ပွဲတော်အများဆုံးကာလတွေမှာ ပုံမှန် ဟားမတ်စ်တွေက တိုက်ခိုက်နေတာ ရှိတယ်ပေါ့။ ဒါပေမဲ့ ဒီတခေါက် ထူးဆန်းတာက ဒီလို တနေကုန်ကြီး ရော့ကက်တွေ အကြိမ်ကြိမ်ပစ်တာမျိုး၊ ပြီးတော့ ထောင်နဲ့သောင်းနဲ့ချီပြီးတော့ ကောင်းကင်မှာဝဲနေတာမျိုး ဒီလိုဖြစ်စဥ်မျိုးကတော့ မဖြစ်တာတော်တော်ကြာပြီ။ ကျနော်တို့ရှိတဲ့ တောက်လျှောက်မှာ။ ပြီးတော့ ဒီနယ်စပ်ကိုကျော်ပြီး ဟားမတ်စ်တွေဝင်လာပြီးတော့ မြို့ထဲတွေအထိ ပစ်ခတ်တယ်ဆိုတာမျိုးကတော့ အရင်က မကြုံဖူးဘူးပေါ့။

...ဒီ တယ်လ်အဗစ်လို မြို့ကြီးတွေထဲမှာ တခါတလေ ဒီအတိုင်းကြီး တယောက်စ နှစ်ယောက်စ စစ်သွေးကြွတွေ ဝင်ပြီးတော့ ပစ်တာမျိုးပဲရှိတယ်။ ဒီလို အုံလိုက် ကျင်းလိုက်ဝင်တာမျိုးကတော့ ဒီတခါ ပထမဆုံးပဲ။

ကိုအောင်အောင်။ ။ အခု လက်ရှိအခြေအနေမှာရော အစိုးရက ဘာတွေများ ညွှန်ကြားထားတာ ရှိပါသလဲ။

ဆေးဂင်မန်။ ။ ဒီမှာတော့ အဓိက-က ဥသြ အချက်ပေးသံတွေကို ဂရုစိုက်နားထောင်ကြဖို့ပေါ့၊ ပြီးတော့ အပြင်တွေ ဘာတွေမှာ ထွက်ပြီးတော့မသွားဖို့ အစိုးရက ညွှန်ထားတာရှိတယ်။ ပြီးရင် နယ်စပ်နဲ့နီးတဲ့ စိုက်ပျိုးရေးခြံတွေကလူတွေကတော့ အဓိက-က ဗုံးခိုကျင်းတွေမှာပဲ ခဏတိမ်းရှောင်ကြဖို့။ အုပ်စုလိုက်ပေါ့နော် သူတို့နေရာချပေးထားတာတွေရှိတယ်။ သူတို့ အဲလိုနေရာတွေမှာပုန်းခိုဖို့ လောလောဆယ် ညွှန်ကြားထားသေးတာပေါ့။

ကိုအောင်အောင်။ ။​နောက် ဒီ အစ္စရေးမှာဆိုလိုရှိရင် မြန်မာတွေ ဘယ်လောက်လောက် ရှိပါသလဲ။

ဆေးဂင်မန်။ ။ ကျနော် ဒီရောက်နေတာက ၂၀၁၉ - လေးနှစ်လောက်တော့ ရှိပြီပေါ့။ မြန်မာလူမျိုးတွေကတော့ ဒီမှာ နေတာက စုစုပေါင်း အယောက် ၃၀၀ လောက်တော့ ရှိမှာပေါ့။ ကျနော်တို့ ဒီမှာ အဓိက အရင်ကတည်းကတော့ နှစ်တိုင်းပေါ့နော်၊ အစိုးရဌာနတွေနဲ့ ကျောင်းသား ကျောင်းသူတွေ internsip ပုံစံနဲ့ လွှတ်တာတွေ ရှိတယ်။ ပြီးတော့ ကိုဗစ်...အခုနောက်ပိုင်း အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဒီအစီအစဥ်တွေပျက်သွားတော့ ကျောင်းသူကျောင်းသားတွေ အများစုက internship ပုံစံနဲ့လာတဲ့သူတွေ အများစုက ဒီမှာ asylum ဗီဇာနဲ့ မြို့ထဲမှာ အလုပ်လုပ်နေကြတယ်။​ တချို့ကျတော့ visit နဲ့ လာပြီးတော့ ဒီမှာပဲ​asylum ပြောင်းလျှောက်ပြီးတော့ အများအားဖြင့် စားသောက်ဆိုင်လုပ်ငန်းတွေ၊ ပြီးတော့ တခြား အိမ်သန့်ရှင်းရေးလုပ်ငန်းတွေ လုပ်နေကြတာရှိတယ်ပေါ့။

ကိုအောင်အောင်။ ။ ဟုတ်ကဲ့ပါ၊ ဆေးဂင်မန်ရေ - အခုလိုမျိုး အကျပ်အတည်းဖြစ်နေတဲ့ကာလမှာ အခုလို အဲဒီက အခြေအနေလေးတွေကို ရှင်းပြပေးတဲ့အတွက် ကျေးဇူးအထူးပဲ တင်ပါတယ်။

ဆေးဂင်မန်။ ။ ဟုတ်ကဲ့ခင်ဗျ၊ welcome ပါခင်ဗျ၊ ကျေးဇူးတင်ပါတယ်။

---------------

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG