ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်း ရှီဖာဆေးရုံကို သီတင်း နှစ်ပတ်ကြာ ၀င်ရောက်စီးနင်းပြီးတဲ့နောက် သူတို့ တပ်တွေ ပြန်ရုပ်သိမ်းလိုက်ပြီလို့ အစ္စရေး စစ်တပ်က ဒီကနေ့ ကြေညာပါတယ်။ ဟာမတ်စ်ဘက်ကတော့ ရှီဖာဆေးရုံ ကို အစ္စရေးတို့က အကြမ်းဖက် စစ်ဆင်ရေး လုပ်ဆောင်နေတယ်ဆိုပြီး စွပ်စွဲထားပါတယ်။
အစ္စရေးစစ်တပ်ကတော့ မြေပြင်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့ပြီး ဆေးရုံအတွင်း ၀င်ရောက်စီနင်းမှုမှာ စစ်သွေးကြွ ၂၀၀ လောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ အစ္စရေး တင့်ကားတွေနဲ့ တပ်ဖွဲ့ဝင်တွေ ထွက်ခွာသွားပြီးတဲ့နောက် ဒေသခံတွေ ပြန်လည်ရောက်ရှိလာချိန်မှာ ဆေးရုံအတွင်းနဲ့ အပြင်ဘက်တွေမှာ ရုပ်အလောင်းတွေ ပျံ့ကြဲနေတာကိုလည်း တွေ့ကြရပါတယ်။
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကလည်း ဂါဇာကမ်းမြောင်တောင်ပိုင်း Rafah မြို့ မှာ လုပ်မဲ့ စစ်ဆင်ရေးအစီအစဉ်ကို အတည်ပြုလိုက်ကြောင်း မနေ့ကပဲ ပြောပါတယ်။ အဲဒီမှာ ပါလက်စတိုင်း လူဦးရေ ထက်ဝက်နီးပါး စစ်ဘေး ခိုလှုံနေတာကြောင့် နိုင်ငံတကာက စိုးရိမ်မှုတွေမြင့်တက်နေချိန်မှာပဲ အစ္စရေးဝန်ကြီးချုပ်က တိုက်ခိုက်ဖို့ ကြေညာလိုက်တာပါ။
အရပ်သားတွေကို ဘေးလွတ်ရာ ရွေ့ပြောင်းပေးရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ အစ္စရေးစစ်တပ်က လုပ်ဆောင်နေတယ်လို့ ဝန်ကြီးချုပ် Netanyahu က ပြောပေမဲ့ ဘေးကင်းတဲ့ ဘယ်နေရာကို ပို့မယ်ဆိုတာကိုတော့ ပြောသွားခြင်းမရှိပါဘူး။
ဟာမတ်စ်အဖွဲ့ကို ချေမှုန်းဖို့အတွက် အစ္စရေးရဲ့ လက်တုံ့ပြန်ရေး လှုပ်ရှားမှုကြောင့် ဂါဇာမှာ လူပေါင်း ၃၂,၇၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေဖြစ်ပါတယ်။ လူပေါင်း ၇၅,၀၀၀ ကျော် ကတော့ ဒဏ်ရာရခဲ့တယ်လို့ ဂါဇာရှိ ဟာမတ်စ်အဖွဲ့ကကြီးမှူးတဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အစ္စရေးဘက်ကတော့ သေဆုံးသူတွေရဲ့ သုံးပုံတစ်ပုံဟာ စစ်သွေးကြွတွေဖြစ်တယ်လို့ ပြောပါတယ်။
Forum