သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယာယီအပစ်ရပ်ဖို့ဖိအားတွေကြား အစ္စရေးမြေပြင်တပ်များ ဂါဇာကိုထိုးစစ်ဆင်ဆဲ


အစ္စရေးဗုံးကြဲတိုက်ခိုက်မှုအတွင်း မိသားစုလိုက် သေဆုံးခဲ့တဲ့ ပါလက်စတိုင်း ရုပ်သံသတင်းထောက် Mohamed Abu Hatab အိမ်ရှေ့က လူစုလူဝေး (နိုဝင်ဘာ ၂၊ ၂၀၂၃)
အစ္စရေးဗုံးကြဲတိုက်ခိုက်မှုအတွင်း မိသားစုလိုက် သေဆုံးခဲ့တဲ့ ပါလက်စတိုင်း ရုပ်သံသတင်းထောက် Mohamed Abu Hatab အိမ်ရှေ့က လူစုလူဝေး (နိုဝင်ဘာ ၂၊ ၂၀၂၃)

ဂါဇာဒေသတွင်း လူသားချင်းစာနာမှုအကျပ်အတည်းတွေဆိုးဝါးလာတာကြောင့် တိုက်ခိုက်မှုတွေကို ယာယီဆိုင်းထားဖို့ သံတမန်ရေးကြိုးပမ်းနေတဲ့ကြားမှာပဲ အစ္စရေးက ဂါဇာကို မြေပြင်ထိုးစစ်တွေ တွန်းလုပ်နေပါတယ်။

အစ္စရေးနဲ့ ဟာမတ်စစ်သွေးကြွတွေကြား လူသားချင်းစာနာမှုအခြေအနေအရ ယာယီစစ်ရပ်ဆိုင်းဖို့ အမေရိကန်သမ္မတ Joe Biden က တိုက်တွန်းနေတာပါ။ ယာယီရပ်နားဖို့ဆိုတဲ့သဘောကတော့ အကျဉ်းသားတွေလွတ်လာရေး အချိန်ယူဖို့ဆိုတဲ့သဘောပါပဲလို့ သမ္မတဘိုင်ဒန်က ပြောခဲ့ပါတယ်။ လူပေါင်း ၁,၄၀၀ သေဆုံးခဲ့ရတဲ့ အောက်တိုဘာလ ၇ ရက်နေ့ တိုက်ခိုက်မှုအတွင်း ဟားမတ်စ်အစွန်းရောက်တွေက လူပေါင်း ၂၄၀ ကျော်ကို ဖမ်းဆီးပြန်ပေးဆွဲထားတာပါ။

အဲဒီ တိုက်ခိုက်ခံရမှုကြောင့် အစ္စရေးဘက်ကလည်း ဟားမတ်စ်တို့ကို စစ်ကြေညာပြီး ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပါလက်စတိုင်းထောင်ချီ သေဆုံးခဲ့ရပြန်ပါတယ်။ သေဆုံးသူဟာ ၉ ထောင်အထိ ရှိတယ်လို့ ဟားမတ်စ်အဖွဲ့ရဲ့ ပါလက်စတိုင်းကျန်းမာရေးဌာနက ပြောထားပါတယ်။ ဗုဒ္ဓဟူးနေ့ကတော့ ဂါဇာမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေထဲက ပထမဆုံးအသုတ်ဟာ နယ်စပ်ဖြတ်ပြီး အီဂျစ်နိုင်ငံထဲ ဝင်ရောက်ခွင့်ရလိုက်ကြပါတယ်။ အခု ကြာသာပတေးနေမှာလည်း ဂါဇာထဲက နိုင်ငံခြားသားတချို့ ဆက်ပြီး ထွက်ခွင့်ရပါတယ်။

နှစ်နိုင်ငံသားခံယူထားတဲ့ အမေရိကန်နိုင်ငံသား ၇၄ ဦး ဂါဇာကနေ ပြန်ထွက်နိုင်ခဲ့ပြီလို့ သမ္မတ Biden က ကြာသပတေးနေ့က ပြောပါတယ်။ ဂါဇာထဲမှာ နှစ်နိုင်ငံသားခံယူထားတဲ့ အမေရိကန်နိုင်ငံသားတွေ၊ အမေရိကန်နိုင်ငံတွင်းအမြဲတမ်းနေထိုင်ခွင့်ရထားသူတွေနဲ့ သူတို့မိသားစုဝင်တွေ စုစုပေါင်း တထောင်နဲ့ တထောင့်နှစ်ရာကြား ရှိမယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရသူ John Kirby က ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG