သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ဟာမတ်စ်တို့ကို ဆက်လက် စစ်ဆင်မယ်” အစ္စရေးဝန်ကြီးချုပ်


အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ရာဟုက အစိုးရ သတင်းစာရှင်းလင်းပွဲတရပ် ဂျေရုဆလင်မှာ ကျင်းပစဥ်။(စက်တင်ဘာ ၄၊ ၂၀၂၄)
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ရာဟုက အစိုးရ သတင်းစာရှင်းလင်းပွဲတရပ် ဂျေရုဆလင်မှာ ကျင်းပစဥ်။(စက်တင်ဘာ ၄၊ ၂၀၂၄)

ဂါဇာစစ်ပွဲဟာ ၁၂ လကြာကာလထဲ ဝင်ရောက်လာချိန်မှာပဲ ဂါဇာမှာရှိတဲ့ ဟာမတ်စစ်သွေးကြွတွေကို ဆက်ပြီး စစ်ဆင်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Nethanyahu က ကြုံးဝါးပြောဆိုပါတယ်။ အစ္စရေးဟာ အီရန်ရဲ့ ကြောက်စရာကောင်းတဲ့ မိစ္ဆာဝင်ရိုးတန်း အတွေးအခေါ်နဲ့ အဝိုင်းခံနေရတယ် လို့လည်း ပြောပါတယ်။

အနောက်ဖက်ကမ်းဒေသနဲ့ ဂျော်ဒန်နိုင်ငံကြားက Allenby တံတားအနီး အစ္စရေးသုံးဦးကို သေနတ်သမားက ပစ်ခတ်ခဲ့တဲ့ဖြစ်ရပ်ကိုလည်း အစ္စရေးဝန်ကြီးချုပ်က အပတ်စဉ် အစိုးရအဖွဲ့အစည်းအဝေးအတွင်း မိန့်ခွန်းမှာ ဝေဖန်ပြစ်တင်သွားပါတယ်။ အဲဒီမှာတော့ အစ္စရေးလုံခြုံရေးတပ်တွေက သေနတ်သမားတွေကို ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ဂါဇာမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှစ်ဦး၊ ကလေးငယ်နှစ်ဦးနဲ့ အရပ်ဖက်ကာကွယ်ရေးအရာရှိတဦးအပါအဝင် လူ ငါးဦး သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်တွေကတော့ ပါလက်စတိုင်းနဲ့ အပစ်အခတ်ရပ်စဲရေးမယူနိုင်တဲ့အပေါ် ၁၁ လကြာ စစ်ပွဲကိုင်တွယ်မှုနဲ့ပတ်သက်ပြီး လမ်းပေါ် ဆန္ဒပြကန့်ကွက်မှုတွေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း စစ်ပွဲရဲ့ရည်မှန်းဦးတည်ချက်တွေကို အစ္စရေးအစိုးရဘက်က အပြည့်အဝပိုင်းဖြတ်ထားတယ်ဆိုတာကို အစ္စရေးနိုင်ငံသားအများစုကြီးက သဘောပေါက် နားလည်တယ်လို့ အစ္စရေးဝန်ကြီးချုပ်က တခြားအစ္စရေးခေါင်းဆောင်တွေကို ပြောပါတယ်။

စစ်ပွဲရည်မှန်းချက်တွေကတော့ ဟာမတ်ကို အမြစ်ဖြုတ်ဖို့၊ ဓါးစားခံတွေ လွတ်မြောက်ဖို့၊ ဂါဇာဟာ အစ္စရေးကိုဘယ်တော့မှ ထပ်ပြီး မခြိမ်းခြောက်နိုင်ဖို့နဲ့ မြောက်ပိုင်းနဲ့တောင်ပိုင်းက ဒေသခံတွေ သူတို့နေရပ်ကို ဘေးကင်းစွာပြန်နိုင်ဖို့ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG