ဂါဇာကိုပေးထားတဲ့ လျှပ်စစ်မီး ဖြတ်တောက်လိုက်တယ်လို့ အစ္စရေးလ်က တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။
ဂါဇာကိုရောင်းချတဲ့ လျှပ်စစ် ဖြတ်တောက်ဖို့ အစ္စရေးလ်စွမ်းအင်ဝန်ကြီးက အစ္စရေးလ်လျှပ်စစ် ကော်ပိုရေးရှင်းကို စာပေးပို့ခဲ့တာပါ။ အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်က သတ်မှတ်ထားတဲ့ ဟားမတ်စ်အဖွဲ့ကတော့ အစ္စရေးလ်ရဲ့ အငတ်ထားရေးမူဝါဒ အစိတ်အပိုင်းတရပ်ဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းကလည်း ပါလက်စတိုင်း ၂ သန်းကျော်ရှိတဲ့ ဂါဇာဒေသကို ပစ္စည်းပို့ပေးတဲ့ လမ်းကြောင်းတွေ ဖြတ်တောက်ခဲ့ပါသေးတယ်။ နောက်တခါ ဖြတ်တောက်မှာကတော့ ရေနဲ့ လျှပ်စစ် ဖြစ်တယ်လို့ အစ္စရေးလ်က ပြောထားပါတယ်။
အပစ်ရပ် ပထမအဆင့်ရဲ့ တိုးချဲ့ အဆိုပြုချက်ကို ဟားမတ်စ်က လက်ခံအောင် ဖိအားပေးခဲ့တာပါ။ ပထမအဆင့်က ပြီးခဲ့တဲ့ ရက်သတ္တပတ်အကုန်မှာ ပြီးဆုံးခဲ့ပါတယ်။
အမြဲတမ်း အပစ်ရပ်ရေးကို ညှိနှိုင်းဖို့အတွက် အပေးအယူအဖြစ် ဟားမတ်စ် ဖမ်းဆီးထားတဲ့ ကျန် ဓားစာခံတွေရဲ့ ထက်ဝက်ကို လွှတ်ပေးဖို့ အစ္စရေးလ်က လိုလားနေပါတယ်။ ညှိုနှိုင်းဆွေးနွေးရေး ရှေ့ရောက်အောင် အားထုတ်တဲ့အနေနဲ့ ကိုယ်စားလှယ်တဖွဲ့ကို တနင်္လာနေ့မှာ ကာတာနိုင်ငံကို စေလွှတ်မယ်လို့ အစ္စရေးလ်က ပြောပါတယ်။
သက်ရောက်မှု ဘယ်လောက်အထိ ရှိမယ်ဆိုတာ မကွဲပြားသေးပေမဲ့ ဂါဇာက သောက်ရေထုတ်လုပ်တဲ့ စက်ရုံတွေကတော့ ဒီ လျှပ်စစ်မီးနဲ့ ထုတ်လုပ်နေကြရတာ ဖြစ်ပါတယ်။
Forum