သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် သတင်းစာဆရာ Danny Fenster အပေါ် နောက်ထပ်တမှုတိုး 


(Zawgyi / Unicode)

အမှုမစစ်ဆေးပဲ ၄ လကျော် အထိန်းသိမ်းခံခဲ့ရတဲ့ အမေရိကန် သတင်းစာဆရာ Danny Fenster ဟာ နောက်ထပ် ရာဇဝတ်မှု တခုနဲ့ ထပ်မံ စွဲဆိုခံရတယ်လို့ သူ့ရဲ့ ရှေ့နေက ပြောကြားလိုက်ပါတယ်။

ရန်ကုန်အခြေစိုက် Frontier Myanmar အွန်လိုင်း သတင်းနဲ့စီးပွါးရေး မဂ္ဂဇင်း အမှုဆောင် အယ်ဒီတာ Danny Fenster ကို အာဏာပိုင်တွေက မတရာအသင်းအက်ဥပဒေနဲ့ ထပ်မံစွဲဆိုတာ ဖြစ်တယ်လို့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြောင်း AP သတင်းက ကိုးကား ဖေါ်ပြပါတယ်။

သူ့အပေါ် ပထမစွဲဆိုထားတဲ့ အမှုဟာ ရာဇသတ်ကြီး အက်ဥပဒေ ပုဒ်မ ၅၀၅ - (က) လှုံ့ဆော်မှု ဖြစ်ပြီး ပြစ်မှုထင်ရှား စီရင်ခံရရင် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ပြီး အခု နောက်ထပ် စွဲဆိုခြင်း ခံရတဲ့ မတရားသင်း အက်ဥပဒေ ပုဒ်မ အရ ပြစ်မှု ထင်ရှား စီရင်ခံရရင်လည်း ထောင်ဒဏ် ၂ နှစ်က ၃ နှစ်အထိ ကျခံရနိုင်ပါတယ်။

အသက် ၃၇ နှစ်အရွယ် Danny Fenster ဟာ မြန်မာနိုင်ငံက ထွက်ခွါဖို့ လေယာဉ်ပေါ် တက်ခါနီးမှာ အဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး ဘာအကြောင်းကြောင့် ဖမ်းဆီးတယ် ဆိုတာ အတိအကျ မသိခဲ့ရပါဘူး။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ “ သတင်းသမားဟာ သတင်းသမားအလုပ်ကို လုပ်ရင် ဖမ်းစရာ အကြောင်းမရှိဘူး။ Danny Fenster ဟာ သတင်းသမားအလုပ်ထက် ပိုလုပ်ခဲ့တယ်” လို့ ပြောခဲ့ပါတယ်။

Danny Fenster ကို သူ့ကို ထိန်းသိမ်းထားရှိရာ အင်းစိန်ထောင်ဝင်း အတွင်း တရားရုံးမှာ တနင်္လာနေ့က ရုံးထုတ်စဉ် ဒုတိယအမှု ထပ်တိုးကြောင်း တရားသူကြီးက ကြေညာလိုက်တာ ဖြစ်ပြီး နောက်ထပ် အသေးစိတ်ဘာမှ မသိရဘူးလို့လည်း ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

Fenster ရဲ့ ရှေ့နေနဲ့ လုပ်ဖေါ်ကိုင်ဖက်တွေကတော့ သူဟာ တစုံတရာ အမှားအယွင်း မလုပ်ခဲ့ကြောင်း ငြင်းဆိုနေကြတာပါ။ အမေရိကန်အစိုးရနဲ့ နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းတွေကလည်း သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)









XS
SM
MD
LG