သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုကျိုအိုလံပစ်ပွဲတော် မကျင်းပဖို့ လူ ၃ သိန်းခွဲလက်မှတ်ထိုးကန့်ကွက်


တိုကျိူမြို့ရှိ ဒေသန္တရအစိုးရ ရုံးမှာ တွေ့ရတဲ့ ၂၀၂၀ အိုလံပစ်ဆိုင်းဘုတ် (ဓာတ်ပုံ- Reuters)
တိုကျိူမြို့ရှိ ဒေသန္တရအစိုးရ ရုံးမှာ တွေ့ရတဲ့ ၂၀၂၀ အိုလံပစ်ဆိုင်းဘုတ် (ဓာတ်ပုံ- Reuters)

(Zawgyi/Unicode)

ဂျပန်နိုင်ငံမှာ ကျင်းပဖို့ စီစဉ်နေတဲ့ အိုလံပစ်အားကစားပွဲတွေကို ဖျက်သိမ်းဖို့ လူပေါင်း ၃ သိန်းခွဲကျော် လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ ကန့်ကွက်လွှာ တစောင်ကို အိုလံပစ်နဲ့ မသန်စွမ်းအိုလံပစ် ကော်မတီ အကြီးအကဲတွေအပြင်၊ တိုကျိုမြို့တော် အုပ်ချုပ်ရေးမှူး Yuriko Koike ထံ သောကြာနေ့က ပေးပို့လိုက်ကြပါတယ်။

ဇူလိုင်လ ၂၃ ရက်နေ့ အားကစားပွဲတွေ စတင်ကျင်းပမယ့် တိုကျိုမြို့တော် အပါအဝင် နေရာတော်တော်များများမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ အိုလံပစ်ပွဲတော် ကျင်းပမယ့် အစီအစဉ်ကို ကန့်ကွက်လိုက်ကြတာပါ။ အားကစားပွဲတွေ ကျင်းပမယ်ဆိုရင် တန်ဖိုးရှိတဲ့ ကျန်းမာရေး လုပ်ငန်းတွေကိုလည်း သုံးရမှာဖြစ်တာကြောင့် တိုကျိုအိုလံပစ် အားကစားပွဲတော်ကို ရပ်သင့်တယ်လို့လည်း ကန့်ကွက်တဲ့ လှုပ်ရှားမှုကို ဦးဆောင်သူ တဦးဖြစ်တဲ့ Kenji Utsunomiya ကပြောပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ်ထဲ အစီအစဉ်တွေကို ဖျက်ခဲ့ရပြီးနောက် အားကစားပွဲတွေကို အစီအစဉ်အတိုင်း ကျင်းပနိုင်ဖို့ ဂျပန်အစိုးရ တာဝန်ရှိသူတွေက ရည်မှန်းထားတာပါ။ ကမ္ဘာတဝန်း ကပ်ရောဂါနဲ့ ကြုံနေရပေမဲ့ ၂၀၂၀ ပြည့်နှစ် တိုကျို အိုလံပစ် အားကစားပွဲကို ဘေးအန္တရာယ်ကင်းကင်း ကျင်းပနိုင်ဖို့ အရေးကြီးတယ်လို့လည်း တိုကျိုမြို့တော် အုပ်ချုပ်ရေးမှူးက မကြာသေးခင်ကပဲ ပြောဆိုထားပါတယ်။ ဂျပန်နိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် သောကြာနေ့မှာပဲ နောက်ထပ် ဒေသ ၃ ခုမှာ အရေးပေါ် အခြေအနေ ထပ်မံကြေညာလိုက်ပါတယ်။

Hokkaido, Okayama နဲ့ Hiroshima တို့မှာ အရေးပေါ် အခြေအနေတွေအဖြစ် ဝန်ကြီးချုပ် Yoshihide Suga သောကြာနေ့မှာ ကြေညာလိုက်တာပါ။ တချိန်တည်းမှာပဲ တိုကျိုအိုလံပစ် အားကစား ပွဲတွေကိုတော့ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းကန့်သတ်ချက်တွေ တင်းတင်းကြပ်ကြပ် ချမှတ်ပြီး ကျင်းပမယ်ဆိုရင် ဖြစ်နိုင်ကြောင်းလည်း ဝန်ကြီးချုပ်က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

......................................................................

တိုက်ရိုက် လင့်ခ်



(Unicode)





XS
SM
MD
LG