သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားရောက် ဂျပန်ဝန်ကြီးချုပ် မြန်မာ့အရေး ဆွေးနွေးဖွယ်ရှိ


ဂျပန်ဝန်ကြီးချုပ် Fumio Kishida. (မတ် ၃၊ ၂၀၂၂)
ဂျပန်ဝန်ကြီးချုပ် Fumio Kishida. (မတ် ၃၊ ၂၀၂၂)

(Zawgyi / Unicode)

ကမ္ဘောဒီးယားနိုင်ငံကို သုံးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဖနွမ်းပင်မြို့တော်မှာ တွေ့ဆုံဆွေးနွေးပွဲကို မနေ့ တနင်္ဂနွေနေ့က စတင်ခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ဦး ဆွေးနွေးပွဲတွေမှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားအနေနဲ့ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံ အကျပ်အတည်းကို ဝိုင်းဝန်းဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့ကိစ္စရပ် အပါအဝင် ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်ကို ဖြေရှင်းရာမှာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်တွေကို အဓိက ထည့်သွင်းဆွေးနွေးဖွယ်ရာ ရှိတယ်လို့ ဂျပန်အစိုးရ အရာရှိတဦးရဲ့ ပြောကြားချက်ကို ဘန်ကောက်ပို့စ်သတင်းစာမှာ ကိုးကား ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ယူကရိန်းနိုင်ငံအပေါ် ရုရှားကျူးကျော်စစ် စတင်ပြီးနောက် ရုရှားအပေါ် စီးပွားရေးအရ ပြင်းပြင်းထန်ထန် ဒဏ်ခတ်ပိတ်ဆို့ အရေးယူတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်၊ ဂျပန်နဲ့ အခြား ဖွံ့ဖြိုးပြီး အဓိကနိုင်ငံကြီး ၇ နိုင်ငံ ပါဝင်ခဲ့ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ ရုရှားအပေါ် တုံ့ပြန်မှုတွေ တညီတညွတ်တည်း မရှိဘဲ ကွဲပြားနေကြပါတယ်။

ဒီလအစောပိုင်းက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ချမှတ်ခဲ့တဲ့ ရုရှားကျူးကျော်စစ်ကို ကန့်ကွက်ပြီး ချက်ချင်းရပ်တန့်ဖို့ အရေးပေါ်ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့တဲ့ နိုင်ငံပေါင်း ၁၄၁ နိုင်ငံထဲမှာ ကမ္ဘောဒီးယား၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူ စတဲ့ အာဆီယံ ၇ နိုင်ငံ ပါဝင်ခဲ့ပြီး ဗီယက်နမ်နဲ့ လာအိုက မဲမပေးဘဲ နေခဲ့ကြပါတယ်။

ဂျပန်ဝန်ကြီးချုပ် Kishida ရဲ့ သုံးရက်ကြာ ကမ္ဘောဒီးယား ခရီးစဉ်အတွင်း နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စကိုလည်း ဆွေးနွေးဖွယ် ရှိနေပါတယ်။

ကမ္ဘောဒီးယားခရီးစဉ် မတိုင်ခင် ဂျပန်ဝန်ကြီးချုပ်ဟာ အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့ပြီး ဝန်ကြီးချုပ် Narendra Modi နဲ့ စနေနေ့က တွေ့ဆုံခဲ့ပြီးနောက် ယူကရိန်းမှာ ရုရှားရဲ့ ကျူးကျော်စစ် ဆက်ပြီးဖြစ်နေတဲ့ အခြေအနေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေအတွက် စိုးရိမ်မှုတွေ ရှိနေကြပြီး အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ဖို့ ခေါင်းဆောင်နှစ်ဦးလုံးက တိုက်တွန်းခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------

(Unicode)









XS
SM
MD
LG