သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နိုင်ငံ အာရှအိမ်နီးချင်းတွေအတွက် ကိုဗစ်ကာကွယ်ဆေး ထပ်တိုးလှူမည်


ဂျပန်နိုင်ငံမှ ပေးပို့ရောက်ရှိလာသော AstraZeneca ကာကွယ်ဆေးများ ထိုင်ဝမ်သို့ရောက်ရှိလာစဉ် (ဓာတ်ပုံ - Reuters)
ဂျပန်နိုင်ငံမှ ပေးပို့ရောက်ရှိလာသော AstraZeneca ကာကွယ်ဆေးများ ထိုင်ဝမ်သို့ရောက်ရှိလာစဉ် (ဓာတ်ပုံ - Reuters)

(Zawgyi/Unicode)

ကမ္ဘာတလွှား ကူးစက်မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇပြောင်း Delta Variant ကူးစက်တာကြောင့် ကိုဗစ် ၁၉ အကူးစက်ခံရသူ အရေအတွက် ပိုတိုးလာနေပြီး အခုအခါ အနည်းဆုံး နိုင်ငံပေါင်း ၁၀၄ နိုင်ငံ ကို ပျံ့နှံ့နေပြီလို့ ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။

ဒီကူးစက်မြန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ကာကွယ်ဆေးထိုးထားပြီးတဲ့ နိုင်ငံတွေမှာပါ ပျံ့နှံ့နေတာပါ။ အထူးသဖြင့် အကာအကွယ် မလုပ်သူတွေနဲ့ ကျန်းမာရေး အားနည်းသူတွေ ကို ကူးစက်နေတာမို့ ကိုဗစ် ကာကွယ်ဆေးထိုး အစီအစဉ်တွေ ထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးတဲ့ နိုင်ငံတွေမှာအခြေနေဟာ သိပ်ကို ဆိုးဝါးလာနေတယ်လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က မနေ့က ဂျနီဗာရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီသီတင်းပတ်အတွင်း ထိုင်ဝမ်နဲ့ တခြားအိမ်နီးချင်းနိုင်ငံတွေကို ဂျပန်နိုင်ငံက AstraZeneca COVID-19 ကာကွယ်ဆေး ထပ်တိုးလှုဒါန်းသွားမယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Toshimitsu Motegi က ဒီကနေ့ ပြောလိုက်ပါတယ်။

ရှိထားတဲ့ သဘောတူချက် အစီအစဉ်တွေအရ အင်ဒိုနီးရှား၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်ကို ကြာသပတေးနေ့မှာ ဂျပန်နိုင်ငံက ကာကွယ်ဆေး ၁ သန်းစီပေးပို့ သွားမယ်လို့ ဝန်ကြီး Motegi ကပြောပါတယ်။

ချမ်းသာတဲ့နိုင်ငံတွေက ဆင်းရဲတဲ့ နိုင်ငံတွေကို ကာကွယ်ဆေး မျှဝေ လှုဒါန်းတဲ့ COVAX အစီအစဉ်ကနေတဆင့် ဒီလအတွင်း ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အီရန်၊ လာအို၊ နီပေါ၊ သီရိလင်္ကာနိုင်ငံနဲ့ ပစိဖိတ်ကျွန်းနိုင်ငံတွေကို ကာကွယ်ဆေး ၁၁ သန်း ဂျပန်က ထပ်ပြီးလှုဒါန်းဖို့ရှိတယ်လို့လည်း ပြောပါတယ်။

COVAX အစီအစဉ်အတွက် ဂျပန်နိုင်ငံက ရန်ပုံငွေ ဒေါ်လာ သန်း ၁ ထောင်နဲ့ ကာကွယ်ဆေး သန်း ၃၀ လှူဒါန်းဖို့ ကတိပြုထားပါတယ်။ ဂျပန်နိုင်ငံထုတ် AstraZeneca COVID-19 ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဇူလိုင်လ ၉ ရက်နေ့မှာ အသုံးပြုခွင့်ချပေးခဲ့တာပါ။ ချမ်းသာတဲ့ နိုင်ငံတွေအနေနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေကို ကာကွယ်ဆေးတွေ ဦးစားပေးမျှဝေပေးဖို့ WHO ကလည်း တိုက်တွန်းထားပါတယ်။
အခုအချိန်ထိဆိုရင် တကမ္ဘာလုံး အတိုင်းအတာနဲ့ ကိုဗစ်ကူးစက်ခံရသူ ၁၈၆ သန်းကျော်နဲ့ သေဆုံးသူက ၄ သန်းကျော်ရှိပါပြီ။

တိုက်ရိုက် လင့်ခ်

.............................................................................................


(Unicode)







XS
SM
MD
LG