(Zawgyi / Unicode)
မြန်မာနိုင်ငံတွင်းမှာ စစ်အာဏာရှင် ကျရှုံးရေးနဲ့ အဖမ်းခံနေရသူတွေ ပြန်လွတ်မြောက်ရေး ဆန္ဒပြလှုပ်ရှားနေတဲ့ ပြည်သူတွေနဲ့အတူ တသားတည်း ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ ပြည်ပရောက် မြန်မာတွေကလည်း စနေ၊ တနင်္ဂနွေနေ့တိုင်း ချီတက် ဆန္ဒပြပွဲတွေ နိုင်ငံတွင်းက လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် ရန်ပုံငွေရှာတာတွေ လုပ်ဆောင်နေကြပါတယ်။
အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်မှာ တည်ထားတဲ့ လောကချမ်းသာ စေတီတော်မှာ အမေရိကန်ရောက် မြန်မာတွေ စုဝေးပြီး အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇူလိုင်လ ၄ ရက် တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ရည်ရွယ်တဲ့ ရန်ပုံငွေဈေးပွဲတော် ပြုလုပ်ခဲ့ပါတယ်။
ဒီဈေးပွဲတော်မှာ ကောက်ခံရရှိတဲ့ ရန်ပုံငွေတွေကို မြန်မာနိုင်ငံမှာ လက်ရှိ လိုအပ်နေတဲ့ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် သုံးမှာဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ပံ့ပိုးပေးတဲ့ SDMB (Support for Democracy Movement in Burma) အဖွဲ့က ပြောပါတယ်။
ဂျပန်ရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားတွေက ဦးဆောင်ပြီး စင်ကာပူ၊ မလေးရှား၊ ထိုင်းနဲ့ တောင်ကိုရီးယားရောက် မြန်မာတွေ ပါဝင်တဲ့ MNSO (Myanmar Nationalities' Support Organization - Japan) ကတော့ တနင်္ဂနွေနေ့မှာ အွန်လိုင်းကနေ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။
“ဒီ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားမှု၊ ပြည်သူလူထုတွေကို သတ်ဖြတ်မှု၊ ဖမ်းဆီးမှုတွေကို ကျနော်တို့အားလုံးက ရှုတ်ချတဲ့အနေနဲ့ အွန်လိုင်းပေါ်ကနေ ရှုတ်ချပွဲတွေ ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။”
တောင်ကိုရီးယားနိုင်ငံမှာလည်း မြန်မာနိုင်ငံအတွက် ဇူလိုင်လ ၁ ရက်ကနေ ၃ ရက်အတွင်း ကောက်ခံရရှိတဲ့ အလှူငွေ ကိုရီးယားဝမ် တသန်းနီးပါးကို CDM ဝင်နေသူတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့အသက်အိုးအိမ် ကာကွယ်စောင့်ရှောက်ရေးအတွက် တာဝန်ယူထားသူတွေနဲ့ Gen Z အပါအဝင် ပြည်တွင်းက ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေဆီ ပေးပို့ လှူဒါန်းခဲ့တယ်လို့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကော်မတီ - ကိုရီးယားအဖွဲ့က ပြောပါတယ်။
----------------------
(Unicode)