သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံဂျပန်သတင်းထောက်ကို လုပ်ကြံသတင်းဖြန့်မှုနဲ့ စွဲချက်တင်


ဂျပန် အလွတ်သတင်းထောက် Yuki Kitazumi ။ (မှတ်တမ်းဓာတ်ပုံ)
ဂျပန် အလွတ်သတင်းထောက် Yuki Kitazumi ။ (မှတ်တမ်းဓာတ်ပုံ)

[Zawgyi/Unicode]

ဂျပန် အလွတ်သတင်းထောက် Yuki Kitazumi ကို လုပ်ကြံသတင်းဖြန့်ချီမှုနဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်တဲ့ တနင်္လာနေ့မှာ စစ်ကောင်စီက စွဲချက်တင်လိုက်တယ်လို့ ဂျပန်အခြေစိုက် ကျိုဒိုသတင်းဌာန သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Kitazumi ဟာ ဧပြီလ ၁၈ ရက်နေ့က ဒုတိယအကြိမ်မြောက် အဖမ်းခံရပြီးတဲ့နောက် အခုလို စွဲချက်တင်ခံရတာပါ။ ဖေဖော်ဝါရီလတုန်းကလည်း ပထမတကြိမ် ရိုက်နှက် ဖမ်းဆီးခံခဲ့ရပေမယ့် ပြန်လွတ်လာခဲ့ပါတယ်။

ရန်ကုန်၊ အင်းစိန်ထောင်မှာ ချုပ်နှောင်ခံထားရတဲ့ Kitazumi မှာ ကျန်းမာရေးပြဿနာမရှိဘူးလို့ အမည်မဖော်တဲ့ ဂျပန်သံရုံး တာဝန်ရှိသူတဦးကို ကိုးကားပြီး ကျိုဒိုသတင်းမှာ ရေးထားပါတယ်။

မြန်မာနိုင်ငံကို အကူအညီပေးတဲ့ထဲမှာ ထိပ်တန်းနိုင်ငံတခုဖြစ်တဲ့ ဂျပန်နိုင်ငံက Kitazumi လွတ်မြောက်ရေးအတွက် ဖိအားပေးတောင်းဆိုနေပါတယ်။

"ဖမ်းဆီးခံထားရတဲ့ ဂျပန်နိုင်ငံသား အမြန်ဆုံး ပြန်လွတ်လာဖို့ ကျနော်တို့ အစွမ်းကုန် ဆက်ပြီး ကြိုးစားသွားပါမယ်။" လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က ဗြိတိန်နိုင်ငံခရီးစဉ်တခုအတွင်း ဂျပန်သတင်းထောက်တွေကို ပြောခဲ့တဲ့အကြောင်း နိုင်ငံပိုင် NHK ရုပ်သံသတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် စုစုပေါင်း အယောက် ၅၀ ရှိတဲ့ထဲက ၂၅ ယောက်ကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၂၉ ယောက်ကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ကို ကိုးကားပြီး AFP သတင်းမှာရေးထားပါတယ်။

ဖမ်းဆီးထားတဲ့ သတင်းထောက်တွေအားလုံးကို ပြန်လွှတ်ပေးဖို့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂအဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG