သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း ကျူးကျော်ခံရရင် ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ သမ္မတ Biden ပြောကြား


အမေရိကန်သမ္မတ Joe Biden. (ဒီဇင်ဘာ ၃၀၊ ၂၀၂၁)
အမေရိကန်သမ္မတ Joe Biden. (ဒီဇင်ဘာ ၃၀၊ ၂၀၂၁)

(Zawgyi)

တကယ်လို့ ရုရှားက ယူကရိန်းကို ကျူးကျော်လာမယ်ဆိုရင် အမေရိကန်နဲ့ သူ့မဟာမိတ်တွေအနေနဲ့ ပြတ်ပြတ်သားသား တုံ့ပြန်မှာဖြစ်ကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskiy ကို အမေရိကန်သမ္မတ Joe Biden က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

ယူကရိန်း အရှေ့ဘက်နယ်စပ်တကြောမှာ ရုရှားက စစ်အင်အား အလုံးအရင်း ချထားတဲ့အတွက် အခြေအနေ တင်းမာနေတာကို လျော့ပါးအောင် သံတမန်ရေး နည်းလမ်းတွေနဲ့ ကြိုးပမ်းဖို့ ခေါင်းဆောင် ၂ ဦး တယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးခဲ့တာပါ။

ရုရှားနယ်စပ်က ယူကရိန်းနိုင်ငံ Donbas မြို့မှာ ကြုံနေရတဲ့ တင်းမာမှုတွေ လျော့ပါးရေး Minsk သဘောတူညီချက်ကို အကောင်ထည်ဖော်ရေး သံတမန်နည်းအရ လုပ်ဆောင်ဖို့အတွက် ခေါင်းဆောင် ၂ ဦး ဆွေးနွေးခဲ့ကြတာဖြစ်ကြောင်း ဆွေးနွေးပွဲအပြီးမှာ သမ္မတအိမ်ဖြူတော် ပြောခွင့်ရ Jen Psaki က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

အမေရိကန်အနေနဲ့ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေး အတွက် ဆောင်ရွက်မှာဖြစ်ကြောင်း သမ္မတ Biden က ထပ်လောင်း ကတိပေးခဲ့ကြောင်းလည်း ပြောပါတယ်။

အရင် ဆိုဗီယက်သမ္မတနိုင်ငံတခု ဖြစ်ခဲ့တဲ့ ယူကရိန်းနဲ့ နယ်စပ်တလျှောက်မှာ ရုရှားက တပ်အင်အား တသိန်းလောက် ချထားတာကို ပြန်ရုပ်သိမ်းဖို့ ရုရှားသမ္မတ Vladimir Putin ကို သမ္မတ Biden ရဲ့ ပြောဆိုမှုတွေမှာ တိုးတက်မှုက အနည်းအကျဉ်း ရှိခဲ့တာပါ။ ခေါင်းဆောင် ၂ ဦး ပြီးခဲ့တဲ့ ကြာသပတေးနေ့က မိနစ် ၅၀ ကြာ တယ်လီဖုန်းဆက်သွယ် ပြောကြားခဲ့ရာမှာတော့ သမ္မတ Biden က တကယ်လို့ ရုရှားဘက်က ယူကရိန်းကို ဝင်သိမ်းမယ်ဆိုရင် အမေရိကန်နဲ့ အနောက်နိုင်ငံ မဟာမိတ်တွေက ရုရှားကို ကြီးမားတဲ့ စီးပွားရေးဒဏ်ခတ်မှုတွေ ချမှတ်ဖို့ရှိကြောင်း သတိပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၁၄ မှာ ရုရှားက ယူကရိန်းပိုင် Crimea ကျွန်းဆွယ်ကို ဝင်ရောက်သိမ်းပိုက်ခဲ့တဲ့အတွက် အနောက်နိုင်ငံတွေက ကန့်ကွက်ခဲ့သလို သိပ်မပြင်းထန်တဲ့ ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့တာပါ။

တကယ်လို့ ရုရှားအပေါ် ပိုပြင်းထန်တဲ့ ဒဏ်ခတ်မှုတွေ ချလာမယ်ဆိုရင် အမေရိကန်နဲ့ ရုရှားတို့ကြား ဆက်ဆံရေးဟာ လုံးဝ ပြိုကွဲသွားနိုင်တယ်လို့ ပြီးခဲ့တဲ့သီတင်းပတ် သမ္မတ ၂ ဦး ဆက်သွယ်ပြောကြားစဉ်မှာ ရုရှားသမ္မတ Putin က သမ္မတ Biden ကို ပြောခဲ့တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။

ရုရှားနဲ့ အမေရိကန် အရာရှိတွေကြား ဒီလအတွင်း သီးခြားဆွေးနွေးမှု ၃ ကြိမ်ပြုလုပ်ဖို့ ရှိတယ်လို့ သမ္မတအိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ နှစ်ဖက်ဆွေးနွေးပွဲကို ပထမအကြိမ် ပြုလုပ်မှာဖြစ်ပြီး NATO - ရုရှားကောင်စီနဲ့ရော OSCE ဥရောပနိုင်ငံများ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့ပါ ဆွေးနွေးပွဲတွေ ကျင်းပဖို့ရှိကြောင်း ပြောကြားထားတာပါ။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)










XS
SM
MD
LG