သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း နယ်စပ် ရုရှား တပ်ဖွဲ့တွေ ဆက်လက် တပ်စွဲနေဆဲ 


(Zawgyi / Unicode)

အမေရိကန် သမ္မတ Joe Biden နဲ့ ရုရှား သမ္မတ Vladimir Putin တို့ ဒီလ အစောပိုင်းက ၂ နာရီကြာ ဗွီဒီယို က တဆင့် ဆွေးနွေးခဲ့ကြပြီးချိန်က စလို့ ရုရှားတို့ဟာ ယူကရိန်းနယ်စပ် စစ်ရေး တည်ဆောက်မှုကို လျှော့ချတာ မရှိသေးဘူးလို့ အနောက် အုပ်စု လုံခြုံရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ရုရှား အနေနဲ့ ယူကရိန်းကို ကျူးကျော်ခဲ့ရင် ဆိုးရွားတဲ့ ပေးဆပ်ရမှုတွေ ရှိလာလိမ့်မယ်လို့ သမ္မတ Biden က ရုရှား သမ္မတ Putin ကို သတိပေးခဲ့ပေမဲ့ ရာနဲ့ချီတဲ့ ရုရှား တင့်ကားတွေ၊ howitzer အမြောက်ကြီးတွေ၊ လူမပါဘဲ လှည့်ပတ် ပစ်ခတ်နိုင်တဲ့ အမြောက်တွေနဲ့ သောင်းနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေဟာ ပြန်ဆုတ်သွားခြင်း မရှိသေးပါဘူး။

သမ္မတ နှစ်ဦး တွေ့ဆုံပြီး ၂ ရက်အကြာမှာဘဲ ရုရှားရဲ့ စိန့်ပီတာစဘာဂ့်မြို့က စက်ယန္တရားတွေ တပ်ဆင်ထားတဲ့ ခြေလျင်တပ်ဖွဲ့တွေဟာ ယူကရိန်း နယ်စပ်နဲ့ မိုင် ၆၀ အကွာမှာ တပ်စွဲလာတယ်လို့ ဗြိတိန် အခြေစိုက် Janes Intelligence ကုမ္ပဏီက ဖော်ပြပါတယ်။

ဒါပေမဲ့ အမည်မဖော်တဲ့ အမေရိကန် ထောက်လှမ်းရေး အရာရှိတွေနဲ့ ဥရောပ လုံခြုံရေး အရာရှိတွေကတော့ ရုရှား အနေနဲ့ ကျူးကျော်မဲ့ အရိပ်အယောင် မမြင်ရသေးဘူးလို့ ပြောကြပါတယ်။

လောင်စာဆီတွေ ပိုမိုစုဆောင်းတာ၊ ခဲယမ်းမီးကျောက် စုပြုံ သိုလှောင်တာတွေလို သော့ချက်ကျတဲ့ အရွှေ့အပြောင်းတွေ မတွေ့ရသေးဘူးလို့လည်း ဆိုပါတယ်။

အခုအချိန်ထိ တပ်စွဲထားသူ ရုရှား တပ်ဖွဲ့ဝင် ၁ သိန်းအောက်သာ ရှိနေသေးပြီး တကယ်လို့ ယူကရိန်းကို ကျူးကျော်မယ် ဆိုရင်တော့ ၂ သိန်း နီးပါး တပ်စွဲထားလိမ့်မယ်လို့လည်း တွက်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်


(Unicode)








XS
SM
MD
LG