သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Adani ကုမ္ပဏီကို လုပ်ငန်းလိုင်စင်ချမပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေတောင်းဆို


Adani ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုံ စီမံကိန်းကုမ္ပဏီပိုင် အိန္ဒိယ ဆိပ်ကမ်းတခု ( ဓာတ်ပုံ - Reuters)
Adani ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုံ စီမံကိန်းကုမ္ပဏီပိုင် အိန္ဒိယ ဆိပ်ကမ်းတခု ( ဓာတ်ပုံ - Reuters)

(Zawgyi/Unicode)

မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ ပူးပေါင်း လုပ်ဆောင်နေတဲ့အတွက် အိန္ဒိယအခြေစိုက် Adani ဆိပ်ကမ်းတည်ဆောက်ရေးကုမ္ပဏီကို အမေရိကန်အစိုးရအနေနဲ့ လုပ်ငန်းလုပ်ခွင့်လိုင်စင် ချမပေးဖို့ Justice for Myanmar အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ကြပါတယ်။

Adani ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုံ စီမံကိန်းကုမ္ပဏီ Adani Port & SEZ ဟာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းအတွက် ရန်ကုန်မြို့မှာ ဆိပ်ကမ်းစီမံကိန်း တည်ဆောက်ပေးခြင်းအားဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ကို ဘဏ္ဍာငွေကြေး ထောက်ပံ့ပေးရာရောက်တာကြောင့် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်နေတဲ့ Justice for Myanmar အဖွဲ့နဲ့ သြစတေးလျအခြေစိုက် နိုင်ငံတကာ တရားမျှတမှုဌာန Australian Center for International Justice အဖွဲ့တို့က အမေရိကန်ဘဏ္ဍာရေးဌာန၊ ပြည်ပပိုင်ဆိုင်မှုကွပ်ကွဲရေးရုံး OFAC ထံ လုပ်ငန်းလုပ်ခွင့်လိုင်စင် ချမပေးဖို့ တောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေနဲ့ အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ MEC (မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း) အပါအဝင် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေအပေါ် အမေရိကန် ဘဏ္ဍာရေးဌာနက အခုနှစ် မတ်လအတွင်း ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ခဲ့တာပါ။

အမေရိကန်ဘဏ္ဍာရေးဌာနက မြန်မာစစ်တပ်အပေါ် ချမှတ်လိုက်တဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့ ညိစွန်းနေတဲ့အတွက် Adani ဆိပ်ကမ်းတည်ဆောက်ရေး ကုမ္ပဏီကိုပါ အရေးယူပေးဖို့လိုအပ်ကြောင်း Justice for Myanmar အဖွဲ့က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ညိစွန်းနေရင် မြန်မာနိုင်ငံမှာ တည်ဆောက်နေတဲ့ ဆိပ်ကမ်းစီမံကိန်းကို ရပ်ဆိုင်းကောင်း ရပ်ဆိုင်းမယ်လို့ Adani ကုမ္ပဏီက မေလ အစောပိုင်းမှာ ပြောကြားထားပါတယ်။

.............................................................................................


(Unicode)






XS
SM
MD
LG