သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံကချင်ဘာသာရေးခေါင်းဆောင်နှစ်ဦး ပြန်လွတ်ရေး KBC ကြိုးပမ်းနေ


ဖမ်းဆီးခံကချင်ဘာသာရေးခေါင်းဆောင်နှစ်ဦး (MOI)
ဖမ်းဆီးခံကချင်ဘာသာရေးခေါင်းဆောင်နှစ်ဦး (MOI)

ကချင်ဘာသာရေးခေါင်းဆောင်နှစ်ဦးကို မတရားအသင်းဆက်သွယ်မှုနဲ့ တပ်မတော်က တရားစွဲဆိုပြီး ထောင်ဒဏ်အသီးသီးချမှတ်ခဲ့တဲ့အမှုကို ခရိုင်အဆင့်တရားရုံးကို အယူခံဝင်မှာဖြစ်ပြီး သူတို့နှစ်ဦး အမြန်ဆုံးပြန်လည် လွတ်မြောက်ရေး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို စာပေးပို့တောင်းဆိုသွားမှာဖြစ်တယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အဖွဲ့ဝင်တွေ စုဝေးဆွေးနွေးခဲ့ကြတဲ့ အစည်းအဝေးကနေ နိုင်ငံတော်အဆင့်အထိ စာပေးပို့တောင်းဆိုသွားဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ရှမ်းပြည်နယ် မုံးကိုးမြို့နယ်က ကချင်နှစ်ခြင်းခရစ်ယာန်အသင်း ဥက္ကဋ္ဌ ဦးဒွမ်ဒေါ့နာင်လတ်နဲ့ သင်းအုပ်ဆရာ ဦးလမ်ဂျော်ဂမ်ဆိုင်း တို့ကို မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇(၁) အပါအဝင် တပ်မတော်အပေါ် အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ ပို့ကုန်သွင်းကုန်ဥပဒေတွေနဲ့ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၇ရက်နေ့က လားရှိုးတရားရုံးကနေ သူတို့နှစ်ဦးကိုပြစ်ဒဏ်တွေ ချမှတ်လိုက်တာဖြစ်ပါတယ်။ ဦးနောင်လတ်ကိုတော့ ထောင်ဒဏ် ၄ နှစ် နဲ့ ၃ လ ချမှတ်ခဲ့ပြီး၊ ဦးဂမ်ဆိုင်းကိုတော့ ၂ နှစ် နဲ့ ၃ လ ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အခုလိုသူတို့နှစ်ဦးကို ပြစ်ဒဏ်တွေ ချမှတ်လိုက်တဲ့အပေါ်ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမှာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC က အထူးအစည်းအဝေးခေါ်ပြီး ဘာသာရေးခေါင်းဆောင်နှစ်ဦး လွတ်မြောက်ရေး ဆွေးနွေးခဲ့ကြတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ရဲ့ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆွမ်ဆွမ်က ပြောပြပါတယ်။

“ကျနော်တို့ရှေ့နေက မြို့နယ်မှာ စီရင်ချက်ချတဲ့အတွက်ကြောင့်မို့လို့ ခရိုင်ကို အယူခံစာ တင်ထားပြီးပြီ။ ဒီကိစ္စအတွက် အခု KBC က လည်းဒါကို ဒီနေ့အစည်းအဝေးဆုံးဖြတ်ချက်အရ သက်ဆိုင်ရာ နိုင်ငံတော်သမ္မတဆီကို စာရေးပြီးတော့မှ တောင်းဆိုဖို့ သူတို့ရဲ့လွှတ်မြောက်ရေးအတွက်။ ပြီးရင် ဒါကို မိတ္တူကို ကာကွယ်ရေးဦးစီးချုပ်တို့၊နိုင်ငံတော်အတိုင်ပင်ခံတို့ ပြီးရင် သက်ဆိုင်ရာတိုင်းတွေကို စာရေးဖို့ ကျနော်တို့အခုဆုံးဖြတ်ပြီးမှ မနက်ဖြန်လောက်ဆိုရင် ကျနော်စာပို့ဖြစ်မယ်ထင်တယ်။”

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းခေါင်းဆောင်နှစ်ဦးကို အခုလို ပြစ်ဒဏ်တွေချမှတ်လိုက်တဲ့အပေါ်မှာ စိုးရိမ်ပူပင်မိကြောင်း ရန်ကုန်မြို့အမေရိကန်သံရုံးကလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် သူတို့ကိုထိန်းသိမ်းထားစဉ် ညှင်းပန်းနှိပ်စက်ခံရမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေအပေါ် စိုးရိမ်မိသလို၊ မတရားအသင်းနဲ့ ဆက်သွယ်မှုဥပဒေ အပါအဝင် တခြားဥပဒေတွေနဲ့ နိုင်ငံသားတွေအပေါ် တရားမဲ့ဖမ်းဆီးနေတာတွေကို ရပ်တန့်ဖို့လည်း အမေရိကန်က တောင်းဆိုလိုက်ပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အသင်း ဥက္ကဋ္ဌဖြစ်သူ ဦးဒွမ်ဒေါ့နောင်လတ်ရဲ့ ကျန်းမာရေး ကလည်း အထူးစိုးရိမ်စရာဖြစ်နေတယ်လို့ ဒေါက်တာခလွမ်ဆွမ်ဆပ်ကပြောပါတယ်။

“ပဋိပက္ခဖြစ်တဲ့နေရာမှာ အဲဒီပုဒ်မနဲ့ စွဲဆိုပြီးမှ စီရင်ချက် ချတာဆိုရင် အားလုံးကိုထိတ်လန့်စေတာပေါ့။ ပြီးရင် ကျနော်တို့ဒါ အသင်းတော်မှာ ဥက္ကဋ္ဌဖြစ်နေတဲ့ ပုဂ္ဂိုလ်နဲ့ ဓမ္မဆရာ ဖြစ်နေတော့ ပိုပြီးတော့ စိတ်မကောင်းဘူးပေါ့။ ဘာသာရေးခေါင်းဆောင်တွေကို ဒီလိုလုပ်ခြင်းကတော့ အားလုံးကို ထိခိုက်စေတာပေါ့ ငြိမ်းချမ်းရေးကို ရှေးရှုတဲ့အနေနဲ့ လွှတ်ပေးဖို့ တောင်းဆိုတယ်။ နောက်ပြီးတော့ ဦးဒွမ်ဒေါ့နောင်လတ် ကလည်း အသက်ကြီးတဲ့အတွက် ကျန်းမာရေးက စိုးရိမ်စရာရှိပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကြား အပစ်အခတ်ရပ်စဲနိုင်ဖို့ နိုင်ငံတော်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဆောင်ရွက်နေတဲ့အချိန်မှာ ယုံကြည်မှုတည်ဆောက်နေတာတွေကို ထိခိုက်သွားနိုင်တယ်လို့လည်း ဒေါက်တာခလမ်ဆွမ်ဆမ်က ပြောပါတယ်။

“လက်တွေ့အကောင်ဖော်တဲ့နေရာမှာ အခုဖြစ်တဲ့ ကိစ္စတွေကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်ဆိုတာ ပြောချင်တာပေါ့။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးဆိုတာပြောနေပြီးမှ တကယ့်လက်တွေ့ အသေးအမွားကနေအစ ကျနော်တို့က လစ်လျူရှုလိုက်မယ်ဆိုရင် ကျနော်တို့မျှော်မှန်းထားတဲ့ အကြီးကြီးဖြစ်တဲ့ ငြိမ်းချမ်းရေးက ဘယ်လိုမှမရနိုင်ဘူးပေါ့ ဘာဖြစ်လို့လဲဆိုတော့အခု လူကြီးတွေက ငြိမ်းချမ်းရေးဆိုပြီးမှပဲ စားပွဲပေါ်မှာဆွေးနွေးနေတယ် အောက်ခြေမှာ ဖြစ်တဲ့ဟာကို မသိဘူးပေါ့ ဘယ်လိုမှ ငြိမ်းချမ်းရေးကို တည်ဆောက်လို့မရဘူးပေါ့။”

စစ်ရေးတင်းမာမှုတွေဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာပြီးခဲ့တဲ့ ၂၀၁၆နှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ဖြစ်ပွားခဲ့တဲ့ မုံကိုးဒေသ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေကို လိုက်လံ ပြသခဲ့လို့ဆိုပြီး မုံးကိုးမြို့နယ်က ကချင်နှစ်ခြင်းခရစ်ယာန်အသင်း ဥက္ကဋ္ဌ ဦးဒွမ်ဒေါ့နာင်လတ်နဲ့ သင်းအုပ်ဆရာ ဦးလမ်ဂျော်ဂမ်ဆိုင်း တို့ကို ဒီဇင်ဘာလ (၂၄)ရက်နေ့မှာ ဗျူဟာမှူးက ဆင့်ခေါ်ခဲ့ပြီးနောက် မူဆယ်ရဲစခန်းမှာ ထိန်းသိမ်းထားရတဲ့ အကြောင်းကြားစာရရှိပြီး သူတို့၂ ဦးကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၁၇/၁ နဲ့ ၁၇/၂ တို့နဲ့ တပ်မတော်ဘက်က တရားစွဲဆိုခဲ့တာဖြစ်တယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG