သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားသူကြီး ချိန်ခွင်ပျက်ပေးမှုနဲ့ ကချင်တက်ကြွလှုပ်ရှားသူ ထောင် ၃ လကျ


(ဓါတ်ပုံ- Kachin Youth movement )
(ဓါတ်ပုံ- Kachin Youth movement )

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တရားခွင်တစ်ခုမှာ တရားသူကြီးကို ချိန်ခွင်ပျက်တစ်ခု ပေးလိုက်တဲ့ ကချင်လူငယ် တက်ကြွလှုပ်ရှားသူ တစ်ဦးကို ဒီကနေ့ တရားရုံးက ထောင်ဒဏ် ၃လချမှတ်လိုက်ပါတယ်။ အရင် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့မှုနဲ့ ထောင်ဒဏ် ၁၅ ရက်ကျခံထားရပြီးဖြစ်တဲ့ သူတဦးကို အခုလို ပြစ်ဒဏ် ထပ်မံ ချမှတ်လိုက်တဲ့ အပေါ်ကချင်လူငယ်တွေအကြား လက်ရှိ တရားစီရင်ရေးနဲ့ပတ်သက်လို့ မကျေနပ်မှုတွေ ထွက်ပေါ်နေပါတယ်။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ။

တရားသူကြီးကို တရားခွင်အပီးမှာ ချိန်ခွင်အပျက်တစ်ခု ပေးလိုက်တာကြောင့် ကချင်လူငယ် တက်ကြွလှုပ်ရှားသူ ကိုပေါလုကို တရားရုံးကို မထီမဲ့မြင်ပြုမှု ပုဒ်မ ၂၂၈ အရ ထောင်ဒဏ် ၃လ ချမှတ်လိုက်တာဖြစ်တယ်လို့သူ့ရဲ့ရှေ့နေ ဦးမာခါးက အခုလိုပြောပါတယ်။

"ဆိုတော့ ဥပမာ နိုင်ငံတကာ မှာဆိုလည်း ဒီလိုပဲ တရားသူကြီးအချင်းချင်းပဲ ဒီ နိုင်ငံတော် သမ္မတကြီးကို မကျေနပ်တဲ့အချက်တွေ ရှိရင် ဒါက သူက အဲ့ဒီ သမ္မတရဲ့ ပုံတွေကို မီးရှို့တယ်၊ ခြေထောက်နဲ့ နင်းတယ်၊ အမျိုးမျိုးပေါ့ ရှုတ်ချတယ်။ ဒါက လုပ်ကျတယ်။ အခု ဒါက အဲ့လောက်အထိ အဆင့်မဟုတ်ဘူး။ ဒါက ယဉ်ယဉ်ကျေးကျေးနဲ့ ပြောဆိုတာက စော်ကားတာ မဟုတ်ဘူး။ အဲ့ဒီဟာကို သူက စော်ကားတယ် မှတ်တယ်ဆိုတော့ ဒါတော့ ဒီလိုမျိုး ပြစ်ဒဏ်ချတယ်ဆိုတော့ မဖြစ်သင့်တဲ့ တရားလည်း မစွဲသင့်ဘူး။ ပြစ်ဒဏ်လည်း မချသင့်တဲ့ ကိစ္စပေါ့နော်။"

စစ်ရှောင်ဒုက္ခသည်တွေရဲ့ဘဝကို ကချင်စစ်ပွဲ ၈နှစ်ပြည့်မှာ သရုပ်ဖော်တင်ဆက်ခဲ့လို့ စက်တင်ဘာ ၂ရက်နေ့က သူ့ကို ထောင်ဒဏ် ၁၅ရက် ချမှတ်အမိန့်ပေးခဲ့တဲ့အပေါ် တရားစီရင်ရေးမဏ္ဍိုင်ဟာ ပျက်ပြားနေတယ်လို့ ယူဆတဲ့အတွက် ကိုပေါလုက တရားသူကြီးကို ကြိုးပြတ်နေတဲ့ ချိန်ခွင်တခုပေးခဲ့တာကြောင့် တရားရုံးအပေါ် မထီမဲ့မြင်ပြုမှုနဲ့ သူ့ကို အခုလို ထပ်မံ စီရင်ချက်ချလိုက်တာပါ။

သူ့ရဲ့လုပ်ရပ်အပေါ် အခုလို စီရင်ချက်ချလိုက်တာနဲ့ပတ်သက်လို့ သူ့ရဲ့ သဘောထားကို တရားရုံးအပြင်မှာ ကိုပေါလုက အခုလို ပြောပါတယ်။

"လုပ်ဆောင်တဲ့အပေါ်မှာ ကျနော်တို့က အပြစ်ရှိတယ်လို့ ကျနော် ဝန်ခံခဲ့တယ်။ သို့သော်လည်း ကျနော်တို့ကို ဒီကနေ့ ဒါကျနော့်ကို အပြစ်ရှိတယ်လို့ ဝန်ခံသော်လည်းပဲ ကျနော်ကို ထောင်ဒဏ် သုံးလ ပြန်ပြီးတော့မှ ကျနော့်ကို ချခဲ့တယ်။ ဒီအပေါ်မှာ ကျနော်တို့က မတရားမှုအပေါ်မှာ ကျနော်တို့က ဘယ်တော့မှ ဒူးထောက် ခေါင်းငုံ့ခံမယ့်ကောင် မဟုတ်ဘူး။"

ဒီကနေ့ တရားခွင်မှာ ကိုပေါလုကို သူ့ရဲ့ရှေ့နေနဲ့ ဆွေးနွေးတိုင်ပင်ခွင့် တွေ့ဆုံခွင့် မပေးဘဲ အမိန့်ချလိုက်တယ်လို့လည်း ရှေ့နေဦးမာခါးက ပြောပါတယ်။

အစိုးရရဲ့ လိုလားချက်အတိုင်း လိုက်လုပ်ပေးနေတဲ့ အခုလို စီရင်ချက်တွေဟာ ဥပဒေကြောင်းအရ အဖြေရှာတဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ကချင်အမျိုးသားလုံးဆိုင်ရာလူငယ်များသမဂ္ဂ ဥက္ကဋ္ဌ ကိုလွမ်ဇောင်းက ဗွီအိုအေကို ပြောပါတယ်။

"တရားစီရင်ရေး မဏ္ဍိုင်က ပြည်သူတွေဘက်ကို ကျနော်တို့ ဒီဥပဒေအတိုင်းရပ်တည်တဲ့ လွတ်လပ်တဲ့ တရားမျှတတဲ့ တရားစီရင်ချက် မဟုတ်တော့ဘဲနဲ့ ကျနော်တို့ အစိုးရနဲ့ တပ်မတော်တွေလုပ်တဲ့ တရားစွဲဆိုတဲ့ အရာအားလုံးက သူတို့က ပြည်သူတွေကို ကန်ချတဲ့ပုံစံပဲ သူတို့လုပ်နေတယ်။ ဆိုတော့ ဒီလိုမျိုး ပြစ်ဒဏ်ချရင်းနဲ့ ထောင်ချရင်းနဲ့ အဖြေရှာတဲ့ဟာက မဟုတ်ဘူးပေါ့နော်။ ဆိုတော့ ဒါအဖြေမဟုတ်ဘူး။ ဆိုတော့ ပိုပြီးမှ ဒီက ပြည်သူတွေ လူငယ်စုတွေ အားလုံးကတော့ ကချင်လူငယ်စုတွေလည်းပိုပြီးတော့မှ စိတ်ကြွခိုင်းတဲ့အရာ ဖြစ်နေတယ်။ ကောင်းတဲ့ အရာမဟုတ်ဘူးလို့ ကျနော်တော့ အဲ့လိုပဲ မြင်ပါတယ်။"

ကိုပေါလုနဲ့အတူ ကချင်စစ်ပွဲ ၈ နှစ်ပြည့်ပွဲမှာ သရုပ်ဖော်တင်ဆက်ခဲ့တဲ့ မဆိုင်းနူးပန်ဟာလည်း စက်တင်ဘာလ ၂ ရက်နေ့က ထောင် ၁၅ ရက် ကျခံခဲ့ရပါတယ်။

စစ်ရှောင်ဒုက္ခသည်တွေရဲ့ဘဝကို ကချင်စစ်ပွဲ၈နှစ်ပြည့်မှာ သရုပ်ဖော်တင်ဆက်ခဲ့လို့ စက်တင်ဘာ ၂ရက်က ထောင်ဒဏ်အမိန့်ချခံရတဲ့ ကချင်လူငယ်၂ယောက်အတွက် ဒေသခံတွေက မြစ်ကြီးနားမြို့ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံရှေ့မှာ မနေ့ကစပြီး ဆန္ဒပြနေကြတာပါ။

ခုလာမယ့် စက်တင်ဘာ၉ ရက်မှာ လက်ရှိ တရားစီရင်ရေးစနစ်ကို မကျေနပ်ကြတဲ့ ကချင်လူငယ်တွေက မြစ်ကြီးနားမြို့မှာ ဆက်လက် ဆန္ဒထုတ်ဖော်ဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG