သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဘေးကင်းလုံခြုံတဲ့ဝန်းကျင် လိုအပ်


Je Yang ဒုက္ခသည်စခန်းတွင်းမှ ကချင်ဒုက္ခသည်များ။ (ဇန်နဝါရီ ၄၊ ၂၀၁၃)
Je Yang ဒုက္ခသည်စခန်းတွင်းမှ ကချင်ဒုက္ခသည်များ။ (ဇန်နဝါရီ ၄၊ ၂၀၁၃)

ကချင်ပြည်နယ်အတွင်း ဘေးကင်းလုံခြုံတဲ့ လူမှုပတ်ဝန်းကျင် ဖန်တီးပေးပြီး စစ်ကြောင့်ဖြစ်ခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေ စနစ်တကျ ဆောင်ရွက်ပေးပြီးမှသာ ကချင်စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်သင့်တယ်လို့ ကချင်အရေး လှုပ်ရှားသူတွေက ပြောဆိုလိုက်ကြပါတယ်။ ဒီသီတင်းပတ်အတွင်းမှာပဲ ဝိုင်းမော်က စစ်ရှောင်ပြည်သူတွေ ကိုယ့်နေရပ်ရင်း ပြန်လိုတဲ့ဆန္ဒ ရှိ၊ မရှိ ဆိုတာကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ဆန္ဒသဘောထား ကောက်ခံနေကြပါတယ်။ ကချင်ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ရေး ဘယ်လိုအခြေအနေရှိပါသလဲ၊ အပြည့်အစုံကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

မြန်မာ့အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လက်အောက်ခံ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တို့ကြား ၂၀၁၁ ခုနှစ် ဇွန်လကစလို့ ကချင်ပြည်နယ်တွင်း တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တဲ့အတွက် ကချင်ဒေသခံပြည်သူ တသိန်းကျော်ဟာ အစိုးရထိန်းချုပ်နယ်မြေ၊ ကချင်လက်နက်ကိုင်တပ် KIA ထိန်းချုပ်နယ်မြေနဲ့ တရုတ်-မြန်မာနယ်စပ်က စစ်ဘေး စစ်ရှောင်စခန်းတွေဆီမှာ ခိုလှုံနေထိုင်နေခဲ့ရတာ အခုဆိုရင်တော့ ၈ နှစ်ကျော် ၉ နှစ်ထဲ ရောက်လာနေပါပြီ။

ဒီစစ်ရှောင်တသိန်းကျော် နေရပ်ရင်း ပြန်လည်အခြေချ နေထိုင်ရေးအတွက် ပြည်ထောင်စုအစိုးရ၊ ကချင်ပြည်နယ်အစိုးရနဲ့ ကချင်ဒုက္ခသည်အရေး ကူညီပေးနေတဲ့ အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နေပေမယ့်လို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ရင်းကို ကောင်းကောင်းမွန်မွန်နဲ့ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးနဲ့ ပြန်လည်အခြေချနေထိုင်မှု လုပ်ငန်းတွေမှာ ဒုက္ခသည်တွေကိုယ်တိုင် ပူးပေါင်းပါဝင်နိုင်ဖို့ ဒုက္ခသည်တွေနဲ့ ဒုက္ခသည်တွေအရေး ဆောင်ရွက်သူတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ထဲကပဲ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင်း ရပ်ကွက် ကျေးရွာအုပ်စုတွေထဲက စစ်ရှောင်စခန်းတွေထဲက ပြည်သူတွေအနေနဲ့ အခုအခါမှာတော့ နယ်မြေအခြေအနေ တည်ငြိမ်အေးချမ်းလာလို့ မိမိတို့ မူရင်းဒေသကို ပြန်လည်ရွှေ့ပြောင်းလိုခြင်း ရှိ၊ မရှိနဲ့ တခြားတင်ပြလိုတဲ့ ဆန္ဒသဘောထားတွေ စက်တင်ဘာ ၃၀ နောက်ဆုံးထားပေးပို့ဖို့ မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူးက အကြောင်းကြားစာတွေ ပေးပို့ခဲ့တာပါ။

ဒီအပေါ်မှာတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရနဲ့ စစ်တပ်တို့ကြား ခိုင်မာတဲ့ ငြိမ်းချမ်းရေး သဘောတူလက်မှတ်ရေးထိုးပြီး ဒေသတွင်း အေးချမ်းတည်ငြိမ်မှုရှိမှ၊ ကချင်လူထုအတွက် ဘေးကင်းလုံခြုံတဲ့ လူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မှပဲ ကချင်စစ်ဘေးရှောင် ဒုက္ခသည်တွေ နေရပ်ပြန်သင့်တယ်လို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့ မြစ်ကြီးနားဥက္ကဋ္ဌ ဦးဇော်ဂျတ်က အကြံပြုပါတယ်။

“အခု ကျနော့်အမြင် ပြောရမယ်ဆိုရင်တော့ ၈ နှစ်ကျော်သွားပြီ၊ ၉ နှစ်ထဲ ဝင်ပြီပေါ့နော် တိုက်ပွဲရှောင်နေတာက။ ဒါပေမယ့် ဒီတိုင်း ဖိအားပေးတဲ့အနေနဲ့ IDP တွေကို ဇွတ်ပြန်ခိုင်းမယ်ဆိုရင်တော့ ကျနော့်အနေနဲ့က ဒါ သဘာဝမကျဘူး။ သူတို့ စာချုပ်တောင်မှ Bilateral တောင်မှ သူတို့ မချုပ်သေးဘဲနဲ့ အချိန်မှာ ပြည်သူတွေကို ပြန်ခိုင်းတယ်ဆိုရင်၊ စာရင်းတွေ ပြန်ကောက်တယ်ဆိုရင် ဒါ သူတို့ဘက်က လုံခြုံမှု မရှိဘူးပေါ့။ အချိန်မရွေး တိုက်ပွဲပြန်ဖြစ်လာနိုင်တဲ့ အနေအထား ရှိတယ်။ အဲဒါကြောင့် ကျနော့်အနေနဲ့ဆိုရင်တော့ တကယ့် Concern ဖြစ်တာပေါ့နော။”

ဒါ့အပြင် ကချင်စစ်ရေးပဋိပက္ခတွေကြား အိုးအိမ်တွေစွန့်ခွာ အသက်ဘေးကနေ လုပြေးခဲ့ရတဲ့ ကချင်ပြည်သူတွေအတွက် နေ့စဉ် လူမှုပတ်ဝန်းကျင် ပုံမှန်ဘဝတွေမှာ ရပ်တည်နိုင်ဖို့ ရုပ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုတွေ ပေးသင့်သလို စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေနဲ့လည်း ဝိုင်းဝန်းကူညီပေးဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ဆောင်ရွက်ပေးသင့်တယ်လို့လည်း ဦးဇော်ဂျတ်က ပြောပါတယ်။

“တကယ်လို့များ Bilateral ထိုးပြီးမှ စာချုပ်ထိုးပြီးမှ သူတို့ နေရပ်ပြန်သွားရင်တောင်မှ စိတ်ဓာတ်ပိုင်းဆိုင်ရာရော၊ Resettlement ဘယ်လောက်ပဲလုပ်လုပ် နဂိုအတိုင်း တကယ့် သူတို့ နေထားခဲ့တဲ့အတိုင်း ရဖို့ကတော့ ဆယ်နှစ်နီးပါး Resettlement ပြန်လုပ်ရမယ့် အနေအထားရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တောတောင်ဖြစ်သွားပြီလေ။ တောတောင်ဖြစ်သွားတဲ့ အနေအထားမှာတချက်၊ ပြီးတော့ သူတို့ရဲ့ ကျွဲ၊ နွား တိရစ္ဆာန်တွေလည်း ဘာမှမရှိတော့ဘူး။ အိမ်တွေလည်း အကုန် တောတောင်တွေ ဖြစ်ကုန်ပြီလေ။

“အခုက ၈ နှစ်၊ ၉ နှစ် ဖြစ်သွားတယ်ဆိုတော့ ဘာမှ လူတောင်မသွားတဲ့နေရာကြီး ဖြစ်သွားတယ်ဆိုတော့ သူတို့ရဲ့ စိတ်ဒဏ်ရာတွေရော သူတို့ရဲ့ Moral ပိုင်းရော သူတို့ကို ပြန်လည်ကုစားတဲ့အနေနဲ့ စစ်မရှောင်တဲ့ ပြည်သူတွေနဲ့ တတန်းတည်းဖြစ်အောင်တော့ တာဝန်ရှိတဲ့ အာဏပိုင်အဖွဲ့အစည်း အသီးသီးအနေနဲ့ အလျှင်အမြန် ဒါကို ကုစားသင့်တယ်လို့ ကျနော်မြင်တယ်။ အင်တိုက် အားတိုက်နဲ့ အာဏာပိုင် အဖွဲ့အစည်းရော၊ ပြည်ထောင်စုအစိုးရရော၊ ပြည်နယ်အစိုးရရော၊ CSO တွေရော၊ ပြီးတော့ ဘာသာရေး အသီးသီးက ခေါင်းဆောင်တွေရော၊ လက်နက်ကိုင်တပ်ဖွဲ့တွေရော ပြည်သူလူထုတွေကို စွမ်းစွမ်းတမံ လုပ်ပေးနိုင်ရင်တော့ အနည်းနဲ့အများတော့ IDP တွေလည်း ကျေနပ်မှုရှိမယ်လို့ ကျနော်ယုံကြည်တယ်။”

အထူးသဖြင့် စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ရင်း ပြန်ကြတဲ့အခါ သူတို့နေရပ်တွေမှာ စစ်တပ်စစ်စခန်း ချထားတာမျိုး စစ်အရိပ်အယောင်တွေ မရှိဖို့လိုပြီး စစ်ရှောင်ပြည်သူတွေ စိတ်ထဲ အမှန်တကယ် လုံခြုံစိတ်ချမှုရှိဖို့ လိုတယ်လို့ ကချင်အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ကိုထွယ်အောင်က အကြံပြုပါတယ်။

“ကျနော့်အမြင်ကတော့ ရွာတွေမှာ ပြန်ဖို့က သိပ်အဆင်မပြေလောက်သေးဘူးလို့ ထင်တယ်ဗျ။ စစ်ပြေးတွေ ပြန်လာတဲ့အချိန်မှာကျတော့ ရွာတွေမှာ အရင်ကလိုပဲ နှစ်ဖက်စစ်တပ်တွေလည်း မရှိဘူး။ ပြီးတော့ ပညာရေးပိုင်းလည်း ကျောင်းတွေ ဘာတွေ ဖွင့်ထားမယ် အကုန်လုံး၊ အဓိကတော့ နှစ်ဖက်စစ်တပ်တွေ မရှိဖို့ အရေးကြီးတယ်။ ရွာမှာဆိုရင် ကျနော်တို့က စစ်သားဆိုရင် ခွေးတောင်ကြောက်တယ်လေ နော။ ဆိုတော့ စစ်သားတွေ မရှိဖို့က အရေးကြီးတယ်ဗျ။ လုံခြုံရေးအနေနဲ့ပေါ့။”

အစိုးရဘက်က IDP ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းဖို့ စစ်ရှောင်ပြည်သူတွေ ပြန်ပို့ဖို့ စီစဉ်နေပေမယ့်လည်း အခုအချိန်အထိ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လက်အောက်ခံတပ်ဖွဲ့ KIA နဲ့ မြန်မာအစိုးရတပ်တို့ကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ သောင်မတင်ရေမကျ ဖြစ်နေပါတယ်။ ဒုက္ခသည်တွေဟာ အခုချိန်အထိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရဆဲဖြစ်ပြီး ကချင်စစ်ရှောင်စခန်းတွေထဲ အရေးပေါ်လိုအပ်ချက်တွေ များစွာရှိနေသေးတယ်လို့ ကချင်စစ်ရှောင်ပြည်သူတွေအရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

-----------------------------

(Unicode)














တိုက်ရိုက် လင့်ခ်


XS
SM
MD
LG