သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူတောင်ပိုင်းကျေးရွာတွေ မီးရှို့ခံရ၊ ဒေသခံသောင်းဂဏန်းစစ်ရှောင်


ကန့်ဘလူခရိုင်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလို့ တိမ်းရှောင်နေရတဲ့ စစ်ရှောင်များ (ပုံ−ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)
ကန့်ဘလူခရိုင်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလို့ တိမ်းရှောင်နေရတဲ့ စစ်ရှောင်များ (ပုံ−ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

ကန့်ဘလူတောင်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ပူးပေါင်း အင်အား ၅၀၀ ဝန်းကျင်လောက်နဲ့ စစ်ကြောင်းထိုးနေကြပြီး ကျေးရွာ ၁၃ ရွာလောက်က နေအိမ်တွေ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျေးရွာ ၁၅ ရွာထက်မနည်းက ဒေသခံ သောင်းနဲ့ချီ စစ်ရှောင်နေကြရသလို စစ်ရှောင်တွေ နေထိုင်စားသောက်ရေးနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ဇူလိုင်လ နောက်ဆုံးပတ်ကနေစတင်ပြီး အင်အား ၅၀၀ ကျော်ပါတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ဟာ ကန့်ဘလူမြို့ တောင်ပိုင်းကို နယ်မြေရှင်းလင်းရေးစစ်ကြောင်းထိုးနေပြီး ကျေးရွာအတွင်းက နေအိမ်တွေကိုလည်း မီးရှို့နေကြတတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဩဂုတ်လ ၇ ရက်နေ့မှာလည်း ကန့်ဘလူမြို့နယ် တောင်ခြမ်းက ရဲသွေးကျေးရွာကိုဝင်လာပြီး မနက်ပိုင်းကတည်းက နေအိမ်တွေကိုမီးရှို့ခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“အခု တောင်ပိုင်းအခြေအနေကတော့ လက်ရှိက စစ်ကောင်စီက သူတို့ ဖွဲ့စည်းထားတဲ့ ပျူစောထီးတွေနဲ့ပေါင်းပြီးတော့ အင်အား ၄၀၀၊ ၅၀၀ လောက် စုဖွဲ့ပြီးတော့ ဒီ ထန်းကုန်းတိုက်နယ်က မင်းကုန်း၊ ညောင်ဇင်ကြီး၊ ဘိုတဲကုန်း အဲ့ဒီမှာ အထိုင်ချထားတယ်ဗျ။ အခု ဘန်ကာတွေဆောက်ပြီး သူတို့ အထိုင်ချထားတယ်။ ပြည်သူတွေကတော့ စစ်ဘေးရှောင် နေရတဲ့ပြည်သူတွေကတော့ ၁၄ ရွာ၊ ၁၅ ရွာလောက် ရှိတယ်ဗျ။ ရှောင်ရတာကတော့ သောင်းနဲ့ချီပဲဗျ။ မီးရှို့တဲ့ရွာကတော့ ၁၂ ရွာ ရှိသွားပြီဗျ။ လောလောဆယ် ၁၂ ရွာမှာ အခု သူတို့ထွက်ခဲ့ပြီး ဒီမနက်ကို သူတို့ရဲသွေးရွာကို ဝင်ပြီး မီးရှို့နေပြီဗျ ဒီမနက်။ (တချို့ရွာတွေမှာ) တအိမ်နှစ်အိမ်လောက်ပဲ ကျန်တော့တာဗျ။ ပေလည်ကတော့ မကျန်တော့ဘူး၊ ဘုန်းကြီးကျောင်းပဲ ကျန်တော့တာ။”

သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်နေတွေအတွက် လက်ရှိမှာ အဝတ်အထည်၊ ရိက္ခာနဲ့ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ဘေးရှောင်တွေက နေရာတခုမှာ အတည်တကျ စစ်ရှောင်ကြရတာမျိုးမဟုတ်ဘဲ စစ်ကြောင်းအခြေအနေအရ ကြည့်ပြီး ရှောင်ကြရတာလို့ဆိုပါတယ်။

“လူဦးရေက သောင်းနဲ့ချီတယ်၊ ရွာတွေက ရွာကြီးတွေက အကုန်ရှောင်နေကြရတာဆိုတော့လေ။ သောင်းနဲ့ချီရှောင်နေကြရ တာဗျ၊ အကုန်လုံးက ပစ္စည်းဥစ္စာ စားနပ်ရိက္ခာ အားလုံး ဘာမှမပါခဲ့ဘူး။ နွားလှည်းလေးတွေ ပါခဲ့တဲ့သူတွေက နွားလှည်း လေးတွေနဲ့ မိုးကလေည်းမရွာတော့ ရေရှိတဲ့နေရာလေးကို မှီခိုပြီးတော့ နွားလှည်းလေးတွေနဲ့ ပေါင်းမိုးလေးတွေ လုပ်ပြီး တော့ နေကြရတာ။ စားရေးသောက်ရေးလည်း ခက်ခဲတာပေါ့။ နေရေးထိုင်ရေးလည်း ခက်ခဲကြတယ်ဗျ။ မနေ့ညကတော့ မိုးရွာလိုက်တော့ ပိုဆိုးတာပေါ့။ အခုလက်ရှိက စစ်ဘေးရှောင်တွေက လိုအပ်တာကတော့ ဆေးဝါးရယ်၊ ရိက္ခာရယ်၊ အဝတ် အထည်လေးတွေရယ်။ သူတို့နေဖို့ ထိုင်ဖို့ကလည်း အဆင်မပြေဘူး။ စစ်ကြောင်းက ဟိုသွားတယ်ဆို သူတို့ လှည်းလေး တွေနဲ့ ဆိုင်ကယ်လေး‌တွေ ပါတာလေးတွေနဲ့ ဒီလိုကြည့်ပြီးတော့ ရွှေ့နေရတာ။ တောင်ဘက်ကလာရင် မြောက်ဘက်ကို ရွှေ့၊ မြောက်ဘက်ကို ပြန်လာတယ်ဆိုရင် တောင်ဘက်ကို ပြန်တိမ်းရ အဲ့လို တိမ်းနေရတာပဲ။ သူတို့က ဒီမှာ ကျနော်တို့‌ တောင်ဘက်ခြမ်းမှာက နေစရာ နေရာလေးတွေက ရှားတယ်။ ဘာလို့ဆို တောင်ဘက်ခြမ်းက ရေဝင်တောတွေ ဖြစ်နေတော့ နေရတ အဆင်မပြေကြဘူး။”

စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေက ကျေးရွာတွေအတွင်းကို ဒရုန်းနဲ့ ဗုံးကြဲတာ၊ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုရှိနေပြီး ထိခိုက်သူတွေ ကုသပေးနိုင်ဖို့ ဆေးဝါးလိုအပ်ချက်တွေရှိတယ်လို့လည်း ဒေသခံတွေပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ အဲ့ဒီဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရှိနေလို့ နယ်မြေရှင်းလင်းရတာဖြစ်တယ် လို့ ထုတ်ပြန်လေ့ရှိပါတယ်။ ဒီလို နယ်မြေရှင်းလင်းမှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ စစ်ဘေးရှောင်အရေအတွက်က နေ့စဉ်နဲ့အမျှ တဖြည်းဖြည်း တိုးလာနေပါတယ်။

Forum

XS
SM
MD
LG