သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေမြှုပ်မိုင်းကြောင့် ကန့်ဘလူမှာ လူတွေသေဆုံးထိခိုက်


မြေမြှုပ်မိုင်းမှတ်တမ်းတချို့ ယခင်မှတ်တမ်းဓာတ်ပုံ (ဓာတ်ပုံ-Explosive Ordnance Risk Education (Myanmar))
မြေမြှုပ်မိုင်းမှတ်တမ်းတချို့ ယခင်မှတ်တမ်းဓာတ်ပုံ (ဓာတ်ပုံ-Explosive Ordnance Risk Education (Myanmar))

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က မင်းကုန်းနဲ့ ညောင်ဇင်ကြီးကျေးရွာမှာ စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေကကျေးရွာထဲနဲ့ ရွာအဝင်လမ်း လယ်ကွင်းပြင်လို နေရာတွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တာကြောင့် ဒေသခံနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက တတ်နိုင်သလောက် မြေမြှုပ်မိုင်းတွေ ရှင်းလင်း နေပြီး လက်ရှိမှာ မြေမြှုပ်မိုင်း အလုံး ၃၀ဝန်းကျင်တူးဖော်ထားပြီးပေမယ့် မတူးဖော်နိုင်သေးတဲ့ မြေမြှုပ်မိုင်းတွေ ရှိနေသေးတာကြောင့် ဒေသခံတွေ ကျေးရွာကိုပြန်မဝင်နိုင်ကြသေးဘူးလို့ ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

ကန့်ဘလူမြို့နယ် မင်းကုန်းကျေးရွာနဲ့ ညောင်ဇင်ကြီးကျေးရွာကို လွန်ခဲ့တဲ့ တလဝန်းကျင်လောက်က စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေ ဝင်ရောက် တပ်စွဲပြီး အထိုင်စခန်းလုပ်ဖို့ ကြိုးစားခဲ့ကြပေမယ့် ဒေသကာကွယ်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြရတာပါ။ စစ်ကောင်စီတပ် ဆုတ်ခွာသွားချိန်မှာကျေးရွာအတွင်းနဲ့ ရွာအဝင်လမ်း၊ လယ်ကွင်းပြင်စတဲ့ နေရာ အနှံ့အပြားမှာ မြေမြှုပ်မိုင်းတွေထောင်ထားခဲ့တာကြောင့် စစ်ကောင်စီတပ် ကျေးရွာကထွက်သွားပြီးချိန် ရွာကို ပြန်ဝင်လာကြတဲ့ စစ်ရှောင် ဒေသခံတွေ ထိခိုက်ခဲ့ကြရတယ်လို့ဒေသခံတွေက ပြောပါတယ်။

မြေမြှုပ်မိုင်းကြောင့် ဒေသခံ ၃ ဦး ထိခိုက်ခဲ့ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးသေဆုံးပြီး တဦးထိခိုက်ခဲ့တယ်လို့မြေပြင်ရဲဘော် K2 က ခုလိုပြောပြပါတယ်။

“မြေမြှုပ်မိုင်းက မင်းကုန်း၊ ညောင်ဇင်ဝင်တုန်းက မြှုပ်ခဲံတဲ့ မိုင်းတွေ ရှိတယ်ပေါ့ဗျာ၊ မြေမြှုပ်မိုင်းတွေပေါ့။ သူတို့ကအထိုင်ချမယ်လို့ လာပြီးတော့ ပြန်ဆုတ်သွားတဲ့အနေအထားဆိုတော့ အဲ့လို နင်းမိုင်းတွေထောင်ထားခဲ့တာ။ နင်းမိပြီးကျဆုံးသွားတာတွေရှိတယ်။ ရဲဘော်တွေလည်းရှိတယ်။ ပြည်သူထိတာက ၃ ယောက်၊ ပြီးတော့ ရဲဘော်က ၂ ယောက်ပေါ့။ လောလောဆယ် ၂ ယောက်ထိထားတာပေါ့။ အဲ့ထဲကတယောက်က ကျသွားတာပေါ့။ ဒီ မိုင်းမိတဲ့သူတွေကခြေထောက်ကတော့ ဖြတ်ထားရတာပေါ့။ အောက်ပိုင်းကတော့ ဖြတ်ရတယ်။ ကျန်တာတွေကတော့ ဆက်ပြီး ကုတုန်း ရှိသေးတယ်။”

မြေမြှုပ်မိုင်းတွေကို ဒေသကာကွယ်ရေးတပ် (ပကဖ) တွေက တတ်နိုင်သလောက် ရှင်းလင်းနေကြပေမယ့် ပစ္စည်းကိရိယာတွေမရှိတာကြောင့် အလုပ်မတွင်နိုင်ဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ NUG ရဲ့ အဖွဲ့အစည်းတွေဆီကို မြေမြှုပ်မိုင်းတွေ ရှင်းလင်းဖို့အတွက် လိုအပ်တဲ့ပစ္စည်းကိရိယာတွေတောင်းဆိုထားပေမယ့် ခုထိ မရသေးဘူးလို့ K2 က ပြောပါတယ်။

“မိုင်းရှာဖွေရေးက ကျနော်တို့ သာမန် ဒီလိုပဲ ရပ်ကျေး ပကဖတွေ အဖွဲ့တွေ ဘာတွေက အဲ့လိုပဲ ဖြစ်တဲ့နည်းနဲ့ပေါ့ဗျာ၊ ဓားချွန်လေးတွေနဲ့ ဘာနဲ့ပေါ့ဗျာ။ ရတဲ့နည်းလမ်းလေးတွေနဲ့ပဲ ရှာနေကြရတာပေါ့ဗျာ။ ဟိုလိုကြီး အစုအရုံးလိုက်ရှာနိုင်တဲ့ အနေအထားတော့ မရှိသေးဘူး။ ကျနော်တို့ဘက်မှာက မိုင်းရှာစက်တွေဘာတွေဆိုတာလည်း မရှိဘူး။ အကူအညီကတော့ တောင်းထားတာပေါ့ဗျာ။ ဒါပေမယ့် မရသေးပါဘူး။ ကျနော်တို့ စောစောကနဦး တိုက်ပွဲပြီး စဝင်တုန်းက ရတာက နင်းမိုင်း ၁၈ လုံးလောက်ရတယ်ဗျ။ နောက်ထပ်ရတာတွေက နင်းမိတာတွေရယ်၊ ကနဦးရထားတာရယ် ဘာတွေရယ်ဆိုတော့ အလုံး ၃၀ လောက်တော့ ရှိမယ်ဗျ။ နင်းမိုင်း အလုံး ၃၀ လောက်ရထားတယ်။ ရွာတွေထဲက လမ်းမကြီးတွေကတော့ သိသာမြင်သာတော့ ရှင်းပြိးပြီပေါ့ဗျာ။ လမ်းကြိုလမ်းကြားတွေ ကျန်တယ်၊ လယ်တော အထွက်တွေ ကျန်တယ်။ ရွာအဝင်အထွက်လမ်းတွေရောပေါ့။”

စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကို စိုးရိမ်တာကြောင့် မင်းကုန်းနဲ့ ညောင်ဇင်ကြီး ကျေးရွာနှစ်ခုလုံးက ဒေသခံ ၁,၀၀၀ ဝန်းကျင်လောက်ကို ကျေးရွာတွေထဲ ပြန်မဝင်ခိုင်းသေးဘဲ စစ်ဘေးရှောင်နေကြရဆဲဖြစ်တယ်လို့ပြောပါတယ်။ လယ်ကွင်းကိုသွားတဲ့လမ်းတွေနဲ့ လယ်ကွင်းတွေ စိုက်ခင်းတွေမှာပါ မြေမြှုပ်မိုင်းတွေ ရှိနေနိုင်တာကြောင့်ဒေသခံတွေဟာ စိုက်ပျိုးရေးကိုပါ မလုပ်နိုင်ကြတဲ့ အခြေအနေဖြစ်တယ်လို့ K2 က ပြောပါတယ်။

“ပြည်သူတွေကတော့ နင်းမိုင်းအန္တရာယ်ကြောင့်မို့လို့ အများကြီး ရွာထဲကို ပြန်မသွင်းနိုင်ကြသေးဘူး။ လယ်လည်း မလုပ်နိုင်ကြသေးဘူး။ အဲ့ဒီ အန္တရာယ်ကိုက ကြောက်တဲ့ခါကျတော့ လယ်တို့ ယာတို့ မလုပ်နိုင်ကြဘူးပေါ့ဗျာ။ သူတို့ကကလည်း ပျူရွာအစပ်ဖြစ်နေတာဆိုတော့။ စစ်ရှောင်က အဲ့ဒီနားဝန်းကျင်က တရွာကို ၅၀၀၊ ၂ ရွာပေါင်းဆိုတော့ ၁,၀၀၀ဝန်းကျင်တော့ ရှိမယ်ဗျ။ ရွာကြီးတွေ ဆိုတော့။”

ကန့်ဘလူမြို့နယ်အတွင်းမှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီက စစ်ကြောင်း ၄ ကြောင်းခွဲပြီး စစ်ကြောင်းထိုးတာ အထိုင်စခန်းတွေမှာ အင်အား ဖြည့်တာမျိုးတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေက ကျေးရွာတွေအတွင်းကို ဒရုန်းနဲ့ ဗုံးကြဲတာ၊ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိနေပြီး ထိခိုက်သူတွေ ကုသပေးနိုင်ဖို့ ဆေးဝါးလိုအပ်ချက်တွေရှိတယ်လို့လည်း ဒေသခံတွေပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ အဲ့ဒီဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရှိနေလို့ နယ်မြေရှင်းလင်းရတာဖြစ်တယ်လို့ ထုတ်ပြန်လေ့ ရှိပါတယ်။ ဒီလို နယ်မြေရှင်းလင်းမှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ စစ်ဘေးရှောင်အရေအတွက်က နေ့စဉ်နဲ့အမျှ တဖြည်းဖြည်း တိုးလာနေပါတယ်။

Forum

XS
SM
MD
LG