ကန့်ဘလူမြို့နယ်အတွင်း အောက်တိုဘာ ၃၀ ရက်နေ့ကစတင်ပြီး နိုဝင်ဘာ ၄ ရက်နေ့ အထိ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းက ဘူးကြီးကျေးရွာ၊ အိုင်ပေါင်းချောင်နဲ့ ဝက်တိုး ကျေးရွာ ၃ ရွာက ဒေသခံ ၉၂ ယောက်ကို ၆၀၀၆ တင့်ကားတပ်ရင်းမှာ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။ ဒီစစ်ကြောင်းအတွင်းမှာ ကျီစု၊ ကျောက်တိုင်နဲ့ ဝက်တိုး ကျေးရွာက နေအိမ် ၈၀၀ ဝန်းကျင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်အပြည်အစုံကို မသိင်္ဂီထိုက်ပြောပြမှာပါ။
ကန့်ဘလူမြို့နယ် ဘူးကြီးကျေးရွာကို နိုဝင်ဘာ ၄ ရက် ဒီကနေ့ မနက်ပိုင်း ၁၀ နာရီ ဝန်းကျင်လောက်မှာ ကာဘိုးကျေးရွာ စစ်ကောင်စီ အထိုင်စခန်းကနေ ကား ၃ စီးနဲ့ ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ဝန်းကျင်ခန့်က တအိမ်တယောက် ကျေးရွာ အစည်းအဝေးခေါ်ခဲ့ပြီးနောက် ဒေသခံ ၅၀ ဝန်းကျင်လောက်ကို ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ရေဦးမြို့နယ် အခြေပြု People’s Defense Comrade မှ ပြန်ကြားရေး တာဝန်ခံ ကိုထူးခန့်ဇော်က ပြောပါတယ်။
“ဒီနေ့ မနက် ကန့်ဘလူနယ် ကာဘိုးကနေ အကြမ်းဖက် စစ်ကောင်စီတပ် ၁၀၀ ခန့်က ကားကြီး ၃ စီးနဲ့ ပေါ့နော်၊ ဘူးကြီးရွာကို ဝင်လာတယ်ပေါ့။ ဒီ ဘူးကြီးရွာခံ ရွာသားတွေကိုပေါ့ တစ်အိမ် တစ်ယောက် မတက် မနေရဆိုပြီးတော့ အစည်းအဝေးခေါ်ပြီးတော့ အစည်းအဝေးလုပ်ခဲ့တယ်ဗျ။ အဲ့ဒီထဲက ပြည်သူ ၅၀ လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ဒီ ကန့်ဘလူ ၆၀၀၆ တပ်ထဲကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ဘာကြောင့် ဖမ်းခေါ်သွားတယ်ဆိုတာကိုတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးဘူးပေါ့။ ပြည်သူ ၅၀ မှာ ကျားဘယ်လောက် မ ဘယ်လောက် ဆိုတာလဲ မသိရသေးဘူးပေါ့နော်။ အဲ့လို ဖမ်းခေါ်သွားပြီးတော့ ကန့်ဘလူ ၆၀၀၆ တပ်ထဲကို ဖမ်းခေါ်သွားတယ်လို့ ကျွန်တော်တို့ သိရတယ်။”
ဘူးကြီးကျေးရွာက အရင်ကတည်းက စစ်ဘေးရှောင်ခဲ့ရတဲ့ ကျေးရွာမဟုတ်တာကြောင့် စစ်ကောင်စီတပ်တွေ ဝင်လာချိန်မှာ ဒေသခံတွေက ရွာထဲမှာပဲ ရှိနေခဲ့ကြတာဖြစ်တယ်လို့ ဘူးကြီး ကျေးရွာအနီးက ဒေသခံ တွေက ပြောပါတယ်။
အောက်တိုဘာ ၃၁ ရက်နေ့က စစ်ကောင်စီတပ် အင်အား ၁၆၀ ကျော်လောက်ဟာ ကန့်ဘလူ၊ ရေဦး နယ်အစပ်က အိုင်ပေါင်းချောင် ကျေးရွာကို စစ်ကြောင်းဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းအတွင်းမှာ စစ်ရှောင်နေကြတဲ့ ဒေသခံ ၃၇ ဦးကို တော်လှန်ရေး တပ်တွေနဲ့ ဆက်နွယ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားတယ်လို့လည်း ကိုထူးခန့်ဇော်က ပြောပြပါတယ်။
“ရေဦးနယ် မြောက်ဘက်ခြမ်း အောင်သာယာ ပျူစောထီးခြံက ပျူစောထီး ၄၀ လောက်နဲ့လည်းပူးပေါင်းပြီးတော့ အင်အား ၁၆၀ ခန့်လောက်နဲ့ ကာဘိုးရဲ့ အရှေ့ဖက်ပေါ့နော် အိုင်ပေါင်းချောင်ရွာကို သူတို့က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီးတော့ ကနဦးဝင်လာတယ်ဗျ။ အိုင်ပေါင်းချောင်ရွာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့်ပေါ့နော် အရပ်သားတစ်ဦးလည်း ထိခိုက်ခဲ့တယ်။ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ပြီးတော့ ဘုန်းကြီးကျောင်းကို အရင်ဝင်တယ်။ ကျောင်းအတွင်းမှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ ပြည်သူတွေ ရှိတယ်။ ဒီပြည်သူတွေထဲကမှ PDF နဲ့ ဆက်နွယ်ပတ်သက်တယ်လို့ စွပ်စွဲပြီးတော့ အမျိုးသား ၃၄ ဦးနဲ့ အမျိုးသမီး ၃ ဦးပေါ့နော် စုစုပေါင်း ၃၇ ဦးကို သူတို့ လူသားဒိုင်းပြုလုပ်ပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဗျ။”
နိုဝင်ဘာ ၁ ရက်နေ့မှာ ဝက်တိုး တောင်ရွာကို စစ်ကောင်စီစစ်ကြောင်းဝင်ပြီး ဒေသခံ ၅ ဦးကို ဖမ်းဆီးပြီးတော့ နေအိမ် ၁၀၀ ကျော်ကို မီးရှို့ခဲ့တယ်လို့လည်း ဒေသခံတွေနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
အိုင်ပေါင်းချောင်ရွာကို ဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျီစုကျေးရွာနဲ့ ကျောက်တိုင်ကျေးရွာတို့ကိုပါ မြေပြင်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သလို ဒရုန်းနဲ့ ဗုံးကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျီစုရွာနဲ့ ကျောက်တိုင်ကျေးရွာတို့က ရာနဲ့ချီတဲ့ နေအိမ်တွေကိုပါ မီးရှို့ခဲ့ကြတယ်လို့ ကိုထူးခန့်ဇော်က ပြောပါတယ်။
“ကျီစုရွာကို အရင်ဝင်ပြီးတော့ ပြည်သူပိုင်နေအိမ် ၄၀၀ ခန့်ကို မီးရှို့ဖျက်ဆီးသွားတယ်ဗျ။ ပြီးတော့ ဒီတောင်ကျောင်း ဘုန်းတော်ကြီးကျောင်းနဲ့ မြောက်ကျောင်း ဘုန်းတော်ကြီးကျောင်းတို့ကိုလည်း သူတို့ မီးရှို့ဖျက်ဆီးသွားတယ်ဗျ။ ကျီစုရွာကို မီးရှို့ပြီးတော့ ကပ်ရက်မှာရှိတဲ့ ကျောက်တိုင်ရွာကိုလည်း သူတို့ မြေပြင်စစ်ကြောင်းထပ်ဝင်ပြီးတော့ နေအိမ် ၃၀၀ ခန့်ကို မီးရှို့ဖျက်ဆီးသွားတယ်။”
နိုဝင်ဘာ ၃၀ ရက်နေ့က စတင်တဲ့ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းက ကာဘိုးတိုက်နယ်အတွင်းက ကျီစု၊ ကျောက်တိုင်၊ အိုင်ပေါင်းချောင်၊ ဝက်တိုး၊ ဘူးကြီး စတဲ့ ကျေးရွာတွေကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ကန့်ဘလူမြို့နယ် ဘူးကြီးကျေးရွာကို နိုဝင်ဘာ ၄ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်း ဝင်ရောက်ပြီး ဒေသခံ ၅၀ ဝန်းကျင်ကို ဖမ်းဆီးသွားပြီး အောက်တိုဘာ ၃၁ ရက်နေ့က အိုင်ပေါင်းချောင်ဒေသခံ ၃၇ ယောက်နဲ့ နိုဝင်ဘာ ၁ ရက်နေ့က ဝက်တိုးတောင်ရွာက ဒေသခံ ၅ ယောက်အပါဝင် စုစုပေါင်း ဒေသခံ ၉၂ ယောက်ကို စစ်ကောင်စီကတပ်တွေက ဖမ်းဆီးပြီး လက်ရှိ ၆၀၀၆ တပ်ရင်းမှာပဲ ဖမ်းဆီးခံထားဆဲဖြစ်ပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့ကစလို့ ဒီကနေ့အထိ စစ်ကောင်စီက ကျီစု၊ ကျောက်တိုင်၊ ဝက်တော၊ ဘူးကြီး စတဲ့ ကျေးရွာတွေက နေအိမ် စုစုပေါင်း ၈၀၀ ခန့်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေက အတည်ပြုပါတယ်။
ကျီစုကျေးရွာ အခုတကြိမ်မီးရှို့ခံရတာဟာ ၃ ကြိမ်မြောက် မီးရှို့ခံရတာဖြစ်ပြီး ၂၀၂၂ ခုနှစ်တုန်းက လေကြောင်းတိုက်ခိုက်မှုအပါအဝင် ၂ ကြိမ် မီးရှို့ခံထားရဖူးတဲ့ ကျေးရွာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အကြီးအကျယ်မီးရှို့မှုကို ခံရပြီးတဲ့နောက် ဒေသခံတွေဟာ ကျေးရွာအတွင်းမှာ နေအိမ် အသေးလေးတွေ ဆောက်ပြီး ပြန်နေကြပေမယ့် ခုတခေါက် ထပ်ပြီးဆောက်ထားတဲ့ နေအိမ်တွေကို မီးထပ်ရှို့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျီစုကျေးရွာဟာ အိမ်ခြေ ၈၀၀ နီးပါးရှိတဲ့ ကျေးရွာကြီးဖြစ်ပြီး အစ္စလမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အတူတကွ နေထိုင်ကြတဲ့ ကျေးရွာကြီးဖြစ်ပါတယ်။
စစ်ကောင်စီဖက်ကတော့ အဲ့ဒီဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရှိနေလို့ နယ်မြေရှင်းလင်းရတာဖြစ်တယ်လို့ ထုတ်ပြန်လေ့ရှိပါတယ်။ ဒီလို နယ်မြေရှင်းလင်းမှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ စစ်ဘေးရှောင်အရေအတွက်က နေ့စဉ်နဲ့အမျှ တဖြည်းဖြည်း တိုးလာနေပါတယ်။
Forum