သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူတောင်ခြမ်းစစ်ဆင်ရေး ကျေးရွာ၁၂ရွာ ထက်မနည်းက ဒေသခံတွေစစ်ရှောင်


ကန့်ဘလူခရိုင်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလို့ တိမ်းရှောင်နေရတဲ့ စစ်ရှောင်များ (ပုံ−ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)
ကန့်ဘလူခရိုင်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလို့ တိမ်းရှောင်နေရတဲ့ စစ်ရှောင်များ (ပုံ−ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တောင်ခြမ်းကို စစ်ကောင်စီတပ်တွေ ဇူလိုင် ၆ ရက်နေ့ကစပြီး အင်အား အများအပြားနဲ့ စစ်ကြောင်းဝင်ရောက်နယ်မြေရှင်းနေတဲ့အတွက် ကျေးရွာအများအပြားကဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။ ဇူလိုင် ၆ ရက်နဲ့ ၇ ရက်နေ့ကဝင်တဲ့စစ်ကြောင်းကြောင့် ထန်းကုန်းတိုက်နယ် အပါအဝင် အနီးတဝိုက်က ကျေးရွာ ၁၂ ရွာထက်မနည်း စစ်ရှောင်နေကြရတဲ့အကြောင်း သတင်းပို့ချက်ကို နန်းလောဝ်ပြောပြပါမယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင် ခြမ်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျေးရွာတွေထဲ မဝင်ခင် တယ်လီဖုန်းနဲ့ ဆက်သွယ်ရေးလိုင်းတွေ၊ လျှပ်စစ်မီးတွေကိုအရင်ဖြတ်ပြီးမှ အင်အားအလုံးအရင်းနဲ့ကျေးရွာတွေကို ပိတ်ဆို့ ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောဆိုကြပါတယ်။ ဒီလ ၆ ရက်နဲ့ ၇ ရက်နေ့ တွေမှာအဲ့ဒီလို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းဝင်ရောက်ခဲ့တာကြောင့် ထန်းကုန်းတိုက်နယ် အပါ အဝင်အနီးတဝိုက်က ကျေးရွာ ၁၂ ရွာထက်မနည်းက ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေကြ ရတယ်လို့ဒေသခံတွေက ပြောပါတယ်။ ကျေးရွာတွေထဲ စစ်ကြောင်းတွေ ခွဲ ဝင်ပြီး ဒေသခံတွေကို ပိတ်ပြီး ဖမ်းဆီးလေ့ ရှိတယ်လို့ KB 3 ဒေသကာကွယ်ရေး အဖွဲ့ကတာဝန်ခံကိုဇော်က ဗွီအိုအေကို ပြောပါတယ်။

“မီးတွေဘာတွေ ဖြတ်တယ်၊ ခုမီးဖြတ်ထားတာဆိုရင် ဒီနေ့နဲ့ဆိုရင် ၄ ရက် ၅ ရက် ရှိပြီ။ ပြည်သူလူထု လည်း သတင်းကြည့်ချိန်မရအောင် ည ၈ နာရီထိုးခါနီးဆိုရင် မီးဖြတ်ပစ်လိုက်တယ်။ ကန့်ဘလူတစ်နယ် လုံးက ည ၈ နာရီဆိုရင် မီးဖြတ်လိုက်ပြီ။ သူတို့ ရွှေ့တာပြောင်းတာ၊ သွားတာလာတာလည်း မသိအောင် ခဏကပြောသလို သတင်းတွေဘာတွေလည်း ပြည်သူလူထု ကြည့်လို့မရအောင်၊ ဒါမျိုးတွေ လုပ်နေတာ။ တရွာကိုဝင်မယ်ဆိုရင်စစ်ကြောင်း ၃ ကြောင်းခွဲပြီးတော့ပိတ်မယ် ဆို့မယ်ပေါ့နော်။ ပြည်သူလူထုမိတယ် ဆိုရင် အကုန်လုံးကို မြို့တွေဘာတွေ ပြန်ခေါ်လာပြီးတော့ မဖြစ်မနေ ပျူလုပ် ဒါမျိုးစနစ်နဲ့ ဒါမျိုး ဗျူဟာနဲ့ သူတို့ သွားနေကြတာပေါ့။”

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကြောင်းဝင်ခဲ့တဲ့အချိန် ကျေးရွာ ၄ ရွာက နေအိမ်တွေကို မီးရှို့ခံခဲ့ရပြီး ကိုးမြို့ ကျေးရွာကတော့ အများဆုံး မီးရှို့ခံရသလို အိမ်ခြေ ၅၀ ဝန်းကျင် ရှို့ခံရတယ်လို့ ဒေသခံတွေကပြောပါ တယ်။ အဲ့ဒီဒေသက ရွာသူရွာသားတွေ တောတောင်တွေထဲမှာ တိမ်းရှောင်နေကြရပြီး နေအိမ်မပြန်ရဲ ကြသေးဘူးလို့လည်းပြောပါတယ်။

ဒီနေ့မှာလည်း ခမရ ၃၆၁ တပ်စိတ်တခုနဲ့ ပျူစောထီး ပူးပေါင်း အင်အား ၁၅၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်း ဇီးကုန်းသကြားစက်မှာ စခန်းချ ရောက်နေလို့ ဇီးကုန်းတိုက်နယ်အတွင်းက ကျေးရွာတွေလည်း စစ်ရှောင်နေကြရပါတယ်။ မိုးတွင်းကာလ တောထဲမှာစစ်ရှောင်နေရသူတွေ အတွက် မြွေအန္တရာယ်က လည်းရှိပြန်ပါတယ်။ ဇူလိုင် ၆ ရက်နေ့ကစလို့ စစ်ရှောင်နေတဲ့ ထန်းကုန်းတိုက်နယ်က စစ်ဘေးရှောင် အနည်းဆုံး ၃ ဦး မြွေပွေးကိုက် ခံရတယ်လို့ ဒေသခံ တဦးက ခုလိုပြောပါတယ်။

“အခက်အခဲ ဖြစ်နေတာက ဘာလဲဆိုတော့ မြက်ကလဲ အင်မတန်ထပြီး မိုးကလဲရွာတဲ့ကာလ ဖြစ်တဲ့အတွက် ပိုးကောင်မွှားကောင် မြွေပေါ့။ မြွေကိုက်တာပြုတာ အဲ့လိုမျိုးတွေတော့ ကြုံလာရတယ်ဗျ။ ဒုက္ခတွေ အဲဒီဒုက္ခလေးတွေတော့ ခံရတာပေါ့။ ဒီရက်ပိုင်း အခု ရှောင်တဲ့ဘက်မှာတော့ ၃ ဦးတော့ မြွေအထိအခိုက် ရှိတယ်ဗျ။”

ကန့်ဘလူခရိုင်အတွင်းမှာ စစ်ကောင်စီက စစ်ကြောင်းမပြတ်ဝင်ရောက်ပြီး နယ်မြေရှင်းနေတာကြောင့် ဒေသခံတွေ သောင်းနဲ့ချီ ထွက်ပြေးနေကြရတာပါ။ စစ်ကောင်စီ စစ်ကြောင်း ဝင်ချိန်မှာ စစ်ရှောင်ကြတဲ့ ဒေသခံတွေ စစ်ကြောင်းပြန်ထွက်ချိန်မှာရွာထဲ ပြန်ဝင်နေထိုင် ကြတာတွေ ရှိပေမဲ့လို့လုံးဝမပြန်နိုင်တဲ့ ကျေးရွာတွေလည်းအများအပြား ရှိပါတယ်။ ကိုးတောင်ဘို့တိုက်နယ်၊ ချပ်သင်းတိုက်နယ်၊ ပင့်သာတိုက် နယ်နဲ့ ထန်းကုန်းတိုက်နယ်တွင်းက ကျေးရွာအများစုမှာ ဒေသခံတွေ စစ်ရှောင်နေကြရတာဟာ နှစ်နဲ့ချီ နေပါပြီ။

ကန့်ဘလူခရိုင်အတွင်းမှာ ပြီးခဲ့တဲ့ ဧပြီလ ကစလို့ ခုချိန်ထိ နှစ်ဘက်တိုက်ပွဲတွေ၊ စစ်ကောင်စီရဲ့ နယ်မြေ ရှင်းလင်းမှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ အများအပြား စစ်ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG