သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သောင်ရင်းမြစ်ရေလျှံလို့ ပလောတပို့ဒုက္ခသည်စခန်းအခက်တွေ့


ကရင်ပြည်နယ်၊ မြဝတီခိုင်ထဲက ပလောတပို့ဒုက္ခသည်စခန်းမှာ သောင်ရင်းမြစ်ရေတက်လာပြီး ရတိုက်စားခံရပုံ။ (ဓာတ်ပုံ-CJ/ဇွန် ၁၀၊ ၂၀၂၄)
ကရင်ပြည်နယ်၊ မြဝတီခိုင်ထဲက ပလောတပို့ဒုက္ခသည်စခန်းမှာ သောင်ရင်းမြစ်ရေတက်လာပြီး ရတိုက်စားခံရပုံ။ (ဓာတ်ပုံ-CJ/ဇွန် ၁၀၊ ၂၀၂၄)

ကရင်ပြည်နယ် မြဝတီခရိုင် သောင်ရင်းမြစ်နဘေးက လူဦးရေ ၅,၀၀၀ လောက်ရှိတဲ့ ပလောတပို့ စစ်ဘေးရှောင်စခန်းမှာ မြစ်ရေတက်လာလို့ စစ်ဘေးရှောင်တွေရဲ့အိမ်တချို့ ရေတိုက်စားပြီးပြိုပျက်ကုန်ပါတယ်။ စစ်ဘေးရှောင်တွေ လတ်တလောရင်ဆိုင်နေရတဲ့ အခက်အခဲတွေအကြောင်း ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းက ငြိမ်းချမ်းရေးမြို့သစ်ဖြစ်တဲ့ လေးကေ့ကော်ဆိုတဲ့နေရာမှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေမနေရဲတော့ဘဲ သောင်ရင်းမြစ်ဘေးမှာ စစ်ဘေးရှောင်ရင်းနေထိုင်လာခဲ့ကြတာ ၂ နှစ်ခွဲကျော်ကြာလာခဲ့ပြီ။ အခုအခါမှာ သောင်ရင်းမြစ် ခေါ် မိုးရေးမြစ်က တောင်ကျရေတွေတက်လာတဲ့အတွက် စစ်ဘေးရှောင်တွေရဲ့အိမ်တချို့ဟာ ဇွန်လ ၁၀ ရက်နေ့က ရေတိုက်စားပြီး ပြိုပျက်သွားခဲ့ကြောင်း စစ်ဘေးရှောင်ဒုက္ခသည်တွေကို စားသောက်ရေးနဲ့ ပညာရေးကိစ္စတွေမှာ အကူညီပေးနေတဲ့ ဦးဇော်ထွန်းက အခုလိုပြောပြပါတယ်။

"ပလောတပို့ဒုက္ခသည်စခန်းက မိုးတွေဆက်တိုက်ရွာတော့ ရေစီးကြောင်းထိုးတာပေါ့။ စခန်းကို ရေစီးတော့ အိမ်အလုံးရေ ၁၀ လုံးလောက်ပါသွားတယ်။ စခန်းက သောင်ရင်းမြစ်ဘေးမှာလေ။ တောင်ကျရေ ရုတ်တရက်ကျလာတော့ ချက်ချင်းပြောင်းရွှေဖို့ အဆင်မပြေဘူးဖြစ်သွားတယ်။ ပထမပိုင်းတုန်းကတော့ ကြိုပြင်ခဲ့ပေမယ့် မလုံလောက်ခဲ့ဘူး။ အခုတော့အရေးပေါ် သဲအိတ်တွေနဲ့ ဝါးတွေနဲ့ ကမ်းပါးကိုကာဖို့ ပြင်ဆင်နေကြတယ်။"

ဒုက္ခသည်တွေအတွက် ဆန်နဲ့စားနပ်ရိက္ခာတွေက ပုံမှန်လိုအပ်နေပြီး အခုအခါမှာ အိမ်တွေပျက်စီးသွားတဲ့အတွက် အမိုးအကာ တိုင်တွေပါ လိုအပ်နေတယ်လို့ဆိုပါတယ်။
ဒီစစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ၂ နှစ်ကျော်ကြာတဲ့အထိ နေရပ်ကိုမပြန်နိုင်ဘဲ သောင်ရင်းမြစ်ဘေးမှာပဲနေထိုင်နေကြရတာပါ။ စခန်းထဲမှာလူဦးရေ ၅,၀၀၀ နီးပါးရှိပြီး ကလေးသူငယ် ၃၀၀ ကျော်ရှိပါတယ်။ သူတို့တွေဟာ မြဝတီခရိုင်အတွင်းက တိုက်ပွဲတွေကြောင့် မပြန်ရဲကြဘူးလို့လည်း ဆိုပါတယ်။

"လိုအပ်တာတွေကတော့အစုံပါပဲ။ စားရေးသောက်ရေး၊ အမိုးအကာ၊​ အဆောက်အဦးဆောက်ဖို့ပစည်းတွေ၊ တိုင်တွေ၊ အခင်းတွေအတွက် ပြန်ဆောက်ပေးရမှာလေ။ မလွယ်သေးဘူး။ မလွယ်ဘူးဆိုတာ တိုက်ပွဲတွေကလည်းဆက်ရှိနေတယ်။ လေးကေ့ကော်အနီးတဝိုက်ကိုလည်း နေ့ကောညကော လေယာဉ်နဲ့ဗုံးလာကြဲနေတာတွေလည်း ရှိတယ်။ သူတို့ပြန်လည်းမပြန်ရဲဘူး။ ပြန်ဖို့လည်း တာဝန်ခံပြီး ဘယ်သူမှမခေါ်ရဲဘူး။ အဓိကတော့ လုံခြုံရေးစိုးရိမ်ရတယ်။"

အရင်တုန်းကတော့ အဲဒီစခန်းမှာ လူဦးရေ ၂,၀၀၀ ဝန်းကျင်လောက်သာရှိပေမယ့် ဧပြီလတုန်းက မြဝတီမြို့ကတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဦးရေ ပိုပြီးတိုးလာခဲ့တာပါ။ အဲဒီစခန်းအပြင် တခြားနေရာတွေမှာလည်း စစ်ဘေးရှောင်တွေရှိနေပြီး ပလောတပို့စခန်းကတော့ လူဦးရေအများဆုံးစခန်းဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG