သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘီးလင်းဒေသ ကရင်ကျေးရွာသားတွေ စစ်ဆန့်ကျင်ရေးဆန္ဒပြ


ဘီးလင်းဒေသက ကရင်ကျေးရွာသားများ ဆန္ဒပြမြင်ကွင်း။ (ဓါတ်ပုံ - စောမြအေး - ဇန်နဝါရီ ၂၇၊ ၂၀၂၁)
ဘီးလင်းဒေသက ကရင်ကျေးရွာသားများ ဆန္ဒပြမြင်ကွင်း။ (ဓါတ်ပုံ - စောမြအေး - ဇန်နဝါရီ ၂၇၊ ၂၀၂၁)

[Zawgyi/Unicode]

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ ဒေသခံထောင်နဲ့ချီ ပါဝင်ခဲ့ကြတဲ့ ဒီကနေ့ ဆန္ဒပြလှုပ်ရှားမှုအတွင်း စစ်ရေးပဋိပက္ခတွေ ရပ်စဲပြီး NCA အပစ်ရပ်သဘောတူညီချက်ကို လိုက်နာအကောင်အထည်ဖော်ကြဖို့ လက်နက်ကိုင်အဖွဲ့တွေကို တောင်းဆိုလိုက်ကြတဲ့အကြောင်း တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

NCA အပစ်ရပ်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မြန်မာစစ်တပ်၊ ကရင်နယ်ခြားစောင့်တပ် BGF အဖွဲ့တို့နဲ့ မကြာသေးခင်က လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ပြီးနောက် မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာရှိတဲ့ ကျေးရွာ ၁၁ ရွာက ကရင်ကျေးရွာသား ၂,၀၀၀ ဝန်းကျင် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ် ကျေး ရွာ ကြသောင်းဆိပ်ကျေးရွာတို့ဘက်မှာ စီတန်းလှည့်လည် ဆန္ဒပြလှုပ်ရှားမှုအတွင်း စစ်ရေးတင်းမာမှုတွေ အဆုံးသတ်ဖို့ အဓိက တောင်းဆိုခဲ့ကြကြောင်းလည်း ဆန္ဒပြပွဲမှာပါဝင်ခဲ့သူ ဒေသခံ ကိုမြအေးက ပြောပါတယ်။

“NCA အပစ်ရပ်စဲရေးခိုင်မာဖို့။ NCA စည်းမျဉ်း ကျင့်ဝတ်စည်းကမ်း လိုက်နာဖို့ပေါ့လေ။ ဒီအောက်ခြေတပ်က အောက်ခြေရှေ့တန်းနယ်မြေတွေ မချိုးဖောက်ဖို့။ ဒီအောက်ခြေတွေ တပ်စွဲထားတဲ့ကျေးရွာတွေမှာ ပြန်နောက်ဆုတ်ပေးဖို့။ အောက်ခြေပြဿနာတွေ တခါတလေကျရင်ဒီ နှစ်ဦးနှစ်ဘက် ထိပ်တိုက်ရင်ဆိုင်တဲ့အခါကျတော့ တိုက်ပွဲဖြစ်မှာ စိုးလို့ နှစ်ဦးနှစ်ဘက် ညှိနှိုင်းတိုင်ပင်အဖြေရှာဖို့ပေါ့ကွာ။ တိုက်ပွဲမဖြစ်အောင် အဲဒီလိုပေါ့။ သူတို့ ဆန္ဒဖော်ထုတ်တာ လူဦးရေက ၂,၀၀၀ ကျော်တယ်။”

မကြာသေးခင်က စစ်ရေးတင်းမာမှုတွေအတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကြောင့် ဒေသခံတွေကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေတာဟာလည်း ဆန္ဒပြကြရတဲ့ အကြောင်းရင်း တခုဖြစ်တယ်လို့ ဘီးလင်းမြို့က လှုပ်ရှားမှုကို ဦးဆောင်သူတဦးဖြစ်တဲ့ နော်အဲကညော့ဖောက ပြောပါတယ်။

“ကျေးရွာတွေမှာ စွဲထားတဲ့တပ်စခန်းတွေ ရှိတာပေါ့နော်။ အခုဆိုလို့ ရှိရင် ဝင်းတာပန်ဆိုလို့ ရှိရင်လည်း ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာပေါ့နော်။ ပြီးရင် လေးကေဆိုလည်း ကျမတို့ရွာနဲ့ ဆက်တာပေါ့နော်။ ရွာနဲ့ဆက်တဲ့အပြင် ဆေးရုံဘေးနားပေါ့နော်။ အဲဒီလိုမျိုးတွေ ရှိတာပေါ့နော်။ စစ်စခန်းတွေရွာထဲမှာ ရှိနေတဲ့အတွက် ကျမတို့က မလုံခြုံဘူးပေါ့။ ကျမတို့အနေနဲ့က တိုက်ပွဲတွေ ဘာတွေဖြစ်ခဲ့လို့ ရှိရင်တော့ မလုံခြုံမှာလည်း ကြောက်တယ်။”

သထုံခရိုင်ဘီးလင်းမြို့နယ်ဘက်မှာ ဒီလဆန်းပိုင်းတုန်းက KNU တပ်မဟာ ၁ တပ်ဖွဲ့တွေနဲ့ ကရင်နယ်ခြားစောင့်တပ် BGF တို့ တပ်စွဲထားတဲ့ ကြသောင်းဆိပ်နဲ့ ဝင်းတာပန်ကျေးရွာ တပ်စခန်းမှာ ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွါးခဲ့ကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

မွန်ပြည်နယ် သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အစွန်ဒေသမှာ ကရင်တိုင်းရင်းသားကျေးရွာတွေရှိနေကြသလို ကရင်ပြည်နယ် ဖာအံမြို့နယ်နဲ့ ဖာပွန်မြို့နယ်တို့နဲ့လည်း နယ်နမိတ်ခြင်းဆက်စပ်နေပြီး KNU ကရင်အမျိုးသားအစည်းအရုံးက တပ်မဟာ(၁)နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတုန်းကလည်း မြစ်ကျိုးကျေးရွာနဲ့ လေးကေကျေးရွာဘက်မှာ ထောင်ဂဏန်းရှိတဲ့ ကရင်ကျေးရွာသားတွေ ပထမအကြိမ် ဆန္ဒပြခဲ့ကြပါတယ်။

KNU တပ်မဟာ ၁ ဒေသဖြစ်တဲ့ ဘီးလင်းမြို့နယ်မှာ တိုက်ခိုက်မှုတွေ ကြီးကြီးမားမား မရှိပေမဲ့ ဆက်စပ်ရာ ကရင် ပြည်နယ် ဖာပွန်မြို့နယ်ဘက်က တိုက်ပွဲတွေကြောင့် ဘီးလင်းမြို့နယ်ထဲ တိမ်းရှောင်လာသူတွေ ရှိနေပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ မြန်မာအစိုးရ စစ်တပ်တို့အကြား အပစ်ခတ်ရပ်စဲရေး NCA သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားကြပေမဲ့ ဒီလဆန်းပိုင်းကစလို့ ပဲခူးတိုင်းကျောက်ကြီးမြို့နယ် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တို့ဘက်မှာ KNU လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွါးလာနေတာပါ။ တိုက်ပွဲအတွင်းရွာသားတွေထိခိုက် သေဆုံးမှု ရှိနေသလို လူဦးရေ ၄,၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ဒီလိုဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ KNU ကိုယ်စားလှယ်တွေက မြန်မာအစိုးရ၊ တပ်မတော်တို့နဲ့ ဆွေးနွေးညှိနှိုင်းဖို့လည်း စီစဉ်နေကြပါတယ်။ KNU နဲ့ မြန်မာငြိမ်းချမ်းရေးကော်မရှင် NRPC တို့အကြား အကြိုညှိနှိုင်းမှုတွေ လုပ်နေပေမဲ့ တွေ့ဆုံမယ့်ရက်ကို အတည်မပြုနိုင်သေးကြောင်းလည်း KNU က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG