သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ KNU/PDF တိုက်ပွဲကြောင့် ရွာထဲက ဒုက္ခသည်တွေ ထွက်ပြေးနေရ


မြဝတီခရိုင်ထဲက တိုက်ပွဲတွေကြောင့် သောင်ရင်းမြစ်အနီးကို ပြေးလာတဲ့ ဒုက္ခသည်များ။ (ဒီဇင်ဘာ ၁၉၊ ၂၀၂၁။ ဓာတ်ပုံ - CJ)
မြဝတီခရိုင်ထဲက တိုက်ပွဲတွေကြောင့် သောင်ရင်းမြစ်အနီးကို ပြေးလာတဲ့ ဒုက္ခသည်များ။ (ဒီဇင်ဘာ ၁၉၊ ၂၀၂၁။ ဓာတ်ပုံ - CJ)

(Zawgyi / Unicode)

မြန်မာစစ်ကောင်စီတပ်တွေနဲ့အတူ လက်အောက်ခံ BGF နယ်ခြားစောင့်တပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ဟာ မြဝတီခရိုင်ထဲက မေတ္တာလင်းမြိုင်ရွာဘက်မှာ တိုက်ပွဲဖြစ်ပြီး စနေနေ့ ညနေပိုင်းမှာ ဖလူးရွာထဲက စစ်ဘေးရှောင်ဒုက္ခသည်တွေ ရှိရာကို ဝင်ရာက်ပစ်ခတ်တာတွေ ရှိလာတဲ့အတွက် ဖလူးရွာဘက်မှာလည်း နှစ်ဖက် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဒီအတွက် ကရင်ဒုက္ခသည် ၂,၀၀၀ ကျော်လောက်ဟာ သောင်ရင်းမြစ်ကိုကူးပြီး ထိုင်းဘက်ကို ညဦးပိုင်းထိ ထွက်ပြေးလာနေကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင် ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်ရာ လေးကေ့ကော်မြို့သစ်ထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး လွှတ်တော်အမတ် ၂ ဦးနဲ့ တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးခဲ့တာကစပြီး ကေအန်ယူတပ်ဖွဲ့တွေ၊ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်တာ ၅ ရက်ရှိသွားပါပြီ။ တနင်္ဂနွေနေ့မှာလည်း မေတ္တာလင်းမြိုင်ဆိုတဲ့ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ညနေပိုင်းမှာတော့ ပြည်တွင်းစစ်ဘေးရှောင် ၅,၀၀၀ လောက် ခိုလှုံနေတဲ့ ဖလူးရွာဘက်မှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

ဒုက္ခသည်တွေ ခိုလှုံနေတဲ့ ဖလူးစာသင်ကျောင်းဘက်ကို စစ်ကောင်စီတပ်တွေနဲ့ နယ်ခြားစောင့်တပ်တွေ ဝင်ရောက်လာတဲ့အတွက် ဒုက္ခသည်တွေဟာ ထိုင်းဘက်ကို ထွက်ပြေးနေရကြောင်း ဖလူးရွာက ဒေသခံတဦးက ပြောပြပါတယ်။

“လက်ရှိ ဖြစ်တာက ဖလူးစာသင်ကျောင်းနားမှာ ဖြစ်တယ်။ သူတို့ အတော်များများကိုတော့ ဟိုဘက်ကမ်းကို ကူးပေးထားတယ်။ ညနေကတည်းက မှောင်လို့ ခနရပ်ထားတယ်။ လက်နက်ကြီးသံတွေ သေနတ်သံတွေ နီးနေလို့ ဒီဘက်ကမ်းမှာပဲ ထားထားရတယ်။ ဟိုဘက်ကမ်းကို မရွှေ့ရသေးဘူး။ တဝက်လောက်ပဲ ရွှေ့ရသေးတယ်။”

လူဦးရေ ထောင်နဲ့ချီပြီး သောင်ရင်းမြစ်ကိုကူးပြီး ပြေးနေရကြောင်း၊ အသက်အရွယ် ကြီးသူတွေအတွက် အခက်အခဲရှိကြောင်း ဒုက္ခသည်တွေကို အကူအညီ ပေးနေသူတဦးကလည်း ပြောပြပါတယ်။

“ထောင်နဲ့ချီပြီး ရှိတယ်။ တချို့နေရာတွေမှာလည်း ရေက လူတရပ်နီးပါး နစ်တဲ့အတွက် တချို့ ကျန်းမာရေးမကောင်းတဲ့ သက်ကြီးရွယ်အိုတွေကတော့ ကူးဖို့ခက်ခဲနေတယ်ပေါ့။”

သေနတ်ပစ်ခတ်သံတွေကြောင့် သောင်ရင်းမြစ်ကူးပြီး ထိုင်းဘက်ခြမ်းကို ပြေးနေသူတွေ ရှိသလို ပြေးလို့မရလို့ တောတောင်တွေထဲ ပုန်းနေရသူတွေလည်း ရှိနေသေးတာပါ။ ပြည်တွင်းမှာ ကျန်နေတဲ့ ဒုက္ခသည်တဦးကတော့ အခုလိုပြောပြပါတယ်။

“ချောင်းထဲမှာလေ ရေတွေလည်း စိုရွှဲလို့၊ အဲဒီချောင်းထဲမှာ ချောက်ကမ်းပါးထဲမှာ ကပ်ပြီး နေရတာ ရေထဲမှာ ချမ်းလွန်းလို့ အခု အတော်လေးကို ချမ်းလွန်းလို့ ကျမတို့ မနေရဲတော့ဘူး။ ၅ နာရီ ၁၀ မိနစ်လောက်မှာ ဖောင်းဖောင်း ဂျိမ်းဂျိမ်းနဲ့ ပစ်ကြတယ်။ အမြှောက်ကုန်းက လူတွေက ဆင်းလာတယ်ပြောတယ်။ ဖလူးရွာထဲကို ဝင်လာတော့ ဒီကအဖွဲ့တွေနဲ့ ထိတွေ့မှုတွေတော့ ဖြစ်တာပေါ့။ စကစက ၁၀ ယောက်လောက် ဖလူးရွာထဲမှာ ပိတ်မိနေသေးတယ်။ အဲဒီတော့ တိုက်ပွဲက ဖြစ်ဦးမယ့်သဘောရှိတယ်။”

ထိုင်းဘက်ခြမ်းကို ပြီးခဲ့တဲ့ရက်ကလည်း ဒုက္ခသည် ၂,၀၀၀ ကျော် ထွက်ပြေးလာပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့မှာတော့ ဒုက္ခသည် ၁၀၀ ကျော်ကို ထိုင်းဘက်က မြန်မာဘက်ကို ပြန်ပို့ပေးခဲ့တာတွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီ ဒုက္ခသည်တွေ နေထိုင်ရာ မဲ့ထော်သလေးဘက်မှာလည်း သူတို့နေအိမ်တွေ လက်နက်ကြီးကျည်တွေ ကျလို့ ပျက်စီးတာတွေရှိသလို တိုက်ပွဲတွေက ဆက်ဖြစ်နေတဲ့အတွက် မလုံခြုံတာကြောင့် နေရပ်ပြန်လို့ မရသေးပါဘူး။

ကျန်နေသေးတဲ့ ဒုက္ခသည်တွေဟာ ထိုင်းဘက်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းမှာ ထပ်ပြီး ထွက်ပြေးလာနေတဲ့အတွက် ထိုင်းဘက်ကလည်း စစ်ဘေးရှောင် ဒုက္ခသည်တွေကို နောက်ထပ် နေရပ်ရင်းကို ပြန်ပို့တာတွေ မလုပ်စေချင်ဘူးလို့ ဒုက္ခသည်တွေကို အကူအညီ ပေးနေသူတွေက ဆိုပါတယ်။ မြန်မာဘက်မှာရှိတဲ့ ဒုက္ခသည်တွေဟာလည်း စစ်ပွဲတွေကြောင့် နေထိုင်စရာနေရာ အစားအသောက်နဲ့ သောက်ရေ အခက်အခဲတွေ ကြုံနေရပြီး တောတောင်တွေထဲ တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)












XS
SM
MD
LG