သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီလူငယ် ၆ ဦးကို ပြည်နယ်အစိုးရ စွဲချက်တင်မှု တရားရုံးလက်ခံ


ကရင်နီလူငယ် ၆ ဦးကို ပြည်နယ်အစိုးရ စွဲချက်တင်မှု တရားရုံးလက်ခံ
ကရင်နီလူငယ် ၆ ဦးကို ပြည်နယ်အစိုးရ စွဲချက်တင်မှု တရားရုံးလက်ခံ

ကယားပြည်နယ်ဝန်ကြီးချုပ်ကို အမျိုးသားသစ္စာဖောက်ဆိုပြီး ကြေညာချက်ထုတ်လို့ အရေးယူခံရတဲ့ ကရင်နီလူငယ် ၆ ဦးအမှုမှာနိုင်လွတ်လုံပုဒ်မ ၁၀ နဲ့ စွဲချက်မိန့်ကို တရားရုံးက လက်ခံစစ်ဆေးမယ်လို့ အမိန့်ချလိုက်ပါတယ်။ အစိုးရအာဏာပိုင်တွေရဲ့ မတော်မတရား လုပ်တာကို အကာအကွယ်ပေးဖို့ ဒီဥပဒေကို ရေးဆွဲ အတည်ပြုခဲ့တာဖြစ်ပေမယ့်၊ အခုအမှုမှာ အာဏာပိုင်တွေက ဒီပုဒ်မကို အသုံးချနေတယ်လို့ စွတ်စွဲမှု ရှိသလို တရားရုံးအမိန့်ဟာ - အုပ်ချုပ်ရေးပိုင်းရဲ့ လွှမ်းမိုးမှု ခံရတာလို့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။ ကိုဇော်ထက် မေးမြန်းစုံစမ်း သတင်းပေးပို့ထားပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ကို လွိုင်ကော်မြို့လယ်ပန်းခြံထဲက ဖယ်ရှားပေးဖို့ ပြည်နယ်အစိုးရကိုဆန္ဒပြလို့ အဖမ်းခံရပြီး နိုင်လွတ်လုံပုဒ်မ ၁၀နဲ့ တရားစွဲခံနေရတဲ့ လူငယ် ၆ယောက်ကို မြို့နယ်တရားရုံးက ဒီနေ့ သြဂုတ်လ ၂၆ရက်၊ ၉ ကြိမ်မြောက်ရုံးထုတ်မှာ စွဲချက်မိန့်ကို လက်ခံလိုက်ပြီလို့ ဆုံးဖြတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ရုံးထုတ်တွေမှာ တရားလိုပြသက်သေ ထွက်ဆိုချက်ခိုင်မာမှုမရှိဘဲ စွဲချက်မိန့်ဆက်လက်ခံတာဟာ ဥပဒေအရ ညီညွတ်မှုမရှိကြောင်း တရားစွဲခံလူငယ်တဦးဖြစ်တဲ့ ခူးကြူးဖဲကေးက ဒီနေ့ တရားရုံရှေ့မှာ လာပြီး ဝန်းရံသူတွေကို ပြောခဲ့တာဖြစ်ပါတယ်။

“ အဓိကတော့ ဒီနေ့ ကျနော်တို့ကို စွဲချက်တင်တယ်၊ စွဲချက်တင်တဲ့အပေါ်မှာ တရားလိုဘက်က သက်သေတွေကိုစစ်တဲ့အခါမှာ သက်သေခိုင်မာမှုမရှိဘူး။ ပြီးတော့ အမှုအရခိုင်လုံမှုမရှိပါဘူး။ အဲဒါဆိုရင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ပုဒ်မ ၂၀၉ အရဆိုရင် ကျနော်တို့ကို တရားရှင်လွှတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မလွှတ်ပေးဘူးဆိုကတည်းက အုပ်ချုပ်ရေးပိုင်းက တရားစီရင်ရေးအပိုင်းမှာ ဘယ်လောက်ပါဝင်ပတ်သက်နေလဲဆိုတာ ဒီနေ့အထင်အရှားတွေ့ရမှာ ဖြစ်တယ်။ ခြုံပြီးပြောရရင် အုပ်ချုပ်ရေး အာဏာပိုင်တွေက တရားစီရင်ရေးအပိုင်းမှာ ဝင်ရောက်စွက်ဖက်မှုရှိနေတယ်ဆိုတာ ထောက်ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။”

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို လက်ရှိငြိမ်းချမ်းရေးအနေအထားနဲ့ မလုပ်သင့်သေးကြောင်းနဲ့ ကရင်နီလူထုက အချိန်မီကန့်ကွက်ပေမဲ့ ဆက်လုပ်ပြီး ဆန္ဒပြလူငယ်တွေကိုလည်း အကြမ်းနည်းဖြိုခွဲခဲ့လို့ ၂၀၁၉ ဖေဖော်ဝါရီနေ့ ၁၂ ကို ကရင်နီပြည်လူထုအရေးတော်ပုံနေ့အဖြစ် လူငယ်တွေက မတ်လ ၂၅ရက်မှာ ကြေညာစာထုတ်ခဲ့တာပါ။ ပြီးတော့ ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီးကို အမျိုးသား သစ္စာဖောက် လို့လည်းအဲဒီကြေညာချက်ထဲရေးသားခဲ့ ပါတယ်။

ဒီကြေညာစာက ပြည်နယ်အစိုးရ ဂုဏ်သိက္ခာထိခိုက်မှုရှိလားလို့ တရားလိုရဲ့ သက်သေတွေကို တရားရုံးမှာ မေးတဲ့အခါမှာ သက်သေတွေက ဒါနဲ့ပတ်သက်ပြီးမသိကြောင်း ငြင်းခဲ့လို့ ဥပဒေအရ စွဲချက်မိန့် ဆက်မတင်သင့်ဘူးလို့ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်ဘီတူး က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ တရားသူကြီးဘက်ကတော့ ဘယ်အကြောင်းပြချက်နဲ့ စွဲချက်မိန့်ကိုဆက်တင်သလဲဆိုတာ ပြောရခက်တယ်ပေါ့ သို့သော် အခုတော့စွဲချက်မိန့်ကျသွား တယ်ပေါ့။ လူတွေကအံ့သြတယ် အဲဒီအပေါ်မှာ ခန့်မှန်းထားတာကတော့ တရားရေးအပေါ်မှာ အစိုးရရဲ့ ဖိအားပေးမှုတွေရှိတယ်ဆိုတာတော့ အားလုံးက သုံးသပ်ကြတယ်ပေါ့။ တဘက်မှာလည်း အခြားသောလှုပ်ရှားမှုတွေ ပြန်လုပ်ကြဖို့ဆိုတဲ့ ဟာမျိုးတွေလည်း ပါလာတယ်ခင်ဗျ။”

ဒါကြောင့် ဒီအမှုကို ကရင်နီလူငယ် ၆ယောက်က ဆက်ပြီးရင်ဆိုင်သွားရမှာပါ။ စက်တင်ဘာ၄ရက် နောက်ရုံးချိန်းမှာ တရားစွဲခံလူငယ် ၆ယောက်ဘက်က သက်သေတွေကို စစစ်တော့မှာပါ။

နိုင်လွတ်လုံဥပဒေအတိုင်းဆိုရင် တရားလိုက အမှုကိုတိုက်ရိုက်တိုင်ကြားရမှာဖြစ်ပေမဲ့ ဝန်ကြီးချုပ်ဦးအယ်ဖောင်းရှိုက တိုက်ရိုက်မတိုင်ဘဲသူ့ရဲ့ ကိုယ်စား ပြည်နယ်အစိုးရ လက်ထောက်ညွှန်ကြားရေးမှူးက တိုင်ထားလို့ ဒါက ဥပဒေနဲ့ မညီဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုး က အခုလို ပြောပါတယ်။

“ ကျနော်ကတော့ အမြင်ပဲ ဒီတထပ်တည်းပေါ့ဗျာ သူက နိုင်လွတ်လုံ ဥပဒေက ပြည်သူကိုအုပ်ချုပ်တဲ့ အစိုးရ သို့မဟုတ် ဌာနဆိုင်ရာကနေ အကာအကွယ်ပေးဖို့ ဆွဲထားတဲ့ ဥပဒေပေါ့။ ဒါပေမဲ့ အခုတော့ အစိုးရကနေ ပြည်သူကို တရားစွဲထားတယ်ဆိုတာ ဥပဒေအရ ကျနော့ရဲ့ ကိုယ်ပိုင်အမြင် အရဆိုရင် အဲဒါမှားနေတယ်ပေါ့ အဲဒါကိုပဲ ကျနော်က ထောက်ပြတာပါ။”

လူငယ်တွေနဲ့ ကယားပြည်နယ်အစိုးရအပြန်အလှန်ညှိနှိုင်းတာတွေလုပ်ခဲ့ပြီး မပြေလည်ခဲ့လို့ ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီးတို့ကိုယ်စား လက်ထောက် ညွှန်ကြားရေးမှူး ဦးသက်နောင်က မေလ ၁၆ရက်က တရားလိုလုပ် တရားစွဲခဲ့တာပါ။ နိုင်လွတ်လုံ ပုဒ်မ ၁၀အရဆိုရင် ထောင်ဒဏ် ၆လကနေ အမြင့်ဆုံး ၃နှစ်ဖြစ်ပြီး ဒဏ်ငွေ ၁၅သိန်းအထိ ချမှတ်ခံရနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG