သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း ကရင်နီအရပ်သား ၄၅၀ ကျော်သေဆုံး


စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးမှုဖြစ်နေသည့် ဖယ်ခုံမြို့နယ် တနေရာ။ (Photo: ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖယ်ခုံမြို့နယ်)
စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးမှုဖြစ်နေသည့် ဖယ်ခုံမြို့နယ် တနေရာ။ (Photo: ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖယ်ခုံမြို့နယ်)

စစ်အာဏာသိမ်းပြီး နောက်ပိုင်း ၂ နှစ်ကျော်ကာလအတွင်း ကရင်နီဒေသမှာ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သေဆုံးရတဲ့ အရပ်သားပြည်သူ ၄၅၀ ကျော် ရှိပြီး ဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးလူငယ်တွေ ၅၀ လောက် ပါဝင်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသအတွင်းမှာ အရပ်သား ပစ်မှတ်ထား တိုက်ခိုက်ခံရမှုတွေ ဆိုးဆိုးရွားရွား ကြုံလာခဲ့ရသလို ၂ နှစ်ကျော်အတွင်း စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် သာမာန်အရပ်သား ပြည်သူ ၄၅၀ ကျော် သေဆုံးခဲ့ပြီး အဲ့ဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးလူငယ်တွေ ၅၀ လောက် ပါဝင်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ဆီမှာ ၄၀၀ ကျော်ဆိုတာက တကယ့်ကို လူထုတွေပဲပေါ့နော်။ နောက် ၅၀ ကျော် ဝန်းကျင်က ကျနော်တို့ကလေးပေါ့။ ၁၈ နှစ်အောက် ကလေးတွေ ဖြစ်ပါတယ်။ ကျနော်တို့ အခုနောက်ပိုင်းက ဗုံးကြဲတိုက်ခိုက်ခြင်းခံရတဲ့ နေရာတွေကြည့်လိုက်တော့ ရွာတွေ၊ IDP Camps တွေ၊ ဆေးရုံ ဆေးပေးခန်းတွေ၊ ကျောင်းတွေ ပိုပြီးတော့ ပစ်မှတ်ထား တိုက်ခိုက်ခြင်းခံရတာပေါ့နော်။ အရင်တုန်းက ဗုံးကြဲတယ်ဆိုတာ တိုက်ပွဲဖြစ်တဲ့နေရာ တိုက်ပွဲကာလမှာပဲ ဖြစ်တယ်ပေါ့။ အခုက မဟုတ်တော့ဘူးပေါ့နော်။ တိုက်ပွဲဖြစ်ဖြစ် မဖြစ်ဖြစ် ညပိုင်းတို့ နေ့ခင်းကြောင်တောင်တို့ အထိပေါ့နော်။ အဲ့လိုမျိုး တိုက်ခိုက်တာ ပိုများလာတယ်။”

အခု ၄၅၀ ကျော် ဆိုတဲ့ အရေအတွက်ဟာ ကရင်နီလူ့အခွင့်အရေးအဖွဲ့က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းသာဖြစ်ပြီး လက်လှမ်း မမီတဲ့နေရာတွေလည်း ရှိနေတာမို့ မြေပြင်မှာ ဒီထက်မက သေဆုံးမှု များနိုင်တယ်လို့လည်း ကိုဗညားက ပြောပါတယ်။

ကျေးရွာတွေ စာသင်ကျောင်းတွေ ဘာသာရေးအဆောက်အဦးတွေ၊ ဆေးရုံ၊ ဆေးပေးခန်းတွေ လူများတဲ့နေရာတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်တာတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။ အများစုက လက်နက်ကြီးကြောင့် သေဆုံးတာဖြစ်ပြီး ဒုတိယအများက ဖမ်းဆီးပြီး သေနတ်နဲ့ပစ်သတ်ခံရတာ၊ မြေမြှုပ်မိုင်း နင်းမိလို့ သေဆုံးတာ၊ လေယာဉ်နဲ့ဗုံးကြဲလို့ သေဆုံးသွားရတာတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဘေးလွတ်ရာ တိမ်းရှောင်ရတဲ့ စစ်ပြေးဒုက္ခသည်တွေလည်း အများအပြား ရှိနေပြီး ဒေသခံတွေဟာ စစ်ဘေးလွတ်ရာ တနေရာပြီးတနေရာ ပြောင်းရွှေ့ပုန်းခိုနေကြရတာပါ။ လက်နက်ကြီးသံ၊ လေယာဉ်သံတွေကြားရတိုင်း ဒေသခံတွေဟာ အိပ်မပျော်စားမဝင်နိုင်ဖြစ်ပြီး အမြဲတမ်း စိုးရိမ် ထိတ်လန့်နေကြရတယ်လို့ ဒီးမော့ဆိုမြို့နယ် တနီးလားလဲကျေးရွာခံတဦးက ဗွီအိုအေကိုပြောပါတယ်။

“အမြဲတမ်း ကြောက်ကြောက်လန့်လန့်နဲ့ပဲ နေ့တိုင်းလိုလို နေရတယ်ပေါ့နော်။ တနေ့ကဆို လေယာဉ်ဝဲနေတာကို ဟိုဘက် တူမတော့ ဖုန်းဆက် ပြောပြတာပေါ့နော်။ လေယာဉ်ဝဲလာတယ်တဲ့။ တညလုံး အိပ်လို့တောင် မပျော်ဘူးတဲ့။ ဒီနေရာမှာ ပစ်မလား။ ဟိုနေရာမှာ ပစ်မလား။ အမြဲတမ်း စိုးရိမ်ထိပ်လန့်နေရတာပေ့ါနော်။ လက်နက်ကြီးဆိုလည်း အချိန်မရွေး။ တိုက်ပွဲမရှိလည်း လာတယ်ဆိုတော့ အမြဲတမ်း ထိတ်ထိတ်လန့်လန့်နဲ့ နေ နေရတယ်။”

ကျေးရွာပတ်ဝန်းကျင်နဲ့ စစ်ရှောင်စခန်းတွေမှာ လက်နက်ကြီး ကျလို့ သေဆုံးရတဲ့ဖြစ်စဉ်တွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်လောက်က လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာမှာ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ ရွာခံ ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာခံတဦးက ပြောပြပါတယ်။

“ရွာကြာမှာဆို သူတို့ လက်နက်ကြီး လှမ်းထုရင်းနဲ့ သေဆုံးတာရှိတယ်။ နောက် စစ်ရှောင်က တောင်ပေါ်မှာ သွားစစ်ရှောင်ရင်းနဲ့ အဲ့မှာ လက်နက်ကြီး သူတို့ လှမ်းထု အခါကျတော့ အဲ့မှာ လင်မယားနှစ်ယောက် ဆုံးသွားတာလည်း ရှိတယ်ပေါ့နော်။ ကျမတို့က စိုးရိမ်နေတာပေါ့။ အခုက ကျမတို့ရွာမှာ ပြန်အိပ်လို့ရတယ်ဆိုပေမဲ့ သူတို့ကလည်း တပ်စွဲထားတာရှိတော့နော်။ ကျမတို့ ရွာအပေါ်နဲ့ ရွာအောက်မှာက အမြဲတမ်း သူတို့ နေတဲ့အခါကျတော့ ကျမတို့လည်း လက်နက်ကြီး အသံကြားရပြီဆို တအားစိုးရိမ်ရပြီ။ တချို့ဆို အကြောက်လွန်ပြီးတော့ နှလုံးရောဂါတွေ ရတာတို့လည်း ရှိတယ်ပေါ့နော်။ တချို့နှလုံးရောဂါ မရသေးပေမဲ့ ရင်တုန်ပြီးတော့ တခါတလေဆို သူတို့က အဲ့လက်နက်ကြီးသံကြားပြီးဆို အို…ကြောက်ပြီးတော့ ချီးပါချင် အဲ့လိုလေ။ လူတိုင်းလိုလိုတော့ ဖြစ်သွားတော့မယ်။ အဲ့လိုမျိုးပုံစံပေါ့နော်။ တအားကြောက်သွားတယ်ပေါ့။ လေယာဉ်လာပြီဆို ဘယ်အချိန် ဗုံးကြဲမလဲဆိုတဲ့ စိတ်နဲ့ ကြောက်လန့်ပြီးတော့မှ နေနေရတယ်။”

စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်တဲ့ ဖြစ်စဉ်တွေကြည့်လိုက်ရင် ရည်ရွယ်ချက်ရှိရှိ တမင် စီစဉ်လုပ်ဆောင်တဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ပြောပါတယ်။

“လူ့ထုကို ပစ်မှတ်ထားတိုက်ခိုက်ကတည်းကိုက ကလေးပဲဖြစ်ဖြစ် အသက်ကြီးရွယ်အိုပဲ ဖြစ်ဖြစ် ဒီလုပ်ရပ် အားလုံးကတော့ ရာဇဝတ်မှု မြောက်တယ်ပေါ့နော်။ နောက်ပြီးတော့မှ တိုက်ခိုက်တဲ့ ပုံစံကြည့်တော့လည်း ရွယ်ရည်ချက်ရှိရှိ တိုက်ခိုက်တယ်ပေါ့နော်။ ဥပမာဖြင့် IDP စခန်းတွေကို ဗုံးကြဲ တိုက်ခိုက်တာတွေ IDP စခန်းရှိတဲ့ အရပ်တွေထဲကို လက်နက်ကြီးနဲ့ ပစ်ထည့်တာတွေပေါ့နော်။ ကျောင်းတွေကို ပစ်မှတ်ထား၊ ဆေးရုံတွေ ပစ်မှတ်ထား ဒါကတော့ တကယ့်ကို ဒါ War Crimes ပဲ။ ဒါက ငြင်းလို့မရတဲ့ အရာတခုဖြစ်တယ်ပေါ့နော်။ အခြားတဘက်မှာကလည်း ဒီလိုမျိုး လုပ်ရပ်တွေကလေ ကျနော်တို့ War crimes မြောက်တဲ့အပြင် Crimes Against Humanity လည်း မြောက်တယ်ပေါ့နော်။”

ကရင်နီဒေသတွေအတွင်း အရပ်သားတွေ ထိခိုက် သေကြေမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မရှိသလို လူ့အခွင့်အရေး အဖွဲ့တွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်အပေါ် စစ်ကောင်စီရဲ့ တုံ့ပြန်ချက် သိရဖို့ စစ်ကောင်စီ ပြောခွင့်ရကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ပြန်လည် ဖြေကြားတာ မရှိသေးပါဘူး။

ကရင်နီဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က အစီရင်ခံစာပြုစုထားပြီး ကျူးလွန်သူတွေ အပေါ် တရားဥပဒေကြောင်းအရ အရေးယူတာတွေ ဖြစ်လာအောင် နိုင်ငံတကာကို ဆက်လက် တင်ပြသွားမယ်လို့ ဒီအဖွဲ့ကို တည်ထောင်သူ ကိုဗညားက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG