သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်


 ကျောက်ကြီးမြို့နယ် တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးလာကြရသူ ဒေသခံများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
ကျောက်ကြီးမြို့နယ် တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးလာကြရသူ ဒေသခံများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့ တနေ့လုံး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ လေယာဉ်ကနေ ပေါင် ၅၀၀ ဗုံးတွေကို ၈ ကြိမ် ထက်မနည်း ကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခု လက်ရှိအခြေအနေမှာ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး လူတချို့ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာ ဖေဖေါ်ဝါရီလ ၂၅ ရက် က တိုက်ပွဲရှိနေတာမဟုတ်ဘဲနဲ့ စစ်ကောင်စီဘက်က လေကြောင်းကနေ ၈ ကြိမ်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတဦးက အခုလိုပြောပါတယ်။

"လေယာဉ်ကတော့ ၇ ကြိမ် ၈ ကြိမ်လောက်လာသွားတယ်။ ဘယ်လိုဗုံးတွေ ကြဲချသလဲတော့မသိဘူး။ အသံကတော့ အတော်ကျယ်တယ်။ မြေကြီးတွေဆိုလည်း တုန်ခါသွားတဲ့သဘောမှာရှိတယ်။ အသံတွေကလည်းဆူညံနေတာပဲ။ လေယာဉ်တွေကလည်း တောက်လျှောက်လာတယ်။ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်။ထိခိုက်မှုတွေရှိတယ်။ အဲဒီမှာတော့ ရွာသားတွေကတော့ ကြောက်လန့်တကြားနဲ့ ထိတ်လန့်နေရတဲ့အခြေအနေရှိပါတယ်။"

အဲဒီဒေသမှာ ကရင်အမျိုးသားလွတ်မြောက်နေရေးတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ မကြာခနတိုက်ပွဲတွေဖြစ်နေတာကြောင့် လေကြောင်းကနေ အကြိမ်ကြိမ်တိုက်ခိုက်နေကြောင်းကိုလည်း ဒေသခံက ဆက်ပြောပြပါတယ်။

"ဒီဘက်ဒေသကတော့ စစ်ပွဲတွေ၊ တိုက်ပွဲတွေဖြစ်နေတာပေါ့နော်။ တိုက်ပွဲတွေဖြစ်တဲ့နေရာနဲ့မဝေးတော့ လေယာဉ်ကတောက်လျှောက်လာနေတာပေါ့နော်။ ဒီလိုမျိုး တောက်လျှေက်လာတာကတော့ PDF တွေရှိမယ်ထင်တဲ့နေရာတွေကို လိုက်ပစ်နေတဲ့သဘောပေါ့နော်၊ ဒါပေမဲ့ ဆက်တိုက်လာတာကတော့ PDF တွေရှိမယ်ထင်တဲ့နေရာတွေကို ရမ်းသမ်းပစ်နေတဲ့သဘောပေါ့နော်၊ ပြီးခဲ့တဲ့တိုက်ပွဲကာလမှာလည်း တောက်လျှောက် လေယာဉ်ကလာတယ်။ အခုဟာကတော့ တိုက်ပွဲမရှိဘဲ လာတာပေါ့နော်။"

ဒေသခံတွေ သောင်းနဲ့ချီတိမ်းရှောင်နေရတဲ့ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်နဲ့ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီက ဒေသခံကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်၊ လေကြောင်းကနေလည်း မကြာခနတိုက်ခိုက်နေတယ်လို့လည်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်က ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါ်ကလည်း ပြောပါတယ်။

"တပ်မဟာ ၃ မှာဆိုရင် လက်နက်ကြီးနဲ့ ပုံမှန်ပစ်တယ်။ တိုက်ပွဲဖြစ်တာနဲ့ သူတို့ လက်နက်ကြီးနဲ့မထိတော့ဘူးဆိုရင် လေယာဉ်နဲ့လာပစ်တယ်။ ကျနော်တို့ပြန်ကြည့်တာပေါ့နော်။ လက်နက်ကြီး ၅ ကြိမ်ပစ်ရင် လေယာဉ်ကတော့ ၂ ကြိမ်လောက် ပါတယ်။"

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်တဲ့ ခရိုင် ၇ ခုမှာ စစ်ကောင်စီအာဏာသိမ်းလိုက်တဲ့ ၃ နှစ်တာကာလအတွင်းမှာ စစ်ဘေးရှောင်ပြည်သူ ၇ သိန်းကျော်သွားပြီလို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။ နှစ်ဖက်တိုက်ပွဲတွေအတွင်း လက်နက်ကြီးတွေနဲ့ပစ်ခတ်၊ လေကြောင်းကတိုက်ခိုက်တာတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးရပြီး နောက် ရွာလုံးကျွတ် ရွှေ့ပြောင်းခဲ့ရတာတွေ ရှိခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်ကူပြုကွန်ယက်ကလည်း ပြောထားပါတယ်။

Forum

XS
SM
MD
LG