သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မြို့တွင်း ကျေးရွာတခုနားမှာ စစ်တပ်ကို KIA တိုက်ခိုက်


ရှေ့တန်းမှာ တွေ့ရတဲ့ KIA တပ်ဖွဲ့ဝင်တချို့(ဓာတ်ပုံ - AFP)
ရှေ့တန်းမှာ တွေ့ရတဲ့ KIA တပ်ဖွဲ့ဝင်တချို့(ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဒွန်ဘုန်းခကျေးရွာနားမှာ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း ပြန်လှန်ပစ်ခတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးကောင်းကနေ တနိုင်းဘက်ကို တက်လာတဲ့ စစ်ကူတွေကို တိုက်ခိုက်ခဲ့တာ ဟုတ်မှန်ကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မမြသဇင်အောင်က ပြောပြပါမယ်။

စက်တင်ဘာလ ၂၃ ရက် ဒီကနေ့မနက်ပိုင်းလောက်က ဖားကန့်မြို့နယ် ဒွန်ဘုန်းခကျေးရွာနား လီဒိုလမ်းမကြီးပေါ်မှာ စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်ကလည်း ပြန်ပစ်ခဲ့တယ်လို့ ဖားကန့် ဒေသခံတဦးက VOA ကို ပြောပါတယ်။
“ဒီနေ့ ၁၀ နာရီလောက် ဒီဘက်မှာ နည်းနည်းတိုက်ပွဲလေးဖြစ်ထားလို့လေ၊ နမ္မတူးနဲ့ ဒွန်ဘုန်းခကျေးရွာ အဲ့ကြားမှာပေ့ါနော်၊ စစ်ကောင်စီတပ်တွေက သူတို့အဲ့ဘက်ကနေ ထိုးစစ်နဲ့ လာခဲ့တဲ့အချိန်မှာ KIA ဘက်ကတော့ မိုင်းနှစ်လုံးလောက် ပစ်ပေါက်လိုက်တာပေါ့၊ အဲ့လိုမျိုးတော့ရှိတာပဲ၊ အဲ့လိုမျိုးပစ်ပေါက်လိုက်တော့ စကစဘက်ကတော့ သူတို့ရမ်းပစ်တာတော့ရှိတယ် ထိခိုက်မှုတော့ ရှိလားမသိဘူး၊ ဒါပေမယ့် လီဒိုလမ်းကြီးတော့ နာရီပိုင်းလေးတော့ ပိတ်သွားတာပေါ့။”

ဒီတိုက်ခိုက်မှုဖြစ်ခဲ့တာကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း အတည်ပြုပြောပါတယ်။
“ကျနော်ကြားသလောက်ကတော့ ဒီမိုးကောင်းဘက်ကနဲ့ တနိုင်းဘက်ကို တက်သွားတဲ့ စစ်ကောင်စီစစ်သားတွေပေါ့နော်၊ ဒီလမ်းကြားမှာ ခုခံတိုက်ခိုက်တဲ့ တိုက်ပွဲလောက်ပဲ ကျနော်ကြားပါတယ်၊ သိပ်ပြီးမှ တိုက်ပွဲပြင်းပြင်းထန်ထန် ရှိတယ်ဆိုတာတော့ မကြားပါဘူး၊ ဟိုစစ်ကောင်စီဘက်က လှုပ်ရှားလာတဲ့ စစ်ကြောင်းတွေကိုပေါ့နော် KIA ဘက်ကနဲ့ ခုခံတိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းလောက်ပဲကြားပါတယ်။”
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့က တနိုင်း-ရှင်ဗွေယန်လမ်းမပေါ် တရုန်ကျေးရွာနားမှာ KIA နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲဖြစ်ခဲ့သလို စက်တင်ဘာလ ၁၅ ရက်နေ့မှာလည်း တရုန်နဲ့ တခက်ကျေးရွာကြားမှာ KIA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တရုန်ကျေးရွာကနေ တခက်ကျေးရွာဘက်ကို စစ်တပ်ကတက်သွားချိန် KIA က ကြားဖြတ်မိုင်းခွဲတိုက်ခိုက်ပြီး အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲဖြစ်တဲ့ဘက်ကို စစ်ကောင်စီက စစ်ကူတွေ စေလွှတ်ခဲ့ပြီး အင်အားတိုးချနေတာလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ ဒါအပြင် မိုးမောက်မြို့နယ်ဘက်မှာလည်း စစ်တပ်ဘက်က အင်အားတိုးချထားတယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်နေပါတယ်။

............................................................................................


(Unicode)





XS
SM
MD
LG