သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွတ်ခိုင်အနီး စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲဖြစ်ပွား


KIA တပ်ဖွဲ့ဝင်အချို့။ (အောက်တိုဘာ ၁၄၊ ၂၀၁၆)
KIA တပ်ဖွဲ့ဝင်အချို့။ (အောက်တိုဘာ ၁၄၊ ၂၀၁၆)

(Zawgyi / Unicode)

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက စစ်ကောင်စီနဲ့ ကချင်လက်နက်ကိုင် KIA အကြား တိုက်ပွဲဖြစ်ပွားခဲ့သလို စစ်ကိုင်းတိုင်း ကသာမြို့နယ်ဘက်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အင်္ဂါနေ့ကတော့ သိန္နီမြို့ကနေ ကွမ်းလုံဘက်အထွက် စစ်ဆေးရေးဂိတ်မှာ တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။ ရန်ကုန်က ပေးပို့ထားတဲ့သတင်းကို တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုကားလမ်းမမှာ ဒီကနေ့မနက် အစောပိုင်းက စစ်ကောင်စီယာဉ်တန်းကို KIA က အနည်းဆုံး ၂ နေရာ ကြားဖြတ်တိုက်ခိုက်တဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ဒီသတင်းနဲ့ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ကျနော်တို့ဆီမှာ တက်တဲ့သတင်းအရ ပြောမယ်ဆိုရင် ကွတ်ခိုင်ဘက်ကနဲ့ မူဆယ်ဘက်ကို စစ်လက်နက်နဲ့ စစ်အင်အားတွေ၊ လူအင်အားတွေ တက်လာတဲ့ စစ်ကြောင်းတွေကို KIA ဘက်ကနဲ့ တပ်ရင်း ၃၉ ဘက်က ရဲဘော်တွေပေါ့၊ ဒီ ကြားဖြတ်ပြီးမှ တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းလောက်ပဲ ထွက်ပါတယ်။ အဲဒီတိုက်ပွဲကတော့ ၂ နေရာလောက် ကြားဖြတ်ပြီးတော့ တိုက်ခိုက်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် မြေပြင်သတင်းတွေကတော့ အတိအကျတော့ ဘာမှ သူတို့ ပြောလာတာ မရှိသေးပါဘူး။”

စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းကို သိန္နီနဲ့ ကွတ်ခိုင်အကြား နမ့်ပါချီရွာနား တနေရာနဲ့ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာအကြား ယုံငေ့ါနဲ့ နမ့်ကွတ်အကြား ၂ နေရာမှာ KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာအချို့က ဖော်ပြပါတယ်။

ကွတ်ခိုင်ဒေသခံတဦးကတော့ ဗုဒ္ဓဟူးနေ့မနက် ၂ နာရီကျော်လောက်မှာ နမ့်ပါချီဘက်မှာ တိုက်ပွဲဖြစ်သံ ကြားရပေမယ့် သေချာမသိရကြောင်း ပြောပါတယ်။

အင်္ဂါနေ့ ညပိုင်းကတော့ သိန္နီမြို့ကနေ ကွမ်းလုံဘက်အထွက် စစ်ဆေးရေးဂိတ်မှာ ဗုံးပစ်သွားတာ ကြားသိရကြောင်း ကွတ်ခိုင်ဒေသခံက အခုလို ဆက်ပြောပါတယ်။

“သိန္နီအထွက်လေးမှာ လက်လုပ်မိုင်းနဲ့ လက်လုပ်မိုင်းလား ဘာမိုင်းလဲ မသိဘူး။ ယမ်းမီးရှို့ပြီး ဂိတ်မှာ ပစ်ချသွားတယ်လို့ ပြောတယ်။ သိန္နီအထွက်က ဂိတ်ပေါ့။ ကွမ်းလုံဘက်ကို ထွက်တဲ့ဂိတ် အဲလို ပစ်ချသွားတယ်တဲ့၊ မိုင်း။ အသေအပျောက်မရှိဘူးလို့ ပြောတယ်။”

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားတာ သတင်းမရသေးကြောင်းနဲ့ သိန္နီမြို့ အထွက်ဂိတ်ကိုတော့ MNDAA ကိုးကန့်အဖွဲ့တွေက အင်္ဂါနေ့ည ၇ နာရီလောက်မှာ လာရောက်တိုက်ခိုက်တာ ရှိကြောင်း ပြောပါတယ်။

“ကွတ်ခိုင်ဘက်၊ အေးပေါ့၊ သိန္နီဘက်မှာတော့ ရှိတယ်။ သိန္နီဘက်မှာတော့ ကျနော်တို့ ည ၇ နာရီလောက်မှာ ဖြစ်တဲ့ဟာတော့ ရှိတယ်။ အဲဒါတော့ သိန္နီ-ကွမ်းလုံ ကားလမ်းပေါ်မှာ၊ သိန္နီမြို့အထွက် ပန်လော့ကား တိုးဂိတ်မှာ MNDAA ၇ ယောက်လောက် လာပစ်တဲ့ဟာ ရှိတယ်။ လာပစ်ပြီးတော့ကျ အဲဒီတိုးဂိတ်ကို မီးရှို့ခဲ့တာရှိတယ်။ မီးရှို့တာ အခန်း ၂ ခန်း ပျက်သွားတာရှိတယ်။ အဲဒီဖြစ်စဉ်လေးပဲ ရှိတယ်။”

တိုးဂိတ်ဝန်ထမ်းတဦးနဲ့ ကားသမားနှစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောပါတယ်။

ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်ဘက်မှာ တိုက်ပွဲဖြစ်ခဲ့သလို စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာလည်း စစ်ကောင်စီနဲ့ ကချင်လက်နက်ကိုင် KIA၊ PDF ပူးပေါင်းတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ကသာဘက်ကနေ ကျနော်တို့ တပ်ရင်း ၅ နယ်မြေဘက်မှာ စစ်အင်အားနဲ့ ထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို ခုခံတိုက်ပွဲဖြစ်တာ ရှိပါတယ်။ ဒါပေမယ့် တိုက်ပွဲဖြစ်တဲ့နေရာမှာ ပြန်ရပ်သွားပြီဆိုတဲ့ သတင်းလောက်တော့ ကျနော်တို့ ကြားပါတယ်။ နောက်ပိုင်း သတင်းတွေကတော့ ကျနော်တို့လည်း မကြားပါဘူး။”

စစ်ကိုင်းတိုင်းအတွင်းမှာတော့ ဒီပဲယင်း၊ ဆားလင်းကြီး စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ PDF အကြား တိုက်ပွဲပြင်းထန်နေသလို ဆားလင်းကြီး၊ အရာတော်၊ မြောင်၊ ထီးချိုင့်၊ ကသာ စတဲ့ဒေသက PDF တွေကလည်း ပြည်သူတွေကို ညပိုင်း အသွားအလာမလုပ်ဖို့ တားမြစ်တာတွေ ရှိနေပါတယ်။

----------------------

(Unicode)
















XS
SM
MD
LG