သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာရှင်တော်လှန်ရေး ရည်မှန်းချက်တူသူအားလုံး ပူးပေါင်းဖို့ KIO ဥက္ကဋ္ဌ တိုက်တွန်း


ကချင်လွတ်လပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ။ (ဖေဖော်ဝါရီ ၅၊ ၂၀၂၂။ ဓာတ်ပုံ - လိုင်ဇာတီဗွီ)
ကချင်လွတ်လပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ။ (ဖေဖော်ဝါရီ ၅၊ ၂၀၂၂။ ဓာတ်ပုံ - လိုင်ဇာတီဗွီ)

(Zawgyi / Unicode)

စစ်အာဏာရှင်ကို တော်လှန်ရာမှာ ရည်မှန်းချက်တူသူတွေ အားလုံးနဲ့ ပူးပေါင်းသွားဖို့ KIO ကချင်လွတ်လပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းလိုက်သလို ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုလည်း ပံ့ပိုးရမယ်လို့ ပြောပါတယ်။ တချိန်တည်းမှာတော့ ဖားကန့်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းက နှစ်ကြိမ်တိုက်ခိုက်ခဲ့တာမှာ အရပ်သားထိခိုက်တာတွေ ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုကျော်ကျော်သိန်း ပြောပြပါမယ်။

KIO/KIA ရဲ့ ၆၁ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားကို ဌာနချုပ် လိုင်ဇာမှာ ကျင်းပခဲ့ပြီး အဲဒီအခမ်းအနားမှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ကချင်ဘာသာနဲ့ မိန့်ခွန်းပြောကြားခဲ့တဲ့အထဲ စစ်အာဏာရှင် ချုပ်ငြိမ်းရေး၊ NUG ကို ပံ့ပိုးရေးတွေကို ထည့်သွင်းပြောကြားခဲ့တယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗွီအိုအေကို ပြောပါတယ်။

“ဒီစစ်အာဏာရှင်ချုပ်ငြိမ်းဖို့ ကျနော်တို့ ရည်မှန်းချက် တူညီနေတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းပြီးမှ ဆက်သွားဖို့ ပြည်သူလူထုနဲ့ ဝန်ထမ်းတွေ အားလုံးကို တိုက်တွန်းထားတာ ရှိပါတယ်။ ပါပါတယ်။ နောက်တခုရှိတာက NUG ကိုလည်း ကျနော်တို့ ပံ့ပိုးရမှာ ဖြစ်ပါတယ်။ အားလုံးစုပေါင်းပြီးမှ တွန်းလှန်မှသာလျှင် ဒီ အာဏာရှင်စနစ်ကို ချုပ်ငြိမ်းရမှာ ဖြစ်ပါတယ်ဆိုတဲ့ အကြောင်းတွေ ပါပါတယ်။”

တခြား အရေးကြီးတဲ့ အချက်တွေကတော့ တော်လှန်ရေးကို နိုင်ငံရေးနည်းအရ ချုပ်ငြိမ်းရမှာဖြစ်ပေမယ့် ပွင့်လင်းတဲ့ ဆွေးနွေးမှုတွေ မရှိလို့ ကြန့်ကြာခဲ့တာဖြစ်ကြောင်း၊ KIO အနေနဲ့ ပင်လုံကတိကဝတ်ကို အခြေခံပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှာ ဖြစ်ကြောင်းနဲ့ မြန်မာစစ်တပ်က အရာရှိနဲ့ တပ်သားတွေအနေနဲ့ စစ်အာဏာရှင်ကို မကာကွယ်ဘဲ ပြည်သူကိုကာကွယ်ဖို့ တိုက်တွန်းကြောင်း စတာတွေ ထည့်သွင်းပြောကြားခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

ကချင်တော်လှန်ရေးနေ့ဟာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကို စတင်ဖွဲ့စည်းခဲ့တဲ့ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ကို အထိမ်းအမှတ်ပြု သတ်မှတ်ကျင်းပတာလည်း ဖြစ်ပါတယ်။

KIO ဌာနချုပ် လိုင်ဇာမှာ တော်လှန်ရေးနေ့ ကျင်းပနေချိန်မှာပဲ ဖားကန့်မြို့နယ်ဘက်မှာတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ဖားကန့်ဘက်က တိုက်ပွဲက ဒီနေ့လည်း တိုက်နေတုန်းပဲ ဖြစ်ပါတယ်။ အခု ၂ ရက်၊ ၃ ရက်လောက် ရှိပါပြီ။ တပ်မတော် ဒီ စစ်ကောင်စီဘက်ကနေလည်း လေယာဉ်ပျံနဲ့ပေ့ါနော်။ လေကြောင်းကနေ လာတိုက်တာ ရှိပါတယ်။ ဒီနေ့လည်း ညနေပိုင်းမှာ သူတို့လာပြီးမှ ဗုံးကြဲတာရှိပါတယ်။”

ဒီကနေ့ညနေ ၃ နာရီခွဲလောက်က စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲရာမှာ ဖားကန့်မြို့နယ် ဆိုင်းဖရာရွာနဲ့ ကပ်မှော်ဇွပ်ရွာအကြား ကျရောက်ပေါက်ကွဲပြီး မိသားစု နှစ်စု၊ လူလေးယောက် ထိခိုက်ခဲ့ကြောင်း ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ရွာအောက်ဘက်ထဲဟို ကပ်မှော်ရွာနဲ့ ဆိုင်းဖရာရွာ အစပ်နားကို ချသွားတယ်။ ခုန ကြဲသွားတာတော့ ဂျက်တစီးနဲ့ နောက် ဟတ်စကီးတစီး ပြန်လာတာကတော့ အခုပဲ ပြန်ဆင်းသွားတယ်။ မိသားစုနှစ်စု ထိသွားတာ။ တစုက နှစ်ယောက်၊ နှစ်ယောက်ပေါ့။”

ထိခိုက်ဒဏ်ရာရသူတွေကို မြစ်ကြီးနားပို့ဆောင်ဖို့ လုပ်နေကြောင်း ပြောပါတယ်။

ဖားကန့်မြို့နယ် ဖားကန့်နဲ့ ကားမိုင်းကားလမ်းပေါ်က ဆိုင်းဖရာရွာနဲ့ ခွန်ဆိုင်ယန်ရွာ အကြားမှာ ဒီလ ၃ ရက်နေ့တည်းက တိုက်ပွဲတွေ ဖြစ်နေတာပါ။

ဖေဖော်ဝါရီလ ၄ ရက်နေ့၊ သောကြာနေ့ကတော့ စစ်ကောင်စီဘက်က လေကြောင်းကနေ သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သလို ဒီကနေ့မှာတော့ နေ့ခင်း ၁ နာရီလောက်က တကြိမ်နဲ့ ညနေ ၃ နာရီခွဲလောက်မှာ တကြိမ်၊ နှစ်ကြိမ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)














XS
SM
MD
LG