သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်ကိုကာထားတဲ့ စစ်တပ်စခန်း KIA သိမ်းပိုက်


ကချင်ပြည်နယ် ဖားကန့်မြို့ကို အကာအကွယ်ပေးထားတဲ့ လမောင်ဗျူဟာကုန်းကို Google Earth မြေပုံမှာတွေ့ရစဉ် (ဩဂုတ် ၁၅၊ ၂၀၂၄)
ကချင်ပြည်နယ် ဖားကန့်မြို့ကို အကာအကွယ်ပေးထားတဲ့ လမောင်ဗျူဟာကုန်းကို Google Earth မြေပုံမှာတွေ့ရစဉ် (ဩဂုတ် ၁၅၊ ၂၀၂၄)

ကချင်ပြည်နယ် ဖားကန့်မြို့ကို အကာအကွယ်ယူထားတဲ့ လမောင်တပ်စခန်းကို KIA ကချင်တပ်တွေနဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့ပါတယ်။ စစ်တပ်အတွက် အရေးပါတဲ့ လမောင်နဲ့ တောမှော်တပ်စခန်းတွေကို ဗုဒ္ဓဟူးနေ့ မနက်ထဲက KIA တပ်တွေ စတင်ခိုက်ခဲ့တာဖြစ်ပါတယ်။ ရှမ်းပြည်နယ် သီပေါနဲ့ နောင်ချိုဘက်မှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ ရှမ်းပြည်ဘက်က တိုက်ပွဲ နောက်ဆုံးအခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို တင်ပြထားပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အကာအကွယ်ပေးထားတဲ့ စစ်တပ်ရဲ့ လမောင်နဲ့ တောမှော်က တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF အဖွဲ့တွေပူးပေါင်းပြီး ဩဂုတ်လ ၁၄ ရက် ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီနေ့ ကြာသပတေးနေ့ မနက်ပိုင်းမှာတော့ လမောင်တပ်စခန်းကို သိမ်းယူနိုင်ခဲ့ပြီး တောမှော်တပ်စခန်းကို ဆက်လက် တိုက်ခိုက်နေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို ပြောပါတယ်။

“ ဖားကန့်ဘက်က တိုက်ပွဲအခြေအနေကတော့ တောမှော်နဲ့ လမောင်ကောင့်ဆိုတဲ့ တပ်စခန်းကို ဝင်တိုက်တဲ့ ဖြစ်စဉ်ရှိပါတယ်။ ဒီနေ့တော့ ဒီမနက် ၉ နာရီအချိန်မှာကတော့ လမောင်ကောင့်ဆိုတဲ့တပ်စခန်းကိုတော့ သိမ်းပိုက်လို့ ရပါပြီ။ အခုဆက်ပြီးမှ တောမှော်စခန်းကိုတော့ တိုက်ပွဲဝင်နေတုံး ဖြစ်ပါတယ်ခင်ဗျ။ ဖားကန့်ကို လုံခြုံရေးပေးထားတဲ့၊ ယူထားတဲ့ စခန်းကုန်းတွေဖြစ်ပါတယ်။ အရေးကြီးတယ်လို့ ပြောလို့ ရပါတယ်။ ”

ဗုဒ္ဓဟူးနေ့ကတော့ မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီက လေကြောင်းက ၂ ကြိမ်တိုက်ခဲ့ပါတယ်။ ဒီနေ့အခြေအနေကတော့ သတင်းအတိအကျ မရသေးတာကြောင့် မပြောနိုင်သေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက အစောပိုင်းက ပြောကြားခဲ့ပါတယ်။

“ မနေ့ကတော့ လေကြောင်းလာတာ ရှိပါတယ်။ ဒီနေ့လည်း လာမယ်လို့တော့ ကျနော် ထင်ပါတယ်။ သူတို့ကတော့ အားကိုးတကြီးနဲ့ သုံးနေတဲ့ လေကြောင်းဆိုတော့ လာမယ်လို့တော့ ကျနော် ထင်ပါတယ်။ ဒါပေမဲ့ သတင်းအတိအကျတော့ မကြားသိရပါဘူး။”

ကချင်းပြည်နယ် ဖားကန့်မြို့ မြို့အထွက်ဆိုင်းဘုတ်
ကချင်းပြည်နယ် ဖားကန့်မြို့ မြို့အထွက်ဆိုင်းဘုတ်

လမောင်တပ်စခန်းမှာ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာတော့ မရှိပါဘူး။ ဖားကန့်ဒေသခံတဦးကလည်း လမောင်ကုန်းကို သိမ်းယူမှုနဲ့ပတ်သက်လို့ သူသိရသမျှကို အခုလို ပြောပြပါတယ်။

“ လမောင်ကုန်းနဲ့ ဟိုဘက်က တောမှော်တို့ ဘာတို့ အဲဒါတွေ မနေ့က တိုက်ပွဲစဖြစ်တယ်တဲ့။ မနေ့က ဖားကန့်ကလည်း လက်နက်ကြီးနဲ့ လှမ်းထုတာရယ်။ နောက်ပြီးတော့ လေယာဉ်နဲ့လည်း လာတာဆိုတော့ကာ မနေ့က မသိမ်းနိုင်ဘူး။ ဒီနေ့တော့ သိမ်းနိုင်လိုက်တယ်လို့ အဲလိုတော့ကြားတာ။ မနေ့က လေယာဉ်နဲ့ ၂ခေါက်လာပြီး ဗုံးကြဲတယ်လို့တော့ ကြားတာ။”

လက်ရှိမှာ ဖားကန့်အပါအဝင် ကချင်ပြည်နယ်အတွင်းမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်နေတာကိုလည်း ပြောပြပါတယ်။

“ ဖားကန့်မှာက မရဘူး။ လုံးခင်းလည်း မရဘူး။ ဖားကန့် အဲဒီဘက်ကြောတွေ တနေရာမှ မရဘူး။ ဟိုနေ့က ကျနော်ဆင်းလာတော့တောင် မိုးကောင်းမှာကတော့ နည်းနည်း ဖုန်းလိုင်းလေးတွေ၊ သူတို့ ရတဲ့နေရာလေးတွေ လာဆက်နေကြတာတွေတော့ ရှိတယ်။”

ဖားကန့်ဒေသတိုက်ပွဲကြောင့် ဒေသခံထောင်နဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း ဒေသခံတဦးက VOA ကို ဗုဒ္ဓဟူးနေ့က ပြောထားပါတယ်။ လက်ရှိမှာ မြို့တော် မြစ်ကြီးနားအပါအဝင် ကချင်ပြည်နယ်တဝှမ်းမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဇူလိုင်လ ၂၁ရက်နေ့က စတင်ပြတ်တောက်နေပြီး နေရာအချို့မှာသာ တခါတရံ ဖုန်းခေါ်ဆိုရရှိနေတာလည်း ဖြစ်ပါတယ်။ ဖားကန့်မြို့မှာတော့ ၂၀၂၁ခုနှစ် သြဂုတ်လကစတင်ပြီး အင်တာနက်လိုင်းပြတ်တောက်နေတာပါ။

ဒီရက်ပိုင်းမှာတော့ ကချင်ပြည်နယ် မိုးမောက်မြို့ အခြေစိုက် ခမရ ၄၃၇ ကို KIA ပူးပေါင်းတပ်တွေက ရက်ပေါင်း ၂၀ ကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီက တပ်စခန်းမကျရေးအတွက် လေကြောင်းကနေ အပြင်းအထန် ခုခံတိုက်ခိုက်နေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနဲ့ နောင်ချိုဘက်မှာတော့ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

သီပေါမြို့ ခလရ ၂၃ တိုက်ပွဲမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၄ ကြိမ်၊ Y12 လေယာဉ်နဲ့ ၁၆ ကြိမ် တိုက်ခိုက်ပြီး ဗုံးအလုံး ၁၂၀ကျော်ကြဲချခဲ့ကြောင်းနဲ့ နောင်ချိုမြို့နယ် တောင်ခမ်းနဲ့ နောင်လင် ကျေးရွာ တိုက်ပွဲတွေမှာတော့ Y12 လေယာဉ်နဲ့ တကြိမ်လာရောက်ပြီး ဗုံး ၄လုံးကြဲချခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။ သီပေါတိုက်ပွဲမှာ ၅ ရက်အတွင်း အရပ်သား ၁၁ ဦးသေဆုံးပြီး ၁၂ဦးဒဏ်ရာရကြောင်း TNLA က သတင်းထုတ်ပြန်ထားပေမဲ့ ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG