သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနား ၂၁ မိုင် စစ်ဆေးရေးဂိတ် KIA နဲ့ PDF ပူးပေါင်းတိုက်ခိုက်


KIA တပ်ဖွဲ့ဝင်အချို့။
KIA တပ်ဖွဲ့ဝင်အချို့။

(Zawgyi / Unicode)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တော်အဝင် ၂၁ မိုင် စစ်ဆေးရေးဂိတ်ကို KIA ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ဒေသခံ PDF ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗွီအိုအေကို ပြောပါတယ်။

“ဟုတ်ကဲ့ ဒီနေ့ မတ်လ ၁၉ ရက်နေ့ မနက် ၄ နာရီကနေ ၆ နာရီကြားမှာ အဲဒီ ၂၁ ဂိတ်မှာပေါ့၊ စုပေါင်းဂိတ်ဖြစ်ပါတယ်၊ အဲဒီနေရာမှာ တိုက်ပွဲဖြစ်တာ ဖြစ်စဉ်မှန်ပါတယ်။ အဲဒီတိုက်ပွဲကတော့ ကျနော်တို့ KIA ဘက်က အမှတ် ၁၁ တပ်ရင်းဘက်နဲ့ KPDF တို့ ပူးပေါင်းတိုက်တာ ဖြစ်ပါတယ်။”

မြစ်ကြီးနားမြို့အဝင် မရမ်းကျေးရွာမှာဖြစ်တဲ့ ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ကူပေးခဲ့တာလည်း ရှိခဲ့ပြီး ၂၁ မိုင် စစ်ဆေးရေးဂိတ်လည်း ပျက်စီးသွားခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲအပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူတွေကို မြစ်ကြီးနားနဲ့ နမ္မတီးဘက်က လူနာတင်ယဉ်တွေနဲ့ လာခေါ်ပြီး ဆေးရုံပို့ခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောပါတယ်။

အဲဒီဂိတ်ကို ညနေအထိ ပိတ်ထားခဲ့ပြီး နောက်ဆုံးမှာ ကားငယ်တွေကိုပဲ ပေးသွားခဲ့ပြီးတော့ ကားကြီးတွေကတော့ ပြန်လှည့်သွားရတာတွေ ရှိခဲ့တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

တချိန်တည်းမှာ ဟိုပင်မြို့ အရှေ့ဘက်ခြမ်း တောင်ခြေရင်းနေရာမှာလည်း တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)








XS
SM
MD
LG