သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ပေါက်ကွဲမှု လူ ၁၀၃ ဦးသေဆုံး 


Iran Explosions
Iran Explosions

အီရန်က ထိပ်တန်းဗိုလ်ချုပ်ကြီးတဦးသေဆုံးတဲ့ နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနားတခုမှာ ဗုံးပေါက်ကွဲလို့ လူ ၁၀၃ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ကြောင်း အီရန်အစိုးရက ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။ ၂၀၂၀ ခုနှစ်တုန်းက အမေရိကန်ရဲ့ အဝေးထိန်းဒရုန်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အီရန်တော်လှန်ရေးအစောင့်တပ် Quds တပ်ဖွဲ့ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလေမန်နီး (Qassem Soleimani) ရဲ့ သင်္ချိုင်းနေရာမှာ ကျင်းပတဲ့ နှစ်ပတ်လည်ဆုတောင်းပွဲအတွင်း ဗုံးကွဲခဲ့တာပါ။

မြို့တော် တီဟီရန်ရဲ့ အရှေ့တောင်ဘက် မိုင် ၅၀၀ ကျော် အကွာမှာရှိတဲ့ ကာမန် (Kerman) မြို့က ဗုံးပေါက်ကွဲမှုကို အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း အီရန်အရာရှိတဦးက ပြောပါတယ်။ ဒါဟာ ဘယ်သူ့လက်ချက်လဲဆိုတာတော့ အဖွဲ့တခုခု၊ ဒါမှမဟုတ် နိုင်ငံတခုခုက အခုလောလောဆယ် ထုတ်ဖော်တာမျိုး မရှိသေးပါဘူး။ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အီရန် Tasnim သတင်းဌာနရဲ့ ရေးသားချက်မှာတော့ “အဝေးထိန်းစနစ်သုံးပြီး အိတ်နှစ်လုံးနဲ့ သယ်လာတဲ့ ဗုံးတွေကို ဖေါက်ခွဲခဲ့တာ” လို့ ဆိုပါတယ်။ ဒီဗုံးတွေဟာ ၁၀ မိနစ်စီခြားပြီး ပေါက်ကွဲခဲ့ကြောင်း ကာမန်မြို့တော်ဝန် ဆာအိဒ် တဘရီဇီ (Saeed Tabrizi) ရဲ့ ပြောကြားချက်ကို အီရန်ကျောင်းသားများသတင်းအေဂျင်စီ (ISNA) သတင်းဌာနက ဖော်ပြပါတယ်။

အီရန်ဟာ ပြည်ပရောက်အဖွဲ့တွေ၊ စစ်သွေးကြွအဖွဲ့အစည်းတွေနဲ့ ရန်လိုတဲ့ နိုင်ငံတွေအပါအဝင် တိုက်ခိုက်မှုလုပ်နိုင်တဲ့ ရန်သူအများအပြားရှိနေတာပါ။ အစ္စရေးနဲ့ သုံးလနီးပါးကြာ စစ်ဖြစ်နေတဲ့ ဟားမတ်စ်အပြင် လက်ဘနွန် ရှီယိုက်ပြည်သူ့စစ်၊ ဟစ်ဇ်ဘိုလာနဲ့ ယီမင်က ဟူသီသူပုန်တွေကို အီရန်အစိုးရက ကျောထောက်နောက်ခံပြုပေးထားပါတယ်။

၂၀၂၀ ခုနှစ်ဇန်နဝါရီလက အမေရိကန်ရဲ့တိုက်ခိုက်မှုကိုတော့ အဲ့တုန်းက သမ္မတ ဒေါ်နယ်ထရမ့်က “အမေရိကန်သံတမန်တွေနဲ့ စစ်တပ်ဖွဲ့ဝင်တွေကို ဆိုးရွားတဲ့ တိုက်ခိုက်မှုတွေ လုပ်ဖို့ ဆိုလေမာနီက ကြံစည်နေလို့ သူ့ကို သတ်ဖြတ်ဖို့အမိန့်ပေးခဲ့တယ်” လို့ ထုတ်ပြောခဲ့ဖူးပါတယ်။ အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်က အမေရိကန်ရဲ့ ဒရုန်းတိုက်ခိုက်မှုကို အဲ့ဒီအချိန်က အီရတ်ဝန်ကြီးချုပ် အာဒဲလ် အဗ္ဗဒူ မာဒီ (Adel Abdul Mahdi) က “ဒီ လုပ်ရပ်ဟာ အီရတ်ရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ဂုဏ်သိက္ခာကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်မှု” အဖြစ် ပြစ်တင်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ဆိုလေမာနီဟာ အီရန်ရဲ့ ဒေသတွင်း စစ်ရေးလှုပ်ရှားမှုတွေမှာ ပဲ့ကိုင်ပုံဖော်သူဖြစ်ပြီး ဘာသာရေးစနစ် အခြေပြုအုပ်ချုပ်တဲ့ အီရန်သီအိုကရေစီကို ထောက်ခံသူတွေကြားမှာ အမျိုးသားသူရဲကောင်းအဖြစ် သတ်မှတ်ခံရသူဖြစ်ပါတယ်။ အီရတ်နဲ့ ဆီးရီးယားနှစ်နိုင်ငံစလုံးက အစ္စာလာမ်မစ် IS အဖွဲ့တွေကို ချေမှုန်းရာမှာလည်း သူ့ကို သူရဲကောင်းတဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခံရပါတယ်။ သူဟာ ၂၀၁၁ ခုနှစ် အာရပ်နွေဦး ဆန္ဒပြပွဲတွေ အပြီးမှာ ဆီးရီးယားသမ္မတ ဘတ်ရှာ အာဆတ်ရဲ့အစိုးရကို ပြုတ်မကျအောင် ကူညီပေးခဲ့သူလည်းဖြစ်ပြီး အဲဒီနောက် ဆီးရီးယားပြည်တွင်းစစ်ဖြစ်ခဲ့သလို ဒေသတွင်း ပဋိပက္ခအဖြစ်ကို ပြောင်းလဲခဲ့ပါတယ်။

ဆိုလေမာနီ သတ်ဖြတ်ခံရတဲ့ နှစ်ပတ်လည်နေ့တွေမှာ အောက်မေ့ဖွယ် အခမ်းအနားတွေကို အကြီးအကျယ် ပြုလုပ်လေ့ရှိပါတယ်။ ၂၀၂၀ ခုနှစ် ဈာပနကျင်းပတုန်းကလည်း လူတွေ အမြောက်အမြားတက်ရောက်ခဲ့ရာမှာ လူအုပ်ပြိုကျခဲ့တာကြောင့်လူနင်းမိလို့ အနည်းဆုံး လူ လူ ၅၆ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG