သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြာအင်းဆိပ်ကြီးနား လေကြောင်းပစ်ခတ်မှုတွေ ဆက်ရှိနေ 


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် (Crd: MIMU)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် (Crd: MIMU)

[[Zawgyi/Unicode]]

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးအခြေစိုက် စစ်ကောင်စီတပ်ရင်းသုံးခုကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဗုဒ္ဓဟူးနေ့က စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဒီနေ့အထိလည်း ကြာအင်းဆိပ်ကြီးအနီးဝန်းကျင်မှာ တိုက်ပွဲတွေရှိနေပါတယ်။ ကြာအင်းဆိပ်ကြီးအနီး စစ်တပ်ဘက်က လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ဆက်ရှိပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေတွင်း ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းသုံးခုကို KNLA နဲ့ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက် ဒီနေ့အထိ အနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်နေပါတယ်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ တိုက်ခိုက်နေတာကြေင့် အရပ်သားထိခိုက်မှုတွေရှိနေတယ်လို့ မြို့ခံတွေကပြောပါတယ်။ တိုက်ပွဲအတွင်း နှစ်ဘက်အပြန်အလှန် ထိခိုက်မှုတွေ၊ ဖမ်းဆီးခံရမှုတွေရှိတယ်လို့ သိရပါတယ်။ KNLA ပူးပေါင်းတပ်ဖွဲ့တွေကနေ စစ်ကောင်စီတပ်ရင်မှူးဇနီးတဦးအပါအဝင် တပ်မိသားစုဝင်တချို့ကို ဖမ်းဆီးရမိပေမယ့် လက်နက်တပ်ဆင်ထားခြင်းမရှိတဲ့ သူတို့အားလုံးပြန်လွှတ်ပေးခဲ့ပြီလို့ အမည်မဖော်လိုတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက VOA ကို ပြောပါတယ်။ ဒီသတင်းကို သက်ဆိုင်ရာခရိုင်ဌာနကနေ ထုတ်ပြန်လိမ့်မယ်လို့လည်း ဆိုပါတယ်။

အဖမ်းအဆီးခံရမှုသတင်းတွေနဲ့ပတ်သက်လို့ VOA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီနေ့မှာတော့ ပူးပေါင်းစစ်ကြောင်းတွေ ပြန်ထွက်မယ်လို့ယူဆတဲ့ လမ်းကြောင်းကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့လည်း အဲဒီ ကာကွယ်ရေးအဖွဲ့ဝင်က ပြောပါတယ်။ ကြာအင်းဆိပ်ကြီးသတင်းတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူကိုမေးမြန်းဖို့ VOA က ဆက်သွယ်လို့မရခဲ့ပါဘူး။

စစ်ကောင်စီရုပ်သံသတင်းမှာတော့ ကြာအင်းဆိပ်ကြီး နယ်မြေခံအခြေစိုက်စစ်ဗျူဟာနဲ့ တပ်ရင်းဌာနချုပ်တွေကို KNLA တပ်မဟာ ၆ နဲ့ PDFs တွေဟာ ဇန်နဝါရီလ ၄ ရက်နေ့မနက်ပိုင်းမှာ အင်အားအလုံးအရင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ကြေညာပါတယ်။ တပ်ဌာနချုပ်တွေရဲ့ အရေးကြီးအဆောက်အဦးတွေကို ခုခံကာကွယ်နိုင်ခဲ့ပြီး တပ်ခြံစည်းရိုးကပ် လူနေထိုင်ခြင်းမရှိတဲ့အဆောက်အဦးတွေကို မီးရှို့ပြီး ပြန်ဆုတ်သွားတယ်လို့ဆိုပါတယ်။ ရုပ်အလောင်းတချို့နဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိတယ်လို့လည်း စစ်ကောင်စီက ကြေညာခဲ့ပါတယ်။

ကြာအင်းဆိပ်မြို့ခံတဦးကတော့ စစ်ကောင်စီစခန်းဘက်မှာ ဒီနေ့မနက်ပိုင်း လက်နက်ငယ် အသံကြားနေရပေမယ့် နှစ်ဘက်ပစ်ခတ်တိုက်ခိုက်တဲ့ တိုက်ပွဲပုံစံတော့ မဟုတ်ဘူးလို့ ခုလို ပြောပါတယ်။

“၃ ရက်နေ့ ည ၇ နာရီလောက်မှာ စဖြစ်ပါတယ်။ ည ၇ နာရီလောက်ဖြစ်ပြီး ၁၂ နာရီကျော်ကျော်လောက် ရပ်သွားတယ်။ ရပ်သွားပြီးတော့ ၄ ရက်နေ့မနက် ၅ နာရီခွဲမှာပစ်တာ တနေကုန်ပဲ ဒီနေ့တော့ မပစ်တော့ဘူး။ ဟို… လက်နက်ငယ် ပေါက် ပေါက် ပေါက် တချက် နှစ်ချက် ကြားတယ်။ ကြားပြီးတော့ လေယာဉ်တက်လာတယ်။ လေယာဉ်လာဝဲနေတယ်။ ဝဲပြီးတော့ လေယာဉ်က ဘာမပစ်ဘဲနဲ့ ပြန်သွားတယ်။ အခု အခု လက်နက်ကြီးတလုံး ပစ်ထုတ်သံကြားတယ်။”

မနေ့က လေယာဉ်ဗုံးကြဲမှုကြောင့် အရပ်သားထိခိုက်ဒဏ်ရာရရှိသူ ၅ ဦး ရှိပြီး အဲဒီ့ထဲက ဒဏ်ရာပြင်းထန်တဲ့ ရာဘာခြံအလုပ်သား ၂ ဦးကို မွန်ပြည်နယ် မော်လမြိုင်ဆေးရုံကို ပို့ထားတဲ့အကြောင်း မြို့ခံတဦးက ပြောပါတယ်။

“အရပ်သားကတော့ ရာဘာခြစ်တဲ့ မိန်းကလေး နှစ်ယောက်၊ နောက် ခြံလုပ်တဲ့ ယောကျာ်းလေးတယောက်။ ဟို ရွှေရင်းမှာက အိမ်နားမှာကျတာ။ အဲ့ဒါတော့ အစမှန်သွားတာ။ နှစ်ယောက်။ ဒါပေမယ့် ကြီးကြီးမားမားဆိုလို့ အဲ့ဒီရာဘာခြစ်တဲ့ ကလေးမလေး နှစ်ယောက်ပေါ့ မော်လမြိုင်ဆေးရုံပို့ထားရတယ်။”

တိုက်ပွဲကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုးပစ်အိမ်ပစ် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြပြီး စားရေးသောက်ရေးစတဲ့ အကူအညီတွေလည်း လိုအပ်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ လူမှုကွန်ယက်တွေပေါ်မှာတော့ စစ်ကောင်စီ ခလရ တံဆိပ်ပါ တပ်ရင်းဝင်းအတွင်း သွားလာနေကြတဲ့ KNLA ပူးပေါင်းတပ်ဖွဲ့ဝင်ဓါတ်ပုံတွေကို မြင်ရပါတယ်။ စခန်းနေအိမ်တချို့ မီးလောင်ထားတဲ့ပုံလည်းတွေ့ရပါတယ်။ အဲဒါဟာ ကြာအင်းဆိပ်ကြီးအခြေစိုက် ခလရတပ်ရင်းတချို့က ပုံတွေဖြစ်တယ်လို့ ဆိုပေမယ့် VOA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ရိုက် လင့်ခ်

======================

[[Unicode]]












ဆက်စပ်သတင်းများ ...

XS
SM
MD
LG