သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီးမော့ဆိုရဲစခန်း ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်


ဒီးမော့ဆိုမြို့နယ်တရားရုံး။ (ဓာတ်ပုံ - ဒီးမော့ဆိုတရားရုံးဖေ့စ်ဘုတ်)
ဒီးမော့ဆိုမြို့နယ်တရားရုံး။ (ဓာတ်ပုံ - ဒီးမော့ဆိုတရားရုံးဖေ့စ်ဘုတ်)

(Zawgyi / Unicode)

ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ စစ်ကောင်စီတပ်တွေ အခြေပြုထားတဲ့ ရဲစခန်းကို KPDF ကရင်နီပြည်သူ့ကာကွယ်ရေး တပ်ဘက်ကနေ မနေ့ညပိုင်းမှာ တိုက်ခိုက်ခဲ့ပါတယ်။ စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ်ထဲ မော်တော်ယာဉ် ဝင်ရောက်မှု ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒီလို ယာဉ်အဝင်ပိတ်ပင်ခဲ့ရင် ကယားပြည်နယ်အတွက် ထိခိုက်သွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

မေလ ၂၁ ရက်နေ့ကစပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ မနေ့ကသောကြာနေ့ ညပိုင်းမှာ ရဲစခန်းတခုကို ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“PDF အဖွဲ့က ရဲစခန်းကို ဝင်တိုက်တယ်။ လက်နက်ကြီးသံတွေတော့ ကြားရတယ်။ အပြန်အလှန် ပစ်ခတ်တာတွေတော့ ကြားရတယ်။ ဒီနေ့ပိုင်းမှာတော့ တိတ်ဆိတ်နေတာပဲ။ ပစ်ခတ်မှုတော့ မကြားဘူး။”

ညပိုင်း ၇ နာရီကနေ ၁၂ နာရီအထိကြာမြင့်တဲ့ ဒီပစ်ခတ်မှုမှာ နှစ်ဖက်တပ်ဖွဲ့တွေ ထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတချို့က ပြောပေမယ့် သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီတိုက်ပွဲမှာ စစ်တပ်ဘက်ကနေ လက်နက်ကြီးပစ်ကူတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

မနေ့ညက ဒီးမော့ဆိုမြို့တွင်း ပစ်ခတ်တိုက်ခိုက်မှု အခြေအနေ မသိရပေမယ့် မေလ ၂၇ ရက်နေ့ညမှာ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ရှိခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“၂၇ ရက်နေ့တုန်းက ကျနော်တို့ အဲဒီမှာရှိတဲ့ နယ်မြေခံတပ်ရင်းကို လာပြီးပစ်တဲ့ဟာတော့ ရှိတယ်။ ည ၉ နာရီလောက်မှာ လာပစ်တာရှိတယ်။ နောက် ညနက်ပိုင်းမှာတကြိမ် လာပစ်တယ်။ အဲဒီ နှစ်ကြိမ်လာပစ်ခဲ့တာ ရှိတယ်။ အဲဒီမှာ ပြန်လည်ပစ်ခတ်မှုတော့ ရှိတယ်။”

ဒီးမော့ဆိုမြို့မှာ မေလ ၂၁ ရက်နေ့ကစပြီး ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား ပစ်ခတ်မှုတွေ အစဉ်ဖြစ်ပွားနေတာပါ။

ဒါ့အပြင် လွိုင်ကော်မြို့မှာလည်း ညတုန်းက လက်နက်ပစ်ခတ်သံတွေ ကြားနေရပေမယ့် တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်ဘက်က တဖက်သတ်ပစ်ခတ်တာလို့ မြို့ခံတွေက ဆိုပါတယ်။

“မနေ့ညအချိန်မှာက လွိုင်ကော်မှာ ဗုံးသံတွေ ၆ ချက်ကြားတာတော့ ရှိတယ်။ အခုလောလောဆယ်တော့ ဘာသံမှ မကြားရဘူး။”

ဒီလို စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ်ဘက်ကို ဒီနေ့ကစပြီး မော်တော်ယာဉ်အဝင်တချို့ ပိတ်ပင်ထားပါတယ်။

ယာဉ်အဝင်ပိတ်ပင်သွားမယ်လို့ တရားဝင်ထုတ်ပြန်တာ မရှိပေမယ့် လက်ရှိ ကယားပြည်နယ်ဘက်ကို ရိက္ခာတင်ပို့မှု ပိတ်ပင်နေတယ်လို့ လွိုင်ကော်မြို့ လူမှုရေး လုပ်ဆောင်နေသူတဦးက ပြောပါတယ်။

“PDF တွေကတော့ အဝင်အထွက် သတ်မှတ်ထားတာတွေတော့ ကြားမိတယ်။ အခု စစ်အစိုးရကတော့ ဖြတ် ၄ ဖြတ်ပုံစံမျိုးနဲ့ လုပ်လာတဲ့ပုံစံ မြင်လာရတာပေါ့နော်။ တပ်ဘက်ကတော့ ရှမ်းပြည် ပင်လောင်းလမ်းကနေ ဆန်တို့ဘာတို့ တင်လာတဲ့ဟာတွေတော့ အကုန်လုံး ပိတ်ထားတယ်လို့တော့ ကြားတယ်။ တရားဝင်ထုတ်ပြန်တာမျိုးတော့ မရှိဘူး။”

တောင်ငူမြို့ကနေလာတဲ့ ဒီးမော့ဆိုကားလမ်းကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“အဝင်ပေါက် တောင်ငူလမ်းကြောင်းပဲ ကျန်တယ်။ အဲဒီ တောင်ငူလမ်းကြောင်းလည်း ပိတ်ဆို့နေပြီ။ အဲဒီမှာ ဒီးမော့ဆိုအထိ ဝင်နိုင်တယ်။ ဒီးမော့ဆိုပြီးတော့ လွိုင်ကော်ပေါ့နော်။ အဲဒီမှာ လမ်းကြောင်းတကြောင်း ရှိတယ်။ အခုလည်း လမ်းကြောင်းတကြောင်း ကျပ်နေတယ်လို့ သိရတယ်။”

ကယားပြည်နယ်ကို အဝင်အထွက် ကားလိုင်းဂိတ်တွေဖြစ်တဲ့ အောင်ပန်း၊ တီကျစ်၊ နောင်တရား၊ ဂျာမနီ၊ ဆောင်ကန်းလမ်းတွေကို အဝင်ပိတ်ပင်ထားလိုက်ပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ကယားပြည်နယ်ကို အဝင်အထွက် ပိတ်ပင်ထားတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ လုံခြုံရေးအရ စစ်ဆေးနေတာလို့ အခုလိုပြောပါတယ်။

“ယာဉ်တွေကတော့ ကျနော်တို့ စစ်ဆေးနေတာ ရှိပါတယ်။ အဲဒီဘက်ကနေ ကျနော်တို့ လက်နက်တွေလည်း ဖမ်းမိတာရှိတယ်။ မိုင်းတွေလည်း ဖမ်းမိတာရှိတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့က ယာဉ်အဝင်အထွက်တွေကို စစ်ဆေးနေတာ စစ်ဆေးခွင့်ပြုလျက် ရှိပါတယ်ဗျ။”

ဒီလို လမ်းကြောင်းပိတ်ဆို့မယ်ဆိုရင် စစ်ရှောင်တွေနဲ့ ဒေသခံတွေအတွက် စားနပ်ရိက္ခာတင်ပို့ဖို့ စိုးရိမ်ရတယ်လို့ စစ်ရှောင်ကော်မတီတွေက ပြောပါတယ်။

လက်ရှိ လွိုင်ကော်နဲ့ ဒီးမော့ဆိုတွေဘက်မှာ စစ်ရှောင်ဦးရေ ၇၀,၀၀၀ ခန့်ရှိနေပြီး နေရာထိုင်ခင်းနဲ့ ဆေးဝါးအကူအညီ လိုအပ်နေပါတယ်။

ကယားပြည်နယ်ထဲက အိုးအိမ်ပစ် ထွက်ပြေးနေကြရသူတွေအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကနေ အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးပို့တယ်လို့ ထုတ်ပြန်ထားပေမယ့် လက်ရှိ ဒုက္ခသည်တွေလက်ထဲ မရောက်သေးပါဘူး။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)























XS
SM
MD
LG