သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကေပေါ့ပ်သီချင်းသံ ပျံ့လွင့်နေတဲ့ ကိုရီးယားဆန္ဒပြပွဲများ


တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာကျင်းပတဲ့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ကို အရေးယူဖို့ ဆန္ဒပြပွဲမှာ ဆန္ဒပြသူများက K-pop အရောင်စုံမီးချောင်းတွေကို ကိုင်ဆောင်ထားကြစဉ် (ဒီဇင်ဘာ ၈၊ ၂၀၂၄)
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာကျင်းပတဲ့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ကို အရေးယူဖို့ ဆန္ဒပြပွဲမှာ ဆန္ဒပြသူများက K-pop အရောင်စုံမီးချောင်းတွေကို ကိုင်ဆောင်ထားကြစဉ် (ဒီဇင်ဘာ ၈၊ ၂၀၂၄)

တောင်ကိုရီးယားနိုင်ငံမှာ နောက်ဆုံးတခေါက်ဖြစ်ပွားနေတဲ့ နိုင်ငံရေးအုံကြွမှုတွေကြား အရင်တွေနဲ့ မတူပဲ ပေါ့ပ်ဂီတသံတွေ ပျံ့လွင့်နေတာ တွေ့ရပါတယ်။ ဆိုးလ်မြို့တော်လမ်းတွေမှာ ဒီတခေါက် ဖြစ်ပွားတဲ့ နိုင်ငံရေးပဋိပက္ခအတွင်း ဆန္ဒပြပွဲတွေက ဂီတပွဲတော် ကျင်းပတဲ့နေရာတွေနဲ့ ပိုတူနေတာပါ။ သမ္မတ Yoon Suk Yeol ယွန်ဆွတ်ယော်ကို စွပ်စွဲဖြုတ်ချဖို့ အော်ဟစ်တောင်းဆိုတဲ့ ဆန္ဒပြသူတွေက လူကြိုက်များနေတဲ့ တက်ခ်နိုသီချင်းတွေနဲ့အတူ ခုန်ပျံကခုန်ကြပြီး ကေပေါ့ပ်ပရိသတ်တွေရဲ့ အမှတ်လက္ခဏာတမျိုးဖြစ်တဲ့ အရောင်စုံမီးချောင်းတွေကို ဝှေ့ယမ်းခဲ့ကြတာပါ။

ကေပေါ့ပ်ယောက်ျားလေးအဖွဲ့ ATEEZ ရဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် Lee Seul-gi အီဆောင်ဂျီက ဆန္ဒပြပွဲတွေကို ပွဲလမ်းသဘောဆန်ဆန် ပြုလုပ်တဲ့အတွက် လူတွေ ပိုပြီး ပါဝင်လာနိုင်စေတယ်လို့ ပြောပါတယ်။

“အရင်က ဆန္ဒပြပွဲတွေက နည်းနည်းပိုအကြမ်းဖက်တဲ့ပုံ ပေါက်ပြီး ကြောက်ဖို့ကောင်းပါတယ်။ ဒါပေမယ့် ရောင်စုံမီးတုတ်တွေနဲ့ ကေပေါ့ပ်က အဲဒီလို အတားအဆီးဖြစ်နေတာကို လျှော့ချပေးလိုက်တယ်။ ဒါကြောင့် လူတွေက ဒီမှာ စည်းလုံးညီညွတ်မှုဆိုတာကို ခံစားမိပြီး လက်ကိုင် ရောင်စုံမီးချောင်းတွေနဲ့ ရောက်လာကြတယ်” လို့ ပြောပါတယ်။

သမ္မတယွန်ရဲ့ မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်နောက်မှာတော့ သူ့ကို ရာထူးက ဖယ်ရှားဖို့ တောင်းဆိုမှုတွေ ကျယ်ကျယ်လောင်လောင်ထွက်နေပြီး သမ္မတကို သရော်ထားတဲ့ အလံတွေ၊ ကေပေါ့ပ်သီချင်းတွေနဲ့ ဆန္ဒပြပွဲတွေကလည်း လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေပါတယ်။ ရေခဲမှတ်အောက်ရောက်အောင် ချမ်းအေးတဲ့ ရာသီဥတုကို ရင်ဆိုင်ရင်း ဆန္ဒပြသူထောင်ပေါင်းများစွာဟာ လွန်ခဲ့တဲ့တပတ်ကနေစပြီး အမျိုးသားလွှတ်တော်အပြင်ဘက်မှာ စုဝေးနေခဲ့ကြတာပါ။

ကေပေါ့ပ်လုပ်ငန်းက နိုင်ငံရေးအရောင် လုံးဝမလွှမ်းပဲ ဒီသမ္မတကို တရားစွဲဖို့တောင်းဆို ဆန္ဒပြပွဲတွေမှာ ဖွင့်တဲ့ ကေပေါ့ပ်သီချင်း တော်တော်များများကလည်း ဘက်မလိုက်မှုကို ပြသနေတာပါ။ ဒါပေမယ့် ဆန္ဒပြပွဲအခမ်းအနားမှူး Park Min-ju ပါ့ခ်မင်ဂျူက လူအုပ်ကြီး စိတ်လှုပ်ရှားပြီး ပျင်းမသွားအောင် စာသားကောင်းကောင်းနဲ့ ကေပေါ့ပ်သီချင်းတွေကို ဗျူဟာကျကျ တမင်တကာ ရွေးဖွင့်တာပါ။

"ကျွန်တော်တို့က ဆန္ဒပြပွဲတွေကို ဆက်လုပ်သွားမှာမို့ လူတွေ မပင်ပန်းဘဲ ဆန္ဒပြပွဲတွေကို လာဖို့ စိတ်လှုပ်ရှားအောင် လုပ်ချင်တယ်။ ကျွန်တော်တို့ အခြေအနေက တကယ့်အလေးအနက်လုပ်ရတဲ့ အခြေအနေဖြစ်နေပေမဲ့ လူတွေ စိတ်ရွှင်ရွှင်လန်းလန်းဖြစ်နေအောင် ကေပေါ့ပ်သီချင်းတွေနဲ့ ဆောင်ပုဒ်တွေ ရောစပ်တာမျိုး ပြင်ဆင်ထားတာပါ"

၂၀၁၆ ခုနှစ်က သမ္မတဟောင်း ပါ့ခ်ဂွန်ဟေးကို စွပ်စွဲဖြုတ်ချတဲ့ ဆန္ဒပြပွဲတွေအပါအဝင် အရင်ကပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြတာမျိုးက အဓိကဖြစ်ခဲ့ပါတယ်။ ပါ့ခ်ဟာ အကျင့်ပျက် ချစားမှုတွေကြောင့် ရာထူးကနေ ဖယ်ရှားခံခဲ့ရပြီးနောက် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ စက်မှုလုပ်ငန်းစုကြီးတွေကြား အဂတိလိုက်စားမှုအရှုပ်တော်ပုံကြောင့် ထောင်ဒဏ်ချခံ ခဲ့ရပါတယ်။

ဆိုးလ်အခြေစိုက် ဂီတဝေဖန်ရေးဆရာ Kim Do-heon ကင်ဒိုဟွန်ကတော့ ကေပေါ့ပ်ရောင်စုံမီးချောင်းတွေက ပိုမိုတက်ကြွပြီး ခိုင်ခိုင်မာမာဆန့်ကျင်တဲ့ သင်္ကေတတခုဖြစ်တယ်၊ ပေါ့ပ်ဂီတကလည်း မျိုးဆက်အသီးသီးကို ဆန္ဒပြပွဲမှာ ပါလာစေနိုင်တယ်လို့ ပြောပါတယ်။

"အခုဆိုရင် ကေပေါ့ပ်က မျိုးဆက်တိုင်းကို ချက်ချင်းဆွဲဆောင်နိုင်တဲ့ ဂီတမျိုးဖြစ်ပါတယ်။ ဒါကြောင့် ဒီဆန္ဒပြပွဲကို ကေပေါ့ပ်ပရိသတ်တွေ အများကြီး ရောက်လာကြတာပါ၊ ဆန္ဒပြပွဲ စီစဉ်တဲ့သူတွေကလည်း ကေပေါ့ပ်သီချင်းတွေကို သုံးနေကြတာပါ"

သမ္မတယွန်ကို အရေးယူအပြစ်ပေးဖို့ ဒီဇင်ဘာ ၇ ရက်နေ့မှာ ပထမအကြိမ် မဲခွဲဆုံးဖြတ်မှုကို ကျော်လွန်နိုင်ခဲ့ပေမဲ့ အတိုက်အခံတွေက နောက်တကြိမ် ထပ်ကြိုးစားဖို့ သံဓိဌာန်ချထားပြီး သူ့ရဲ့ ပါတီ ကိုယ်တိုင်ကလည်း သူ့ နောက်ဆုံးမှာ ရာထူးက ဆင်းပေးဖို့ အစီအစဉ်တစ်ခု ရေးဆွဲနေကြောင်း ပြောပါတယ်။ ဆန္ဒပြသူတွေကတော့ စည်းချက်နဲ့အတူချီတက်ရင်း ကေပေါ့ပ်သီချင်းတွေနဲ့ ဆက်ပြီး ဆန္ဒပြနေကြမယ့်ပုံ ရှိပါတယ်။

Forum

XS
SM
MD
LG