သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖာပွန်မြို့ပေါ် ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်


ကရင် စစ်ရှောင် ဒုက္ခသည်များ
ကရင် စစ်ရှောင် ဒုက္ခသည်များ

(Zawgyi/Unicode)

ကရင်ပြည်နယ် ဖာပွန်မြို့နယ်ထဲမှာ မြန်မာ စစ်အုပ်ချုပ်ရေးကောင်စီ တပ်တွေက ဧပြီလ ၁ရက်နေ့ ည၁၀နာရီကျော်တဲ့အထိ မြို့ပေါ်က အိမ်တွေကို လက်နက်တွေနဲ့ လိုက်လံပစ်ခတ်နေတာကြောင့် အိမ်တွေမှာ မနေရဲတော့ပဲ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။

စစ်အုပ်ချုပ်ရေးကောင်စီက ဧပြီလ ၁ရက်ကစလို့ တလတာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားပေမယ့် မြို့ပေါ်မှာတော့ ပစ်ခတ်သတ်ဖြတ်မူတွေက ရှိနေတာပါ။ မုံရွာ ၊ မန္တလေး အပါအဝင်မြို့တွေမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူထုတွေကို ပစ်ခတ်မူတွေဆက်ရှိနေပြီး သေဆုံးသူတွေ ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။ ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ပေါ်မှာတော့ ဧပြီလ ၁ရက်နေ့ ည ၁၀နာရီကျော်အထိ ပစ်ခတ်မူတွေ ရှိနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဖာပွန်မြို့ခံတဦးက ပြောပြပါတယ်။

“မိုးချုပ်တာနဲ့ စပစ်နေတာ။ မီးဖြတ် ၊ အင်တာနက်လိုင်းဖြတ်တွေလည်း အကုန်လုပ်ထားတယ် ။ ၆နာရီလောက်ကနေ စပစ်တာ၊ လက်နက်ကြီးလည်းပါတယ်။ ဒါပေမယ့်နည်းတယ် လက်နက်ငယ်တွေနဲ့ ပစ်နေတာများတယ်။ သူတို့ကို ကေအန်ယူက လုံးဝပစ်နေတာ မဟုတ်ဘူး၊ သူတို့ပဲ ပစ်နေတာ ။ အခုကလောလောဆည်မြို့ထဲမှာပဲ လိုက်ပစ်နေတာ ကေအန်ယူ ပါဝင် ပစ်ရင်တော့ အကုန်လုံးပြာကျကုန်မှာပဲ။ တောက်လျှောက် သူတို့ပဲ ပစ်နေတာ ၊ ကေအန်ယူဘက်ကလာမပစ်ဘူး။ ပြည်သူလူထုလည်း ဆန္ဒပြတာတို့ဘာတို့ ခေါင်းတောင်မထောင်ရဲဘူး။ အခုက ကေအန်ယူက လုံးဝမပစ်ပဲ စောင့်ကြည့်တယ် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းကဆို ကေအန်ယူကဝင်ပစ်တာရှိတယ်။ အခုပစ်ရင်တော့လည်း ပြည်သူလူထုပဲ နာမယ်ဆိုတော့လေ။ အခုဆိုရင်လုံး၀ အိမ်ထဲမှာမနေရဲပဲ ချောင်းကမ်းဘေးတွေမှာပုန်းနေရတယ်။”

ဖာပွန်ခရိုင်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ကေအန်ယူတို့ဟာ မကြာခဏ တိုက်ပွဲတွေဖြစ်ပြီး ကေအန်ယူ ထိန်းချုပ်ရာဒေသမှာရှိတဲ့ ကျေးရွာတွေကိုလည်း အာဏာမသိမ်းခင်အချိန်ကတည်းက လက်နက်ကြီးနဲ့ ပစ်ခတ်မူတွေရှိနေတာပါ။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ကတော့ သီးမူထာ မြန်မာစစ်တပ်စခန်းကို KNUက သိမ်းပိုက်လိုက်ပြီးတဲ့နောက် ကရင်ကျေးရွာတွေကို လေယာဉ်တွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားအိမ်တွေ မီးလောင်ပြီး ဒေသခံရွာသားတွေ သေဆုံးတာ ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ကျေးရွာသားတွေ တသောင်းလောက်ဟာ ပြည်တွင်းအိုးအိမ်မဲ့ ဒုက္ခသည်တွေ အဖြစ် အခုချိန်ထိ တောတောင်တွေထဲမှာပဲ နေထိုင်နေရဆဲဖြစ်ပါတယ်။ တဆက်တည်းမှာပဲ ဖာပွန်မြို့ပေါ်က လူနေအိမ်တွေကိုလည်း ညဘက်တွေမှာပစ်ခတ်မူတွေ လုပ်လာတဲ့အတွက်မြို့ခံ လူထုတွေဟာ အိမ်တွေကနေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)






XS
SM
MD
LG