သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအတွက် ကန်ဒေါ်လာ သန်း ၂၅၀ ကျော် KSrelief လှူဒါန်း


ကုတုပလောင် ဒုက္ခသည်စခန်းတွင် ဆုတောင်းပွဲကျင်းပနေသည့် ရိုဟင်ဂျာများ။ August 25, 2019
ကုတုပလောင် ဒုက္ခသည်စခန်းတွင် ဆုတောင်းပွဲကျင်းပနေသည့် ရိုဟင်ဂျာများ။ August 25, 2019

ဆော်ဒီဘုရင် Salman ရဲ့ လူသားချင်းစာနာ အထောက်အကူပေးရေးနဲ့ ကယ်ဆယ်ရေး အဖွဲ့ဖြစ်တဲ့ KSrelief ကနေ ရိုဟင်ဂျာ အကျပ်အတည်း ဖြေရှင်းရေးအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ထက်မနည်း ကောက်ခံရရှိခဲ့ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက နေရပ်ရင်းဒေသနေ အတင်းအကျပ် မောင်းထုတ်ခံရတဲ့ သိန်းနဲ့ချီတဲ့ မွတ်စလင်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ လျော့ကျစေဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီထက်မက ပိုမိုကူညီဆောင်ရွက်ကြဖို့လည်း ဆော်ဒီအာရေဗျနိုင်ငံက တိုက်တွန်းလိုက်ပါတယ်။

၂၀၁၉ စက်တင်ဘာလ ၂၄ ရက်နေ့ နယူးယောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သီးသန့်ကျင်းပခဲ့တဲ့ ရိုဟင်ဂျာအရေး ဆွေးနွေးပွဲမှာလည်း လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတွေအတွက် ကုလသမဂ္ဂရဲ့ ၂၀၁၉ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို KSrelief အနေနဲ့ အမေရိကန်ဒေါ်လာ ၁၀ သန်း လှူဒါန်းခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ကုလသမဂ္ဂက ဦးဆောင်တဲ့ ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးရေး အစီအစဉ်မှာ မိတ်ဘက်နိုင်ငံတွေအနေနဲ့ ထိထိရောက်ရောက် အချိန်မဆိုင်းဘဲ ဆော်ဒီနဲ့အတူ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြဖို့ မျှော်လင့်ကြောင်း အဲဒီ သီးသန့်ဆွေးနွေးပွဲမှာ ထုတ်ပြန်တဲ့ KSrelief အဖွဲ့ရဲ့ အကြီးအကဲ Dr. Abdullah Al Rabeeah ရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

အဲဒီဆွေးနွေးပွဲကို ဆော်ဒီနိုင်ငံနဲ့အတူ UAE အာရပ်စော်ဘွားများနိုင်ငံ၊ ကူဝိတ်နဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးတွဲ ပြုလုပ်ခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံအကြီးအကဲတွေနဲ့အတူ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi လည်း တက်ရောက်ခဲ့ပါတယ်။

KSrelief အဖွဲ့အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ၂၀၁၅ ခုနှစ်ကစပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးခဲ့တာဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈ သန်း လှူဒါန်းခဲ့ရာမှာ KSrelief အဖွဲ့က ဒေါ်လာ ၁၇ သန်းထက်မနည်း ထည့်ဝင် လှူဒါန်းခဲ့ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရဘက်တော့ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေ ဌာနေပြန်ရေးမှာ စိစစ်ပြီးသူတွေ ပြန်ပြီးလက်ခံဖို့ ဆန္ဒရှိနေကြောင်း လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက စနေနေ့က ပြောကြားခဲ့ပါတယ်။

----------------------------

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG