ရေနံ သဘာဝဓါတ်ငွေ့ပိုက်လိုင်းနဲ့ စီးပွားရေး အထူးဇုံတွေရှိရာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က မြစ်နားတန်း ရပ်ကွက်ကို ညဉ့်နက် သန်းကောင်အချိန်မှာ မီး စတင်လောင်ကျွမ်းရာက မနက် (၃)နာရီခွဲလောက် မီးစွယ်ကျိုးသွားပြီး အိမ်ခြေ ၁၃ လုံးနဲ့ ငါးပုဇွန်ဒိုင် (၁၃)လုံး မီးလောင်ကျွမ်းသွားတယ်လို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဆုံးရှုံးမှုပမာဏ အခုထိ မခန့်မှန်းနိုင်သေးပေမယ့် သိန်း ထောင်ဂဏန်းနဲ့ရှိမယ်လို့ မြို့ခံတွေက ခန့်မှန်းပါတယ်။ မနက်အရုဏ်တက် မီးလောင်ကျွမ်းမှု ဖြစ်နေချိန် အဲဒီနေရာကို ရောက်နေတဲ့ ကျောက်ဖြူမြို့ခံ ကိုထွန်းကြည်ကို VOA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်း ရာမှာ သူက အခုလို စတင်ဖြေကြားပါတယ်။
ကိုထွန်းကြည်။ ။ ကျောက်ဖြူမြို့ မြစ်နားတန်း ငါးကန်တွေရှိတဲ့နေရာမှာ လောင်နေတာပါ။ အဲဒီ ငါးကန်ထဲကနေ စလောင်တာ။ အဲဒီမှာ လူနေအိမ်တွေလည်း ရှိတယ်။
ကိုဉာဏ်ဝင်းအောင်။ ။ သူက ကျောက်ဖြူစီးပွားရေးဇုံနဲ့ နီးတာလား။
ကိုထွန်းကြည်။ ။အခုလောင်တဲ့နေရာကလေ ကျောက်ဖြူ စီးပွားရေးဇုံနဲ့ နီးတာတော့ မဟုတ်ဘူးခင်ဗျ။ သူက မြို့ထဲကျတယ်၊ မြို့ထဲ အောက်ဖက် မြစ်ကမ်းနားပေါ့။ အရင်တုန်းကဆိုရင် အဲဒီမှာ ငါးကန်တွေ အများကြီးရှိတဲ့နေရာပေါ့။ ဆိပ်ကမ်းနားပဲလေ .. ဆိပ်ကမ်းနားမှာ လူနေတဲ့အိမ်တွေ ရှိတယ်.. ငါးကန်တွေရှိတယ်။ အဲဒီနေရာကနေ စလောင်တာပါ။
ကိုဉာဏ်ဝင်းအောင်။ ။ ဆိုတော့ ဘာကြောင့် လောင်ရတာပါလဲ။
ကိုထွန်းကြည်။ ။ အခုကလေ မီးက လုံးဝအရှိန် မလျော့သေးဘူး။ ခန့်မှန်းဖို့ တော်တော်လေး ခက်နေတယ်။ လူတွေ အကုန်လုံးကလည်း မီးသတ်ကားတွေနဲ့ အလုပ်တွေ အရမ်းများနေကြတာ။ ခုချိန်မှာတော့ ဘာမှ ခန့်မှန်းလို့ မရသေးဘူး။ ခုက မီးသတ်ကားတွေနဲ့ လူတွေ အလုပ်ရှုပ်နေကြတော့ အတည်ပြု ပြောဖို့တော့ ခက်တယ်။
ကိုဉာဏ်ဝင်းအောင်။ ။ ဟုတ်ကဲ့ - လောင်ကျွမ်းမှု ပမာဏ ဘယ်လောက်ရှိနေပြီလဲ။
ကိုထွန်းကြည်။ ။ လောင်ကျွမ်းမှု ပမာဏကတော့ ကျနော်ထင်တယ် အဲဒီနားတဝိုက် အိမ်ခြေ(၂၀)ကျော် (၃၀)လောက် ရှိသွားပြီဗျ။ ငါးပုဇွန်ဒိုင်ကတော့ (၄-၅)လုံးလောက် ရှိလိမ့်မယ်။
ကိုဉာဏ်ဝင်းအောင်။ ။ ဟုတ်ကဲ့၊ မီးလောင်နေတဲ့ နေရာက အဓိက ဘယ်လိုနေရာမျိုးလဲ ခင်ဗျ။
ကိုထွန်းကြည်။ ။ အဓိကက အဲဒီနေရာက ငါးကန်တွေဆိုတော့ ငါးအဝယ်ဒိုင်တွေရှိတယ်။ အဲဒီမှာ လူနေအိမ်တွေလဲ ရှိတယ်လေ အဲဒီမြစ်နား ကမ်းနားတလျှောက်မှာ။
ကိုဉာဏ်ဝင်းအောင်။ ။ ဟုတ်ကဲ့၊ မီးလောင်နေတဲ့ ပမာဏနဲ့ လာငြိမ်းသတ်တဲ့ မီးသတ်ကား ပမာဏက မျှတမှုရှိရဲ့လားခင်ဗျ။
ကိုထွန်းကြည်။ ။ လောလောဆယ်အထိ မီးသတ်ကား မမှီဘူးခင်ဗျ ဒီမှာက။ အဲဒီနေရာကို မီးသတ်ကား ဝင်ဖို့က တချို့နေရာတွေဆို ဝင်ဖို့ အရမ်းခက်ခဲနေတယ်။ မီးသတ်ကားကလည်း ကျနော်ထင်တယ် ၅-စီးလောက်ပဲ ရှိတဲ့အခါကျတော့ ဒီမီးသတ်ကား ၅ စီးနဲ့က ဘယ်လိုမှကို အဆင်မပြေဘူး ဖြစ်နေတယ်။
ကိုဉာဏ်ဝင်းအောင်။ ။ ဆိုတော့ လောင်တဲ့နေရာက စီးပွားရေး လုပ်တဲ့နေရာလို ဖြစ်နေတော့ ဆုံးရှုံးမှုပမာဏ ကြီးနိုင်လားခင်ဗျ။
ကိုထွန်းကြည်။ ။ ကြီးမယ်ခင်ဗျ .. ကြီးမယ် … ကြီးမယ်။ ဒီလောက်ထိ လောင်သွားတာ ဆိုတော့လေ။ ဒါက နည်းနည်းနောနောကြီး မဟုတ်ဘူးဗျ။ အဲဒီနေရာမှာက (ငါး/ပုဇွန်)ဒိုင်တွေ အများကြီးရှိတယ်။ စီးပွားရေး လုပ်နေတဲ့နေရာတွေပဲ အဲဒီမှာက။ ဆိုတော့ ဆုံးရှုံးမှု ပမာဏက ကြီးလောက်တယ်။ အခုက မီးလောင်နေတုန်းဆိုတော ခန့်မှန်းဖို့ အရမ်းခက်နေတယ်။ ဘယ်နှယ်လုံး ပါသွားပြီလဲဆိုတာ ကျနော်ပြောဖို့ နည်းနည်းခက်နေတယ်။ ပြီးတော့ အဲဒီနေရာမှာက ထပ်မြင့်တိုက်တွေလည်း ရှိတယ်။ ၃ ထပ်တိုက်တွေလဲ ရှိနေတော့လေ မီးက ဘယ်လိုမှ အရှိန်မလျော့သေးတဲ့ ခန့်မှန်းဖို့ ခက်တယ်ဗျ။
ကိုဉာဏ်ဝင်းအောင်။ ။ ဆိုတော့ လူအသေအပျောက်ရော ရှိသေးလားခင်ဗျ။
ကိုထွန်းကြည်။ ။ အဲလိုမျိုးကတော လက်ရှိအချိန်ထိ မရှိဘူးဗျ။
ကျောက်ဖြူမြို့ မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်လို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်ကို VOA က ဆက်သွယ်မေးမြန်း ကြည့်တဲ့အခါ မြစ်နားတန်း အရပ်မှာရှိတဲ့ ငါးပုဇွန်ဒိုင်တွေမှာ ထမင်းဟင်းချက်စားရာက (နိုဝင်ဘာ ၅ ရက်) တနင်္ဂနွေ မနက်အစော ၁နာရီ ၄၅ မိနစ်လောက်မှာ မီးစတင် လောင်ကျွမ်းခဲ့ကြောင်း မီစလောင်တဲ့ အခြေအနေ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
မြို့ခံတွေနဲ့ မီးသတ်ဌာနက ဝိုင်းဝန်ငြိမ်းသတ်တာကြောင့် အရုဏ်တက်ချိန် မနက် ၃နာရီခွဲလောက်မှာ မီးကိုငြိမ်းသတ်နိုင် ခဲ့ကြောင်း၊ ခုအချိန်ထိ လူအသေအပျောက် မရှိကြောင်း၊ နေအိမ် (၁၃)လုံးနဲ့ ငါးပုဇွန်ဒိုင် (၁၃)သုံး လောင်ကျွမ်း ပြာကျသွားကြောင်း၊ ဆုံးရှုံးမှုပမာဏကို မခန့်မှန်းနိုင်သေးပေမယ့် သိန်း ထောင်ဂဏန်းနဲ့ ရှိလိမ့်မယ်လို့ ခန့်မှန်းကြောင်း သူက ပြောဆိုပါတယ်။