သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်နေတဲ့ ဆိုးလ်မြို့တော်ဝန် သေဆုံးနေတာတွေ့ရှိ


SEOUL မြို့ရဲ့ မြို့တော်ဝန် PARK WON-SOON
SEOUL မြို့ရဲ့ မြို့တော်ဝန် PARK WON-SOON

Zawgyi/Unicode

ကြာသပတေးနေ့က တောင်ကိုရီးယားနိုင်ငံ မြို့တော် SEOUL မြို့ရဲ့ မြို့တော်ဝန် PARK WON-SOON ပျောက်ဆုံးနေကြောင်း သမီးဖြစ်သူက တိုင်တန်းခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့က အပူတပြင်းရှာဖွေမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ မြို့တော်ဝန် သေဆုံးနေတာကို သောကြာနေ့မှာတွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား YONHAP သတင်းဌာနက ပြောပါတယ်။

ညဉ့်နက်အချိန်အထိ ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီး မြို့တော်ဝန် PARKကို SEOUL မြို့တော် မြောက်ပိုင်း MT BUGAKတောင်ပေါ်မှာ သူ့ရဲ့ မိုဘိုင်းဖုန်း အချက်ပြချက်ကို နောက်ဆုံးခြေရာခံမိတဲ့ နေရာအနီးတဝိုက်မှာ ရှာဖွေတွေ့ရှိခဲ့တာလို့ SEOUL မြို့တော်ရဲတပ်ဖွဲ့ကို ကိုးကားပြီး YONHAP သတင်းဌာနက ပြောပါတယ်။

PARK ပျောက်ဆုံးနေကြောင်း သမီးဖြစ်သူက ညနေ ၅ နာရီ ၁၇ မိနစ်မှာလာရောက်တိုင်တန်းခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပြီး သူ့ရဲ့ လက်ကိုင်ဖုန်းလည်းပိတ်ထားသလို သေတမ်းစာသဘောမျိုး စာတစောင်ကိုလည်း ရေးသားထားခဲ့တယ်လို့ ပြောပါတယ်။

လူဦးရေ ၁၀ သန်းလောက်ရှိတဲ့ SEOUL မြို့ရဲ့ မြို့တော်ဝန် အဖြစ် ၁၀ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့တဲ့ PARK ဟာ ဩဇာကြီးတဲ့ နိုင်ငံရေးသမားတယောက်ဖြစ်သလို လတ်တလော ကိုရိုနာဗိုင်းရပ်စ် အရေး ကိုင်တွယ်ပုံဆောင်ရွက်ပုံမှာလည်း အရေးကြီးတဲ့ နေရာက ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့ကို လာမယ့် ၂၀၂၂ သမ္မတ ရွေးကောက်ပွဲမှာ လစ်ဘရယ်တွေအတွက် အလားအလာရှိတဲ့ သမ္မတ လောင်း တဦး အဖြစ်လည်း မျှော်မှန်းထားကြတာပါ။

သူပျောက်ဆုံးခဲ့တဲ့ မနေ့ ကြာသပတေးနေ့က ရာနဲ့ ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဒရုန်းယာဉ်တွေနဲ့ ခွေးတွေကို အသုံးပြုပြီး ရှာဖွေခဲ့ကြ တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မနေ့က မနက်ပိုင်းက မူဝါဒပိုင်းဆိုင်ရာအစည်းအဝေးတစ်ခုကို ဖျက်ပြီး ကျောပိုး အိတ်တလုံးနဲ့ အမဲရောင်ဉီးထုပ်ကို ဝတ်ဆင်ပြီး မြို့တော်ဝန် PARK ဟာ သူနေထိုင်ရာအိမ်ကနေ မနက် ၁၀ နာရီ ၄၀ လောက်က ထွက်သွားခဲ့တာဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။

PARK ဟာ SEOUL မြို့တော်ဝန် အဖြစ် ၂၀၁၁ ခုနှစ်ကစပြီးတာဝန်ထမ်းခဲ့တာဖြစ်ပါတယ်။ သမ္မတဟောင်း PARK GEUN-HYE ကို ရာထူးကဖြုတ်ချနိုင်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ဖယောင်းတိုင်မီးထွန်း ဆန္ဒပြပွဲကြီးမှာ အဓိကနေရာက ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


[Unicode]





XS
SM
MD
LG