သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်လုပ်ငန်းတွေ ပြန်စမယ့်အပေါ်စိုးရိမ်


ပြည်ထောင်စုလွှတ်တော် (မတ် ၁၀၊ ၂၀၂၀)
ပြည်ထောင်စုလွှတ်တော် (မတ် ၁၀၊ ၂၀၂၀)

(Zawgyi/Unicode)

ရှေ့လလယ်မှာ လွှတ်တော်လုပ်ငန်းတွေ ပြန်စဖို့ကြေညာထားတဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျန်းမာရေးပညာရှင်တွေရဲ့ အမြင်တွေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က တင်ပြပေးပါမယ်။

လွှတ်တော်လုပ်ငန်းတွေကို လာမယ့် မေလ ၁၈ တနင်္လာနေ့ကစ ပြန်လည်စတင်မှာဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌတွေက ကြေညာချက် ထုတ်ပြန်လိုက်ပေမဲ့ COVID-19 ကပ်ရောဂါ ကြုံနေရတဲ့ အချိန်ဖြစ်တာကြောင့် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် ကပ်ရောဂါ မကူးစက်အောင် လူစုလူဝေးရှောင်ရမယ့် အချိန်မျိုးမှာ ရာနဲ့ချီတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ကြမယ့် လွှတ်တော်လုပ်ငန်းတွေ ပြန်စမှာကို စိုးရိမ်ကြောင်း ရခိုင်ပြည်နယ် မြေပုံမြို့နယ်မဲဆန္ဒနယ်မြေက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကပြောပါတယ်။

သတင်းဓာတ်ပုံ - Pyidaungsu Hluttaw
သတင်းဓာတ်ပုံ - Pyidaungsu Hluttaw

"လွှတ်တော်ကိုယ်စားလှယ်တွေဆီ မနေ့ကမှ သတင်းကို သိတယ်ဆိုတော့ ပထမတချက်ကတော့ သွားရေးလာရေးပိုင်းကို စဉ်းစားတာပေါ့။ ကျနော်တို့ ရခိုင်ပြည်နယ်မှာဆိုရင် မြို့နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေက စစ်တွေမှာ လာစုရတယ်။ စစ်တွေကနေ ရန်ကုန်ကို လေယာဉ်နဲ့သွားရမယ်။ ရန်ကုန်ကနေ ရန်ကုန်အဝေးပြေးကနေ နေပြည်တော်ကို အဆင့်ဆင့်သွားရတယ်။ အဲ့ဒီအပေါ်မှာ လမ်းကြောင်းလုံခြုံမှုကို ကျနော်တို့ စိုးရိမ်တယ်။ အထူးသဖြင့် COVID-19 ဖြစ်နေတဲ့ကာလမျိုးမှာ ဒီကားတွေ စီးရမှာ အတက်အဆင်း ကားဂိတ်တွေမှာ ဝင်ထွက်ရမှာဆိုတော့ ရန်ကုန်မှာလည်းဖြစ်နေတာဆိုတော့ ဒီလမ်းကြောင်းအပေါ်မှာ စိုးရိမ်တာ တချက်ရှိတယ်။ ဒုတိယတချက်ကတော့ ပြည်ထောင်စုလွှတ်တော်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်က ၆၀၀ ကျော်ရှိတယ်။ ပြီးတော့ ဝန်ထမ်းတွေနဲ့ဆိုရင် ၁,၀၀၀ လောက်ကို စုဝေးနေတဲ့နေရာ တခုဖြစ်တယ်။ အဲ့ဒီ့လိုနေရာမျိုးမှာ ရောဂါပိုးမကူးစက်ရအောင် ဘယ်လိုအကာအကွယ်တွေ လုပ်ထားသလဲဆိုတဲ့အပေါ်မှာ တွေးတောစရာတော့ဖြစ်တာပေါ့။ လွှတ်တော်ကိုယ်စားလှယ် တဦးနဲ့ တဦးကြား အကွာအဝေး ဘယ်လိုခြားထားလဲ ဘယ်လိုအကာအကွယ်တွေ လုပ်ထားသလဲ နောက် စည်ပင်ဧည့်ရိပ်သာမှာရော ဘယ်လိုပြင်ဆင်မှုတွေ လုပ်ထားသလဲဆိုတဲ့အပေါ်မှာလည်း ကျနော်တို့ စိုးရိမ်ပါတယ်။ အခုက ဘက်ဂျက်ကလည်း အတည်ပြုရမယ့်ကာလဖြစ်တော့ မဖြစ်မနေခေါ်ရမယ့်အခြေအနေဆိုတော့ အဝေးကြီးကနေ လာရမယ့် ကျနော်တို့မှာ ကိုယ်ပိုင်ကားကလည်းမရှိ လမ်းကြောင်းကလည်း အရှည်ကြီးသွားရမယ့်အပေါ်မှာတော့ စိတ်ပူပင်မိပါတယ်ခင်ဗျာ။"

ပုံမှန်အားဖြင့် ဒီအချိန်ဟာ လွှတ်တော်မှာ ဘဏ္ဍာရေးအသုံးစားရိတ် အပါအဝင် တခြားဥပဒေပြုရေး ကိစ္စတွေကို ဆွေးနွေး ဆုံးဖြတ်လေ့ ရှိပါတယ်။ ဒါပေမဲ့လည်း လွှတ်တော်အခမ်းအနားတွေ တက်ရောက်ကြမယ့် ကိုယ်စားလှယ်တွေအတွက် နေထိုင်စားသောက်ရေး အပါအဝင် ရောဂါပိုးမကူးအောင် ဘယ်လိုကြိုတင်ပြင်ဆင်ထားတယ် ဆိုတာတွေကို ရှင်းရှင်းလင်းလင်း မသိရသေးတဲ့အတွက်လည်း စိုးရိမ်နေကြတာပါ။

"အမှန်မှာကတော့ဗျာ။ ပြည်သူကို မထုတ်ပြန်နိုင်ရင်တောင် လွှတ်တော်ကိုယ်စားလှယ်တွေကို တနည်းနည်းနဲ့ ဆက်သွယ်ပြီးတော့ ဘာတွေ စီစဉ်ထားတယ်၊ ဘာတွေပြင်ဆင်ထားတယ်ဆိုတာ အကြောင်းကြားသင့်တာပေါ့။ နောက် အထူးသဖြင့် ပြည်ထောင်စုလွှတ်တော် အမျိုးသားလွှတ်တော် ပြည်သူ့လွှတ်တော်တွေမှာက ထိုင်ခုံတွေက ကပ်ရပ်တွေပဲ ထားတယ်ဆိုတော့ အခုက ကိုဗစ်မကူူးရအောင် အနည်းဆုံး ၃ ပေ တို့၊ ၆ ပေတို့ ပြောနေကြတာရှိတယ်။ လွှတ်တော်မှာရော ဒီလိုအခင်းအကျင်းမျိုး လုပ်နိုင်ထားနိုင်လား ... ကျနော်တော့ မမြင်ဘူး။ တကယ်လို့ လွှတ်တော်ကိုယ်စားလှယ် တဦးဦးမှာ လမ်းကြောင်းမှာပဲဖြစ်ဖြစ် သူ့ဒေသကပဲဖြစ်ဖြစ် ပိုးပါလာတယ်ဆိုရင် လွှတ်တော်တခုလုံး ကူးစက်သွားနိုင်တာပေါ့။ အဲ့တာကြောင့် လွှတ်တော်ကိုယ်စားလှယ်တဦးချင်းစီ ရဲ့ကျန်းမာရေးကို ဘယ်လောက်အထိ ကြိုတင်စစ်ဆေးမှာတို့ သတိထားရမယ့် ဆောင်ရန် ရှောင်ရန်အချက်တို့ အဲ့တာမျိုးတွေ ဘယ်လိုစီစဉ်ထားသလဲဆိုတာကို အခုအချိန်အထိ အကြောင်းကြားထားတာမျိုးတော့ မရှိသေးပါဘူး။ အဲ့ဒီ့အပေါ်မှာလည်း ကျနော်တို့ သိချင်ပါတယ်။ တကယ်ပါ ကျနော်တို့ကိုယ်တိုင်ကို သိချင်တာပါ။ ဒါပေမဲ့ ဒီကနေ့ထက်ထိကို အဲ့တာတွေ ကျနော်တို့ကို အကြောင်းကြားခြင်း မရှိပါဘူး။ အဲ့တာကြောင့် တဦးချင်းစီရဲ့စိတ်ဆန္ဒပေါ်မူတည်ပြီး တက်ကြမလား မတက်ကြဘူးလား တက်ဖို့အဆင်သင့်ဖြစ်သလား မဖြစ်ဘူးလားဆိုတာ ကိုယ့်မဲဆန္ဒနယ် ဒီလိုအချိန်မျိုးမှာ ကျနော်တို့ ကိုယ်စားလှယ်တွေက အနီးကပ်ဖြစ်လာတဲ့အချိန် သူတို့ဆုံးဖြတ်ကြပါလိမ့်မယ်။"

သတင်းဓာတ်ပုံ - Pyidaungsu Hluttaw
သတင်းဓာတ်ပုံ - Pyidaungsu Hluttaw

နောက်ဆုံးအကြိမ် လွှတ်တော်အစီအစဉ်တွေ မရပ်နားခင် အချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ဟန့်တားဖို့ ကြိုးပမ်းတဲ့ အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကိုယ်ပူချိန်တိုင်းတာစစ်ဆေးတာမျိုး ရှိခဲ့သလို တပ်မတော်သား ကိုယ်စားလှယ်တွေက နှာခေါင်းစည်းတွေ ဝတ်ဆင်ပြီး တက်ရောက်ခဲ့ကြတာမျိုးလည်း တွေ့ရပါတယ်။ လူထုကျန်းမာရေး ပညာပေးလုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်း ပါဝင်နေတဲ့ ဒေါက်တာကျော်စွာဦးကတော့ လွှတ်တော်လုပ်ငန်းတွေနဲ့ ကိုယ်စားလှယ်တွေအတွက် ကြိုတင်ကာကွယ်ရေး အစီအမံတွေ ပြင်ဆင်ထားဖို့ လိုတယ်လို့ မြင်ပါတယ်။

"သက်ဆိုင်သူ တာဝန်ရှိသူတွေဘက်ကတော့ အစီအစဉ်တွေချပြီးမှ လွှတ်တော်ခေါ်တယ်လို့ ကျနော့်အနေနဲ့ယူဆပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ ထိုင်တာကအစ ဘယ်လိုစီမံမလဲဆိုတာကအစ သေချာသပ်သပ်ခတ်ခတ်လုပ်ထားမယ်။ ပြီးခဲ့တဲ့ လွှတ်တော်တုန်းက လွှတ်တော်မပိတ်ခင်မှာ FEVER SCANNER ကိုယ်အပူချိန်စမ်းသပ်စက်တွေ တပ်ထားတာတွေ့တယ် ဒီတခေါက်လွှတ်တော်မှာလည်း ဒီထက်တင်းကြပ်တဲ့ အစီအမံတွေ လုပ်မယ်လို့ ကျနော့်အနေနဲ့မြင်ပါတယ်။ ကိုယ်အပူချိန်တိုင်းတာက တကယ်လို့ ကိုယ်အပူချိန်ရှိနေတယ်ဆိုရင် သူ့ကိုသီးသန့်ခွဲပြီး နားခိုင်းတာမျိုးတို့ လုပ်လို့ရပါတယ်။ လွှတ်တော်ပိုင်းကရော တာဝန်ရှိသူတွေအပိုင်းကရော စည်းကမ်းချက် ချမှတ်ထားတာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေဘက်က တဦးချင်းစီအသိနဲ့ လိုက်နာဖို့လိုတယ်။ မလိုက်နာလို့ပြောတာမဟုတ်ပါဘူး။ ပိုပြီးလိုက်နာသင့်တယ် ကိုယ်ကိုတိုင်လည်း Mask တပ်ဖို့ လက်ဆေးဖို့ Social Distancing ကို ဂရုစိုက်ဖို့ပေါ့ အဲ့တာလေးတွေ အကြံပြုချင်ပါတယ်။"

မြန်မာကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ တနင်္လာနေ့မနက်အထိ ထုတ်ပြန်ချက်အရ ဆိုရင်တော့ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၅ ဦး အပါအဝင် ရောဂါကူးစက်သူ ၁၄၆ ယောက်ကို အတည်ပြုထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG