သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဘသ ညီလာခံ သဘောထားထုတ်ပြန်ချက် အပေါ် အမြင်တချို့


မဘသ ညီလာခံ
မဘသ ညီလာခံ

လက်ရှိအစိုးရကို တွန်းလှန်ဖယ်ရှားဖို့ဆိုတဲ့ အမျိုးသားရေးအစွန်းရောက်တွေရဲ့ စည်းရုံးလှုံ့ဆော်မှုတွေရဲ့နောက်မှာ စစ်တပ်ရှိနေသလားဆိုတာကို မြန်မာ့အရေး သုံးသပ်သူတွေက သံသယ ရှိနေကြပါတယ်။ မဘသ/ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းက လက်ရှိအစိုးရဟာ တိုင်းပြည်နဲ့လူမျိုး ဘာသာ၊ သာသနာ ပျက်စီးအောင်လုပ်နေကြောင်း နဲ့ ထိုသူများကို ဆန္ဒမဲ မပေးကြရန် ဆိုတဲ့ ဇွန်လ ၁၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်အပေါ် သဘောထားအမြင် တချို့ကို မအင်ကြင်းနိုင်က စုစည်း တင်ပြထားပါတယ်။

ရန်ကုန်မြို့ အင်းစိန် မှာ ဇွန်လ ၁၆-၁၇ ရက်နေ့ထိ နှစ်ရက်ကြာကျင်းပခဲ့တဲ့ အမျိုးသားရေးအစွန်းရောက် သံဃာတော်တွေ ဦးဆောင်တဲ့ မဘသ/ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကြီးရဲ့ နှစ်ပတ်လည် စုံညီတွေ့ဆုံပွဲအပြီး အချက် (၇)ချက်ပါတဲ့ အဖွဲ့ရဲ့ သဘောထားကြေညာချက်ကို တနင်္လာနေ့က ထုတ်ပြန်ခဲ့တာပါ။

အဲဒီကြေညာချက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ ဝေဖန်ကန့်ကွက်ထားသလို၊ လွှတ်တော်က ပြဌာန်းချက်တချို့ကိုလည်း ပြင်းပြင်းထန်ထန်ကန့်ကွက်ထားပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ -၁၂၄(က)နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူ ရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြောဆိုချက်တွေဟာ အပြုသဘောနဲ့ အမှန်တရားကို ဝေဖန်ထောက်ပြခဲ့တာသာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါအပြင် လက်ရှိ ဒီမိုကရေစီအစိုးရဟာ တိုင်းပြည်နဲ့ လူမျိုးဘာသာ သာသနာကို ပျက်စီးအောင်ပြုလုပ်နေကြောင်း စွပ်စွဲထားသလို ဒီအတွက်လည်း ဆန္ဒမဲ မပေးဖို့နဲ့ တရားနဲ့အညီ ရတဲ့နည်းနဲ့ တွန်းလှယ် ဖယ်ရှားကြဖို့ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တိုက်လျောက် တိုက်ခိုက်လာတဲ့ အဖွဲ့အစည်းတရပ် ရဲ့ တိုက်ခိုက်ပြောဆိုချက်သာဖြစ်ပြီး သံဃာတော်တွေအနေနဲ့ အခုလိုမျိုး လုပ်ရပ်မှာ မပါဝင်သင့်ပဲ ဗုဒ္ဓတရားနဲ့အညီ ကျင့်ကြံနေထိုင်သင့်ကြောင်းကနေဒါ အခြေစိုက် အပြည်ပြည်ဆိုင်ရာ မြန်မာ သံဃာတော်များ အဖွဲ့ ဥက္ကဌ ဆရာတော် အရှင်ကောဝိဒက ဗွီအိုအေကို မိန့်ကြားပါတယ်။

“ သူတို့က တချိန်လုံးပဲ ကန့်လန့်တိုက်လာတာကို။ ဆက်ပြီးတော့ တိုက်မှာပဲလို့ ဘုန်းဘုန်းတို့က မြင်ပါတယ်။ ဒါကြောင့် ဘုန်းဘုန်းတို့ မေတ္တာရပ်ခံချင်တာကတော့ ဒီမိုကရေစီနည်းနဲ့ ရွေးကောက်တဲ့ အစိုးရမှန်သမျှသည် ပြည်သူက မကြိုက်တော့ရင် သူ့အလိုလို ပြုတ်သွားမှာပဲ။ ဘာမှ သူ့ကို ပြုတ်ကျအောင် တဖက်က တိုက်ခိုက်နေစရာမလိုဘူး။ သူ့တို့လုပ်ရပ်ကြည့်ပြီးတော့ လုပ်မှာပဲ။ သံဃာတော်တွေအနေနဲ့ ဒီလိုကိစ္စတွေမှာ သိပ်မပါဝင်သင့်ဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွှေဝါရောင်အရေးအခင်းအပြီးမှာ ဘုန်းဘုန်းတို့ နိုင်ငံခြားမှာနေတဲ့ သံဃာတော်တွေဟာ တော်တော်ကို ပေါ်ပြူလာဖြစ်ပါတယ်။ ဘယ်သွားသွား သူတို့ လက်အုပ်ချီကြတာနဲ့၊ အခုနောက်ပိုင်းကျတော့ ဒီကိစ္စတွေပေါ်လာတဲ့အခါကျတော့ နိုင်ငံခြားမှာနေတဲ့ ဘုန်းကြီးတွေက လမ်းတောင်မှ သင်္ကန်း ခြုံပြီးတော့ အပြင်ဘက် ရဲရဲဝံ့ဝံ့ကို မလျောက်ရဲကြတော့ဘူး သာသနာ့ပုံရိပ်က အရမ်းကျသွားပါတယ်။”

လက်ရှိ NLD အစိုးရကို တိုက်ခိုက်ပြောဆိုဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်လုပ်ခဲ့တဲ့ အမျိုးသားရေးအစွန်းရောက် သံဃာတော်တွေဦးဆောင်တဲ့ စုံညီတွေ့ဆုံပွဲကို သံဃာပေါင်း ရာနဲ့ချီ တက်ရောက်ခဲ့သလို၊ ရန်ကုန်တိုင်း စစ်ဒေသတိုင်းမှူး ဗိုလ်ချုပ် သတ်ပုံလည်း တက်ရောက်ပြီး အလှူငွေ ကျပ် သန်း ၃၀ လှူဒါန်းခဲ့ပါတယ်။

ဒါကြောင့် အမျိုးသားရေးအစွန်းရောက်အဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြား ဆက်ဆံရေးကို အများပြည်သူတွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒါနဲ့ ပတ်သက်လို့ အမေရိကန်အခြေစိုက် မြန်မာ့အရေး သုံးသပ်နေတဲ့ ဒေါက်တာတင့်ဆွေရဲ့ အမြင်ကတော့

“စစ်အစိုးရဟာ ၁၉၈၈ ကတည်းက သား ၃ သား ဆိုတဲ့ စစ်သား၊ ကျောင်းသားနဲ့ ဘုရားသားခေါ်တဲ့ ဘုန်းကြီးတွေပေါ့နော်။ ဒီအဖွဲ့မှာ ကျောင်းသားတွေကို အရင်ဆုံးစနစ်တကျ ဖြိုခွင်းခဲ့ပြီးတော့ အခုအပြောင်းအလဲနောက်ပိုင်းမှာ ဘုန်းကြီးတွေကို အသုံးချပြီးတော့ ဖြိုခွင်းလာတယ်။ တနည်းအားဖြင့် သူ့ခါးပိုင်ထဲကို ထည့်တဲ့သူ့အလုပ်ပေါ့။ ပြီးခဲ့တဲ့ ဟိုးအရင်ရွေးကောက်ပွဲတုန်းကလည်း ဒီအတိုင်းပဲ ဒီအဖွဲ့ကြီးဖွဲ့တယ်။ အခု ရွေးကောက်ပွဲနီးလာတော့ ထပ်ပြီးတော့ လုပ်တယ်။ ဒါကျနော်ကတော့ ကြိုတင်ပြီးတော့ မှန်းပြီးသား ဒါပေမယ့် ဒီလောက်ဆိုးဆိုးဝါးဝါးအထိ ဖြစ်မယ်လို့တော့ မထင်ဘူးပေါေ့နာ်။”

မဘသရဲ့ ကြေညာချက်မှာ လွှတ်တော်တွင်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၂၁ ကို ပြဌာန်းဖို့ ကြိုးစားတာဟာ လူမျိုးရေး ဝါးမျိုမှုကို အားပေးရာ ရောက်ကြောင်းနဲ့ ဧည့်စာရင်းဥပဒေ၊ နောက်ယောင်ခံ စောင့်ကြည့်ရေး ဥပဒေ၊ အရေးပေါ် စီမံချက် ဥပဒေတွေကို ပယ်ဖျက်ခဲ့တာဟာ နိုင်ငံတော် ခြံစည်းရိုး ကျိုးပေါက်သွားတယ်လို့ စွပ်စွဲထားပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာ့ဥပဒေရေးရာ ကျွမ်းကျင်သူ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင်က ဦးမင်းလွင်ဦးကနေ အခုလို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

“ကလေးသူငယ်တွေကို နိုင်ငံတကာ ဥပဒေတွေနဲ့ အညီ မွေးစာရင်းထုန်တဲ့ကိစ္စက လူမျိုလို့ လူမျိုးပြုတ်မယ်ဆိုတဲ့ ကိစ္စနဲ့ ဘာမှမဆိုင်ဘူးလို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းက ကျနော်တို့ နိုင်ငံသားဖြစ်မှုဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ရမှာဖြစ်တယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက မွေးတဲ့ကလေးတွေ အဲဒီ ဥပဒေနဲ့အညီ သတ်မှတ်ပေးခြင်း မခံရတဲ့အတွက် သတ်မှတ်ပေးအောင် ကြိုးစားရတာကို နှစ်ပေါင်းများစွာကြာတယ်။ နောက်ပိုင်းမှာ ထိုင်းနိုင်ငံမှာ မွေးတဲ့ မြန်မာနိုင်ငံသားတွေကို မွေးစာရင်းထုတ်ပေးတဲ့အတွက် နောက်ပိုင်းမှာ တော်တေ်ာအဆင်ပြေလာတာ ကျနော်တွေ့ရတယ်။ ဒါကလည်း နိုင်ငံတကာ ဥပဒေတွေ ပြဌာန်းချက်တွေနဲ့ အညီ လိုက်နာဆောင်ရွက်ရတဲ့ ကိစ္စမျိုးဖြစ်တဲ့အတွက် လူမျိုလို့ လူမျိုးပြုတ်မယ့် ကိစ္စရပ်မျိုးမဟုတ်ဘူးလို့ ကျနော်မြင်ပါတယ်။ ဧည့်စာရင်းတိုင်ရတဲ့ နိုင်ငံ ဆိုလို့ ကျနေ်ာကတော့ မြန်မာပြည် နိုင်ငံတခုပဲ မြင်တယ်လေ။ ဧည့်စာရင်းတိုင်တဲ့ ဥပဒေကို ပယ်ဖျက်လိုက်တဲ့အတွက် နိုင်ငံခြားသားတွေ ဝင်ရောက်လာတယ်ဆိုရင် နိုင်ငံခြားသားတွေ ဝင်ရောက်လာကြောင်း သက်ဆိုင်ရာ အိမ်ရှင်ကနေပြီးတော့ အခုအချိန်အထိ သတင်းပို့ အကြောင်းကြားနေရတုန်းပဲ သက်ဆိုင်ရာ လဝကကို ။ အဲဒီတော့ ဒီဟာနဲ့ ရောကြိတ်တာတော့ မကောင်းဘူးလို့ ကျနော်မြင်တယ်။”

မဘသ ကနေ နာမည်ပြောင်းထားတဲ့ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကို တရားမဝင် အဖွဲ့အစည်းအဖြစ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) က ၂ဝ၁၈ ခုနှစ် ဇူလိုင်လမှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG