သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေး နှမ်းခါးရွာ စစ်ဆင်ရေးကြောင့် စစ်ဘေးဒုက္ခသည် ထောင်ဂဏန်းရှိနေ


ဂန့်ဂေါမြို့မြေပုံ။ (ဓာတ်ပုံ - Google Map)
ဂန့်ဂေါမြို့မြေပုံ။ (ဓာတ်ပုံ - Google Map)

(Zawgyi / Unicode)

မကွေးတိုင်း ဂန့်ဂေါခရိုင် နှမ်းခါးရွာကို စစ်ကောင်စီ ဝင်ရောက်စီးနင်း တိုက်ခိုက်တာကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေ ထောင်နဲ့ချီ ရှိနေပါတယ်။ နှမ်းခါးရွာကနေ ထွက်ခွါသွားတဲ့ စစ်ကောင်စီ တပ်တွေဟာလည်း မြင်သားရွာအနီး ဒီကနေ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ရန်ကုန်ကလာတဲ့သတင်း ကိုသားညွန့်ဦး ပြောပြမှာပါ။

ဒီဇင်ဘာ ၁၇ ရက်က ဂန့်ဂေါခရိုင် နှမ်းခါးရွာမှာ ရပ်ရွာခေါင်းဆောင်တွေ အစည်းအဝေးလုပ်နေချိန် စစ်ကောင်စီ ထိုးစစ်ဆင်ရာမှာ လေကြောင်းကနေ ရဟတ်ယာဉ် အပါအဝင် ဂျက်လေယာဉ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအတွက် ဒေသခံ စစ်ဘေးဒုက္ခသည် ၄,၀၀၀ လောက်ဟာ နီးစပ်ရာ တောတောင်တွေထဲမှာ ခိုလှုံနေရသလို အရေးပေါ် အကူအညီတွေ လိုအပ်နေတာပါ။

ခိုလှုံနေရသူတွေထဲ သက်ကြီးရွယ်အိုတွေ ပါဝင်ပြီး အသက်ကြီးပိုင်း စစ်ဘေးဒုက္ခသည် တဦးဟာ စစ်ဘေးရှောင်ရင်း သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ရွာထဲကို အကုန်လုံးက ကြောက်ပြီးတော့ ပြန်မလာရဲသေးဘူး။ သူတို့လာတဲ့အချိန်မှာ အရေးပေါ် ပိတ်မိသွားတာ ဖြစ်တဲ့အတွက် တချို့ဆို တောထဲမှာ ဒီအတိုင်းပဲ။ အရင်တုန်းက ဖြစ်ကာနီးပြီဆိုရင် ပြင်ဆင်ချိန်ရတော့ သူတို့အိမ်ကနေ စားအိုးစားခွက် စောင်၊ ခြင်ထောင်လေးတွေ ယူပြီးတော့ သွားနိုင်တယ်။ အခုကျတော့ ပိတ်ပြီးမှ ဖြစ်သလိုဖြစ်သွားတော့ သူတို့က ဘာမှမယူနိုင်ဘဲ ဒီတိုင်း အေးအေးနဲ့သွားတာ။ စစ်ဘေးရှောင်တယောက်တော့ သေသွားတယ်။ ၆၀/၇၀ ဝန်းကျင် ရှိပြီခင်ဗျ။ အသက်ကြီးပိုင်း လူကြီးတယောက် အရှေ့ဘက်ကမ်းမှာ ရှောင်ရင်းနဲ့ သေသွားတာ။ ဒီနေ့ညနေမှ သေသွားတာ။”

လက်ရှိအချိန်မှာ ရာသီဥတု အအေးဒဏ်ကြောင့် အဝတ်အထည်တွေ အရေးပေါ် လိုအပ်နေပြီး စားနပ်ရိက္ခာတွေလည်း လိုအပ်နေပါတယ်။

စစ်ကောင်စီက ပစ်ခတ်တာကြောင့် သေဆုံးသူ ၉ ဦးရှိပြီး အဲ့ထဲမှာ ပကဖလို့ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေလည်း ပါသလို ဒေသခံ အရပ်သားတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောနေပါတယ်။ စစ်ကောင်စီ ထုတ်ပြန်ချက်ထဲမှာတော့ အကြမ်းဖက်ခေါင်းဆောင်တချို့ပါတဲ့ လူ ၁၀၀ လောက် အစည်းအဝေး လုပ်နေတာကို ဝင်ရောက်စီးနင်းရာကနေ အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ပြီး ၆ ဦးကို အသေရမိတယ်လို့ ဆိုပါတယ်။ ကျေးရွာသားတွေ ထိခိုက်မှု မရှိဘူးလို့လည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ လေကြောင်းကနေ တိုက်ခိုက်တယ် ဆိုတာနဲ့ ပတ်သက်လို့တော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ နှမ်းခါးရွာကနေ ပြန်လည်ထွက်ခွာသွားပြီး မထွက်ခွာခင်အချိန်မှာ နေအိမ်တွေကနေ ပစ္စည်းတွေ ယူဆောင်သွားသလို ရွာထဲရှိ နေအိမ်တလုံးကိုလည်း မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ နှမ်းခါးရွာကနေ ထွက်ခွာပြီးတဲ့နောက်မှာတော့ မြစ်သာမြစ် အရှေ့ဘက်ကမ်းကို ချီတက်သွားပြီး မြင်သားရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“၁၂ နာရီကျော်ကျော်လောက်က ဖြစ်တာခင်ဗျ။ ကျနော်တို့ မြစ်သာမြစ်အရှေ့ဘက် အနောက်ဘက်ပေါ့ဗျာ။ ဒီကနေ မိုင်းဆွဲတာပေါ့၊ မိုင်းဆွဲပြီး ခုခံပြီး တိုက်တာပေါ့။ မြင်သားမှာ ပြီးတော့ပြီးသွားပြီ၊ စန်းမြို့ဘက်ကို ဦးတည်နေတယ်။ ကျနော်တို့ဘက်က ရှောင်လိုက်တာပေါ့။ ခုခံပြီးမတိုက်ဘဲ မိုင်းဆွဲပြီးမှ အဲ့လိုမျိုး တိုက်လိုက်တာခင်ဗျ။ သူတို့ဘက်ကတော့ လောလောဆယ်တော့ အတည်မပြုနိုင်သေးဘူး။ ၁၀ ယောက် ၁၂ ယောက်လောက်ကျတယ် ပြောတယ်။ ဆိုင်ကယ်နဲ့ တင်ခေါ်သွားတယ် ပြောတယ်။”

စစ်ကောင်စီတပ်တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ စစ်အင်အား အလုံးအရင်းနဲ့ နယ်မြေရှင်းလင်းတာတွေ လုပ်နေသလို လေကြောင်းကနေ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေလည်း ရှိနေပါတယ်။ ကျေးရွာမီးရှို့မှုတချို့နဲ့ ကျေးရွာသားတချို့ သတ်ဖြတ်ခံရတဲ့ ကိစ္စတွေမှာလည်း ဒေသခံ ကာကွယ်ရေးအဖွဲ့တွေလက်ချက် ဖြစ်တယ်ဆိုပြီး စစ်ကောင်စီဘက်က တန်ပြန်စွပ်စွဲတာတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)











XS
SM
MD
LG