သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေးတိုင်းဝန်ကြီးချုပ်နဲ့ တခြားဝန်ကြီးတွေ အဂတိမှုနဲ့ တရားစွဲခံရ


NLD အစိုးရလက်ထက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို (ဓာတ်ပုံ - VOA)
NLD အစိုးရလက်ထက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို (ဓာတ်ပုံ - VOA)

(Zawgyi/Unicode)

NLD အစိုးရလက်ထက်က မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့ကို စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲထားပါတယ်။ သူတို့အပြင် ဝန်ကြီးဟောင်းတချို့နဲ့ မကွေးတိုင်းလွတ်တော်ဥက္ကဋ္ဌတို့ကိုလည်း အဂတိလိုက်စားမှုတွေနဲ့ တရားစွဲထားပါတယ်။ ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ် ချခံထားရတဲ့ ဒေါက်တာအောင်မိုးညိုနဲ့ ဦးနိုင်ငံလင်းတို့ကို ခုလို အမှုထပ်တိုးလိုက်တဲ့ကိစ္စ သူတို့ရှေ့နေတွေက အသေအချာ မသိကြသေးဘူးလို့ ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို မဆုမွန်က ပြောပြပါမယ်။

NLD အစိုးရလက်ထက်က မကွေးတိုင်းဝန်ကြီးချုပ် တာဝန်ယူခဲ့သူ ဒေါက်တာအောင်မိုးညို၊ သယံဇာတ၊ သဘာဝပါတ်ဝန်းကျင်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ ဆောက်လုပ်ရေးနဲ့ ပို့ဆောင်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ မကွေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတာနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုနိုင်ဖို့ သက်ဆိုင်ရာ ရဲစခန်းအသီးသီးမှာ အမှုဖွင့်ထားတယ်လို့ ဇွန်လ ၂၄ ရက် ဒီကနေ့ထုတ် စစ်ကောင်စီသတင်းစာမှာ ဖော်ပြထားပါတယ်။

မကွေးတိုင်းဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးတွေရဲ့အမှုမှာ လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးအောင်မြင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားထပ်စွဲတယ်ဆိုတာ ကြားရပြီး အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

“ဒေါက်တာအောင်မိုးညိုတို့ကော၊ နောက်တခါ ဆောက်လုပ်ရေးနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးရော၊ နောက်တခါ လွှတ်တော်ဥက္ကဋ္ဌ ဦးတာရော၊ အဂတိတွေနဲ့ ဆက်ပြီးတော့ အမှုဖွင့်တယ်လို့ပဲ ကျနော်တို့ သတင်းကတော့ သိရပြီပေါ့နော်။ တကယ်တမ်း ဘယ်နှစ်မှုနဲ့ ဖွင့်တယ်ဆိုတာတော့ သေချာ မသိရသေးဘူးခင်ဗျ။ ဖွင့်တာတော့ ဖွင့်တယ်။ အခုတော့ ကျနော်တို့ တိုင်ချက်ကလည်း ဘယ်လို အခြေအနေတွေ ဘယ်လိုတိုင်ထားတယ်ဆိုတာမျိုး မျက်မြင်ကိုယ်တွေ့က မတွေ့ရသေးဘူးလေ။ ကျနော်တို့ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ရေးသားထားတဲ့ အချက်အလက်လောက်နဲ့ သတင်းဌာနတွေက ဖော်ပြသေးတဲ့ အချက်လောက်ပဲ ကျနော်တို့ သိရသေးတာဆိုတော့ ဒါတွေနဲ့ပတ်သက်လို့ ပြောဖို့ကလည်း စောပါသေးတယ်ဗျ။”

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုကို ဇွန် ၈ ရက်နေ့ကပဲ မကွေး၊ ဗဟိုအကျဉ်းထောင်ထဲမှာဖွင့်ထားတဲ့ အထူးတရားရုံးကနေ အများပြည်သူကြား တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်မှု/လုပ်ဆောင်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်တဲ့အပြင် အဲဒီနေ့မှာပဲ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ပုဒ်မ ၂၅ နဲ့ ထပ်ပြီးတရားစွဲခဲ့ပါတယ်။
လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးကို ဇွန် ၂၂ ရက်နေ့က စစ်ဆေးစရာရှိတယ်ဆိုပြီး စစ်ကောင်စီက ခေါ်ယူခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ သူ့ကို ချုပ်ရက် ရမာန်ယူပြီး အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ ရှေ့နေ ဦးအောင်မြင့်က ပြောပြပါတယ်။

မကွေးတိုင်း ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေဟာ ရာထူးတာဝန်တွေကို အလွဲသုံးစားလုပ်ပြီး ငွေကြေးတောင်းယူမှု၊ လက်ခံမှုတွေ လုပ်ခဲ့သလို မကွေး ပညာရေးဒီဂရီကောလိပ် ၃ ထပ်ဆောင် ဆောက်လုပ်ရာမှာ တင်ဒါအောင်မြင်တဲ့ကုမ္ပဏီကို မရွေးဘဲ တခြားကုမ္ပဏီတစ်ခုကို ရွေးချယ်ခဲ့တဲ့အတွက် နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့ပြီး စုစုပေါင်း ကျပ်ငွေ ၂,၄၉၇ သန်း နစ်နာဆုံးရှုံးတယ်လို့ စစ်ဆေးတွေ့ရှိရတဲ့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ မကွေးတိုင်းက သက်ဆိုင်ရာ ရဲစခန်းတွေမှာ ဒီကနေ့ရက်စွဲနဲ့ တိုင်ချက်ဖွင့်ထားတယ်လို့ စစ်ကောင်စီရဲ့ သတင်းစာမှာ ရေးသားထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကိုလည်း ရန်ကုန်တိုင်းအတွင်း အဆောက်အဦးတွေ ဆောက်လုပ်ရာမှာ ကုမ္ပဏီတွေဆီကနေ ငွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေ လက်ခံရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် အမှုဖွင့်ထားတယ်လို့ သတင်းစာမှာ ရေးသားထားပါတယ်။
ဦးနိုင်ငံလင်းအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွတ်တော်ရှေ့နေ ဦးသန်းလှိုင်ကတော့ အဂတိလိုက်စားမှု အမှုထပ်တိုးတာနဲ့ပတ်သက်လို့ မသိသေးဘူးလို့ ဆိုပါတယ်။

“အခုလောလောဆယ် ကျနော်တို့ သိတာကတော့ တခုတည်းဗျ။ နောက်အမှုတွေ ခုနကပြောတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ စွဲတယ်ဆိုတာကတော့ ကျနော်တို့ မသိသေးဘူး။ ကျနော်လည်း သတင်းစာတွေ ဘာတွေ မဖတ်ဖြစ်တော့ မသိတာပါ။ လောလောဆယ် ရာဇသတ်ကြီး ပုဒ်မ ၄၀၉ နဲ့ စွဲထားတာကိုပဲ သိပါတယ်။”

ပုဒ်မ ၄၀၉ ဆိုတာကတော့ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖေါက်ဖျက်မှု ရာဇသတ်ကြီး ပုဒ်မဖြစ်ပါတယ်။ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် တသက်တကျွန်း ဖြစ်စေ၊ ဆယ်နှစ်ထိဖြစ်စေ တမျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်ပါတယ်။ ဦးနိုင်ငံလင်းကို စစ်တပ်ကအာဏာသိမ်းတဲ့ နေ့ကတည်းက ဖမ်းဆီးထားတာပါ။ အင်းစိန် အကျဉ်းထောင်ထဲက အထူးတရားရုံးမှာ သူ့အမှုတွေကို စစ်ဆေးနေတာဖြစ်ပြီး လက်ရှိမှာ ရုံးချိန်း ၈ ချိန်းနီးပါးရှိနေပြီး နောက်လ ၂ ရက်နေ့မှာ တရားလိုစစ်ဖို့ရှိတယ်လို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။

...........................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)










XS
SM
MD
LG