သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေးတိုင်း စလင်းမြို့နယ်တွင်း နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်ခံရ


မကွေးတိုင်း၊ စလင်းမြို့နယ်ထဲ ဇူလိုင် ၂၃ ကစပြီး ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခံရတဲ့မြင်ကွင်း။ (ဓာတ်ပုံ-CJ/ဇူလိုင် ၂၃၊ ၂၀၂၄)
မကွေးတိုင်း၊ စလင်းမြို့နယ်ထဲ ဇူလိုင် ၂၃ ကစပြီး ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခံရတဲ့မြင်ကွင်း။ (ဓာတ်ပုံ-CJ/ဇူလိုင် ၂၃၊ ၂၀၂၄)

မကွေးတိုင်း စလင်းမြို့နယ်တွင်း စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားလေးဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ဒေသခံတွေ ပြောပါတယ်။ စစ်ကိုင်းတိုင်း မင်းကွန်းဒေသမှာလည်း နေအိမ်တွေမီးရှို့ခံရတယ်လို့ သိရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

မကွေးတိုင်း စလင်းမြို့နယ် ငလှိုင်တွင်းကျေးရွာက ဘုန်းကြီးကျောင်းနဲ့လူနေအိမ်တွေကို ဇူလိုင် ၂၃ ရက် ညနေပိုင်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ အရပ်သား ၄ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဇူလိုင် ၂၄ ရက်နေ့လည်ပိုင်းကလည်း စလင်းမြို့နယ်က ကျောက်အိုး၊ တညောင့်တင် စတဲ့ကျေးရွာတွေလည်း လေကြောင်းတိုက်ခိုက်ခံရတယ်လို့ မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးက ပြောပါတယ်။

"ငလှိုင်တွင်းကျေးရွာမှာ ၅ နာရီ ၅ မိနစ်လောက်မှာ စတင်တိုက်ခိုက်ခံရတယ်ခင်ဗျ။ အရပ်သား ၄ ဦး သေဆုံးပြီး ဒဏ်ရာရတာက ၁၀ ဦး၊ အရပ်သား ၁၀ ဦး ဒဏ်ရာရထားတယ်။ ရွာရဲ့ ဘာသာရေး အဆောက်အဦးဖြစ်တဲ့ ဘုန်းကြီးကျောင်းရယ်၊ ရွာထဲက လူနေအိမ်တွေကို ဗုံးကြဲတယ်။ စက်လက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တယ်ပေါ့။ ဒီနေ့ဆိုရင်လည်း ဒုတိယအကြိမ် လေကြောင်း တိုက်ခိုက်ခံရတယ်။ စလင်းမြို့နယ်ထဲကပဲ ကျောက်အိုးတို့၊ တညောင့်တင်တို့ဘက်မှာခင်ဗျ။ အဲ့နေရာက ထိခိုက်ဒဏ်ရာရမှုစာရင်းကို အတိအကျ မသိရသေးဘူး။ အရပ်သားတွေ လုပ်ကိုင် စားသောက်နေတဲ့ ကျေးရွာအတွင်း ကျေးရွာနေပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ပဲ ကျနော်တို့ယူဆတယ်ပေါ့။ အကြမ်းဖက်လုပ်ရပ်တွေ သူတို့လုပ်နေကျ အတိုင်း လုပ်တာပေါ့။ "

မြေပြင်မှာတိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေပြောပါတယ်။ နောက်ထပ်လေကြောင်းတိုက်ခိုက်မှုတွေဖြစ်လာမှာ စိုးရိမ်ပြီး ဒေသခံတွေဟာ ကျေးရွာတွေထဲကနေ တောတောင်တွေထဲ ပြောင်းရွှေ့နေထိုင်နေရပါတယ်။

စစ်ကိုင်းမြို့ မင်းကွန်းဒေသမှာလည်း စစ်တပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး နေအိမ် ၃၀ ကျော် မီးရှို့ခံရတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။ နာမည်ကျော် မင်းကွန်း ခေါင်းလောင်းနဲ့ မြသိန်းတန်စေတီအနီးက မင်းကွန်း တောင်ရွာမြောက်ရွာနဲ့ ရှားရောင်းရွာက နေအိမ်တွေ မီးရှို့ခံရတယ်လို့ ဒေသခံတဦးကပြောပါတယ်။

"မင်းကွန်းရွာဘက်ကို ရဲကား ၂ စီးက ကင်းလှည့်တာ နေမှာပါ။ ကင်းလှည့်တဲ့အချိန် ဒီဘက်က ယူနီကွန်းအဖွဲ့က ပျောက်ကြားအဖွဲ့က ပျောက်ကြားနေရင်း စပစ်တယ်ပေါ့။ ပစ်ရင်းနဲ့ သူတို့ဘက်က ရဲဘော် ၂ယောက်နဲ့ အရာရှိ ဒုရဲမှူးလားပဲ ၃ ယောက်ကျတာ အဲ့အချိန်မှာ နောက်ထပ်အင်အား ရောက်လာပြီးတော့ မင်းကွန်းတောင်ရွာမြောက်ရွာရှိတဲ့ ၂ ရွာပေါင်း ၇ အိမ်မီးရှို့တယ်။ ရှို့ပြီးတော့ မြသိန်းတန်စေတီနားက အဲ့ရွာကိုမီးရှို့တာ ၃၀ ကျော်လောက် ပါသွားတယ်။"

တိုက်ပွဲဖြစ်ပြီးနောက် ညနေပိုင်းမှာ စစ်တပ်ဟာ ပြန်လည်ဆုတ်ခွါသွားပြီး အရပ်သား ၂ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ဒေသခံတွေ ပြန်မလွတ်သေးသလို ဘယ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာလည်း မသိရှိရသေးပါဘူး။

စစ်တပ်နဲ့ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေဟာ အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း အရပ်သား နေအိမ် ၉၅,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data For Myanmar အဖွဲ့က ဇူလိုင် ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။ မီးရှို့ခံရတဲ့ နေအိမ်အများစုဟာ စစ်ကိုင်းတိုင်းထဲကဖြစ်ပြီး နေအိမ် ၆၇,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်သလို တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ဆိုရင် ၇၀ ရာခိုင်နှုန်းကျော် အထိ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG