သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား ထိန်းသိမ်းရေးစခန်းတွင်း လွတ်ရက်စေ့ နိုင်ငံခြားသားများ အလုပ်လုပ်ခွင့်ရမည်


နေရပ်ပြန်ပို့ခဲ့တဲ့ မလေးရှား ထိန်းသိမ်းရေးစခန်းက လွတ်ရက်စေ့ မြန်မာအကျဉ်းသားများ။ (နိုဝင်ဘာ ၁၊ ၂၀၂၀။ ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း - မလေးရှား)
နေရပ်ပြန်ပို့ခဲ့တဲ့ မလေးရှား ထိန်းသိမ်းရေးစခန်းက လွတ်ရက်စေ့ မြန်မာအကျဉ်းသားများ။ (နိုဝင်ဘာ ၁၊ ၂၀၂၀။ ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း - မလေးရှား)

(Zawgyi / Unicode)

မလေးရှားနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနနဲ့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့အနေနဲ့ ထိန်းသိမ်းရေးစခန်းထဲက လွတ်ရက်စေ့ မြန်မာအပါအဝင် နိုင်ငံခြားသား အကျဉ်းသားတွေကို တရားဝင် အလုပ်လုပ်ခွင့် ပြုတော့မယ်လို့ သိရပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ကိုဗစ်ကပ်ရောဂါကာလကြီးမှာ မလေးရှားနိုင်ငံမှာ တရားဝင်အလုပ်သမား ခေါ်ယူရေး ခက်ခဲနေတာကြောင့် နိုင်ငံတွင်းမှာရှိတဲ့ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို တရားဝင် အလုပ်ခန့်အပ်ဖို့အတွက် မလေးရှားအစိုးရက စီစဉ်ဆောင်ရွက်ချက်ဟာ နိုဝင်ဘာလ ၁၆ ရက်နေ့ စတင်တော့မှာပါ။

ဒီထဲမှာ ထိန်းသိမ်းရေးစခန်းတွေထဲက လွတ်ရက်စေ့ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေပါ အလုပ်လုပ်ခွင့်ရတော့မှာဖြစ်ကြောင်း မလေးရှားနိုင်ငံက အလုပ်အကိုင် လုပ်လိုသူတွေအတွက် အကျိုးဆောင်လုပ်ငန်း လုပ်ဆောင်နေသူ ဦးသန်းထွန်းက ပြောပြပါတယ်။

“မနက်ဖြန်ပေါ့၊ မနက်ဖြန်စမယ်၊ အွန်လိုင်းကနေ အလုပ်ရှင်တွေက လဝက လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ အလုပ်သမားရေး ဝန်ကြီးဌာနတွေကို တရားဝင် ကိုယ်တိုင် လျှောက်လွှာတင်ရမယ်။ အလုပ်သမား ဘယ်လောက်လိုသလဲပေါ့၊ အိုဗာစတေးတွေကို ပါမစ်လုပ်ခွင့်ပြုမယ်၊ လဝက camp ထဲက လူတွေကိုလည်း ခေါ်ခွင့်ပြုတယ်။ ထိန်းသိမ်းစခန်းတွေ ထိန်းသိမ်းခံထားရတဲ့ သူတွေကိုလည်း အလုပ်ရှင်ရှိတယ်ဆိုရင်လည်း ဒီမှာပဲ လုပ်ခွင့်ပြုမယ်။ ပြစ်ဒဏ်ကျတဲ့ Black List သမားတွေကို ခွင့်မပြုဘူး၊ ပါခွင့်မရှိဘူး။”

မလေးရှားနိုင်ငံမှာ အခုလို အစီအစဉ်ချမှတ်တာဟာ သူတို့နိုင်ငံတွင်းမှာ စက်ရုံအလုပ်ရုံလုပ်ငန်း၊ ခြံလုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ လုပ်သားတသိန်းကျော် လိုအပ်နေတာကိုလည်း ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒါတွေကတော့ 3D Dangerous, Difficult and Dirty လို့ခေါ်တဲ့ အန္တရာယ်များတဲ့ အလုပ်၊ ခက်ခဲကြမ်းတမ်းတဲ့အလုပ်၊ ညစ်ပတ်တဲ့ အလုပ်တွေအတွက် လုပ်သားလိုအပ်ချက်တွေ ရှိနေတာကြောင့်ပါ။

ကပ်ဘေးကာလမှာ ပြည်ပအလုပ်သမား မခေါ်နိုင်တဲ့အချိန်မှာ တရားမဝင် အလုပ်သမားတွေ၊ အကျဉ်းကျ လွတ်ရက်စေ့ အလုပ်သမားတွေ အတွက်ကတော့ အခွင့်အလမ်းကောင်းတခု ဖြစ်တယ်လို့ ဦးသန်းထွန်းကတော့ ပြောဆိုပါတယ်။

“ဒီနိုင်ငံက ဒီကပ်ဘေးကြောင့် ပြည်ပနိုင်ငံတွေကနေေ ခေါ်သွင်းလို့မရဘူးပေါ့။ ဒီမှာက အလုပ်သမား လိုအပ်ချက်တွေက အများကြီးရှိတယ်။ အလုပ်သမား တသိန်းကျော် လိုအပ်ချက်ရှိနေတယ်။ ဒီအတွက် သူတို့နိုင်ငံသားတွေ မလုပ်နိုင်တဲ့အလုပ်တွေ၊ ပြည်ပအလုပ်သမားတွေ မဝင်လာနိုင်တဲ့ အခြေအနေမှာ အခွင့်အရေးပေးတဲ့သဘောပေါ့။”

မြန်မာသံရုံးကလည်း တရားမဝင် မြန်မာနိုင်ငံသား တသောင်းကျော် နေရပ်ပြန်ဖို့အတွက် ဒဏ်ကြေးသက်သာခွင့်ရဖို့ လျှော့ပေါ့စဉ်းစားပေးဖို့ မလေးရှားအစိုးရကို တောင်းဆိုထားပါတယ်။ ဒီအတွက်ကြောင့်လည်း မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံလောက်က တရားမဝင် အလုပ်သမားတွေအတွက် နေရပ်ပြန်ချင်တယ်ဆိုရင်လည်း မလေးရှားလဝက စည်းမျဉ်းဥပဒေတွေနဲ့အညီ ပြန်ခွင့်ပြုဖို့ နောက်နှစ် ဇွန်လကုန်အထိ သတ်မှတ်ပေးထားပါတယ်။

အရင်တုန်းက တရားမဝင် အလုပ်သမားတဦး နေရပ်ပြန်မယ်ဆိုရင် ဒဏ်ကြေးချည်းပဲ မလေးရှားရင်းဂစ်ငွေ ၃,၀၀၀ သတ်မှတ်ထားတာကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေကြတာပါ။ ဒီအတွက် လျှော့ပေါ့စဉ်းစားပေးမယ့် အစီအစဉ်တွေကို မလေးရှားအစိုးရက ချမှတ်လာတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ မလေးရှားနိုင်ငံအတွက် မလေးရှားရင်းဂစ်ငွေ သန်း ၉၀ လောက်ထိ ရနိုင်ဖို့ မျှော်လင့်ထားတယ်လို့ မလေးရှားအစိုးရ အာဏာပိုင်တွေကို ကိုးကားပြီး မလေးရှားသတင်းတွေက ရေးသားဖော်ပြနေကြပါတယ်။

ခန့်မှန်းချေ မြန်မာနိုင်ငံသား တရားဝင်ရော တရားမဝင်ပါ ၅ သိန်းခွဲလောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် မြန်မာနိုင်ငံသားတွေ အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေကြရတာပါ။ မလေးရှားနိုင်ငံမှာ လဝက ထိန်းသိမ်းရေးစခန်း ၁၃ ခု ရှိပါတယ်။ ဒီထိန်းသိမ်းရေးစခန်းတွေမှာတော့ လွတ်ရက်စေ့တဲ့ မြန်မာအကျဉ်းသား ၃,၀၀၀ လောက်ထဲက ၁,၀၀၀ ဝန်းကျင်ကတော့ နိုဝင်ဘာလဆန်းကစပြီး မလေးရှားအစိုးရနဲ့ မြန်မာသံရုံးတို့ ညှိနှိုင်းပြီး နေရပ်ပြန်ပို့လိုက်ပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)












XS
SM
MD
LG