သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား လူဝင်မှုထိန်းသိမ်းရေးစခန်းက မြန်မာ ၃၀၀ နေရပ်ပြန်ပို့


မလေးရှား ထိန်းသိမ်းရေးစခန်းတွေကနေ နေရပ်ပြန်ပို့တဲ့ မြန်မာနိုင်ငံသားများ။ (နိုဝင်ဘာ ၁၊ ၂၀၂၀။ ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း - မလေးရှား)
မလေးရှား ထိန်းသိမ်းရေးစခန်းတွေကနေ နေရပ်ပြန်ပို့တဲ့ မြန်မာနိုင်ငံသားများ။ (နိုဝင်ဘာ ၁၊ ၂၀၂၀။ ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း - မလေးရှား)

(Zawgyi / Unicode)

ကိုဗစ်အရေးပေါ်ကာလမှာ မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းက မြန်မာ ၃၀၀ နီးပါးကို မလေးရှားနဲ့ မြန်မာသံရုံး အစီအစဉ်နဲ့ နိုဝင်ဘာလ ၁ ရက်နေ့က အစုလိုက်အပြုံလိုက် ပြန်ပို့ပေးခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

မလေးရှား ထိန်းသိမ်းရေးစခန်းတွေကနေ နေရပ်ပြန်ပို့တဲ့ မြန်မာနိုင်ငံသားများ။ (နိုဝင်ဘာ ၁၊ ၂၀၂၀။ ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း - မလေးရှား)
မလေးရှား ထိန်းသိမ်းရေးစခန်းတွေကနေ နေရပ်ပြန်ပို့တဲ့ မြန်မာနိုင်ငံသားများ။ (နိုဝင်ဘာ ၁၊ ၂၀၂၀။ ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း - မလေးရှား)

မလေးရှားနိုင်ငံက လူဝင်မှုကြီးကြပ်ရေး အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေထဲက လူဦးရေ ၁,၀၀၀ နီးပါးကို ဒီရက်ပိုင်းအတွင်း ပြန်ပို့တော့မှာပါ။ ဒီထဲက ၃၀၀ နီးပါးကိုတော့ အစုအဝေးနဲ့ ပထမဦးဆုံးအသုတ်အဖြစ် စတင်ပို့ခဲ့ကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံ မြန်မာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက အခုလိုပြောပြပါတယ်။

“နှစ်နိုင်ငံအစိုးရရဲ့ ညှိနှိုင်းချက်အရပေါ့၊ မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်းထဲက ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား အကျဉ်းသား ၉၆၀ ကို မြန်မာနိုင်ငံကို ရောက်ဖို့အတွက် မလေးရှားအစိုးရက အားလုံးတာဝန်ယူပြီး အခမဲ့ ပို့ဆောင်ဖို့ သဘောတူထားတယ်။ သဘောတူညီချက် အဲဒီအစဉ်ထဲက မလေးရှားနိုင်ငံထဲမှာ ရှိနေတဲ့ ထိန်းသိမ်းရေးစခန်း ၁၃ ခုထဲက အကျဉ်းသား ၉၆၀ ကို ကျန်းမာရေးစစ်ဆေးပြီး ပြန်ပို့ဖို့ စီစဉ်နေပါတယ်။ အဲဒီထဲက ဆောင်ရွက်ပြီးစီးနေတဲ့ အကျဉ်းသား လူပေါင်း ၂၈၀ ထဲက အမျိုးသမီး ၁၅ ဦးပါတယ်။ ဒီနေ့မှာတော့ ပထမဆုံးအသုတ်အနေနဲ့ မြန်မာနိုင်ငံကို မလေးရှား လေကြောင်းခရီးစဉ် အစီအစဉ်နဲ့ မနက် ၉ နာရီခွဲကနေ စတင်ပို့ဆောင်ခဲ့ပါတယ်။”

ဒီအစီအစဉ်အရ ၅ ရက်အတွင်းမှာ လူဦးရေ ၁,၀၀၀ နီးပါးကို ပို့ပေးမယ်လို့လည်း ဆိုပါတယ်။

“လူစုစုပေါင်း ၉၆၀ ကို ကျနော်တို့သိသလောက်ကတော့ နှစ်နိုင်ငံအစိုးရရဲ့ ညှိနှိုင်းချက်အရ နိုဝင်ဘာလ ၁ ရက်နေ့က ၅ ရက်အတွင်းကို ၉၆၀ လုံးကို ပို့မှာပါ။ နိုဝင်ဘာလ ၅ ရက်နေ့မှာတော့ လေယာဉ် ၃ စီးနဲ့ ပို့မယ်လို့ ကျနော်တို့ သိထားရပါတယ်။”

မလေးရှားရောက် မြန်မာလူမှုကူညီရေးအသင်းနဲ့ ပရဟိတအဖွဲ့တွေကတော့ ထိန်းသိမ်းရေးစခန်းတွေထဲက မြန်မာတွေကို အဝတ်အစားနဲ့ ဖုန်းကတ် စတဲ့အကူအညီတွေကို ပေးခဲ့ကြပါတယ်။

ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅ သိန်းခွဲလောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် မြန်မာနိုင်ငံသားတွေ အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေကြရတာပါ။ ဒါကြောင့်လည်း နေရပ်ပြန်ဖို့ စာရင်းပေးသွင်းထားတဲ့ တရားမဝင် အလုပ်သမား ၁၀,၀၀၀ ကျော် ရှိနေပါတယ်။ နေရပ်ပြန်ဖို့ ခက်ခဲတဲ့ အခြေအနေတွေကြောင့် တရားမဝင် နည်းလမ်းတွေနဲ့ ကြိုးစားရင်း မလေးရှား-ထိုင်းနယ်စပ်မှာ ဖမ်းဆီးခံရသူတွေလည်း အများအပြား ရှိနေသလို တချို့ဆိုရင် လူမှောင်ခိုကူးသူတွေရဲ့ သားကောင်တွေအဖြစ် ကျရောက်သွားကြရတာပါ။

ကိုဗစ်အရေးပေါ်ကာလမှာ မလေးရှားရောက် မြန်မာတွေထဲက မိမိကိုယ်ကို အဆုံးစီရင်တာကတော့ ၁၈ ဦးထိ ရှိသွားပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)










XS
SM
MD
LG