သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မလေးရှားရဲ အဖမ်းမခံရအောင်ထွက်ပြေးတဲ့ မြန်မာအမျိုးသမီး ရထားတိုက်ခံရ​​​​​​​


မလေးရှားနိုင်ငံ၊ Selangor ပြည်နယ် ရှားအလန်းနဲ့ ဆရင်ဘန်းဆိုတဲ့နေရာတွေမှာ နိုင်ငံခြားသားတွေကို စစ်ဆင်ရေးနဲ့လိုက်လံဖမ်းဆီးနေစဥ်။ (အောက်တိုဘာ ၅၊ ၂၀၂၄/ထိုင်းလဝက)
မလေးရှားနိုင်ငံ၊ Selangor ပြည်နယ် ရှားအလန်းနဲ့ ဆရင်ဘန်းဆိုတဲ့နေရာတွေမှာ နိုင်ငံခြားသားတွေကို စစ်ဆင်ရေးနဲ့လိုက်လံဖမ်းဆီးနေစဥ်။ (အောက်တိုဘာ ၅၊ ၂၀၂၄/ထိုင်းလဝက)

မလေးရှားနိုင်ငံ၊ Selangorပြည်နယ် ရှားအလန်းမြို့နဲ့ ဆရင်ဘန်းမြို့တွေမှာအောက်တိုဘာလ ၅ ရက်က အော်ပရာစီစစ်ဆင်ရေးလုပ်ရာမှာ မြန်မာနိုင်ငံသား ၈၆ ဦးအပါအဝင် နိုင်ငံခြားသား ၆၀၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီလိုဖမ်းဆီးချိန်မှာ ထွက်ပြေးရင်းရထားတိုက်မိလို့ မြန်မာအမျိုးသမီးတဦး သေဆုံးသွားခဲ့ ပါတယ်။ ဒီသတင်းကိီုဗွအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံ၊ Selangor ပြည်နယ် ရှားအလန်းနဲ့ ဆရင်ဘန်းဆိုတဲ့နေရာတွေမှာ အောက်တိုဘာလ ၅ ရက်နေ့က အော်ပရာစီစစ်ဆင်ရေးလုပ်ရာမှာ မြန်မာနိုင်ငံသား ၈၆ ဦးအပါအဝင် နိုင်ငံခြားသား ၆၀၀ ကျော်ဖမ်းဆီးခံရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မလေးရှားဌာနက ရုံးတာဝန်ခံ ဦးစိုးထက်သိမ်းက VOA ကိုပြောပါတယ်။

“ရှားအလန်း ဆရီမူတပေါ့- အဲဒီမှာတော့ အကြီးအကျယ်ဖမ်းဆီးမှု ဖြစ်စဉ်ဖြစ်တယ်၊ မြန်မာ အမျိုးသမီးတယောက်သေဆုံးတာကတော့ ဆရင်ဘန်းမြို့ဘက်မှာဖြစ်တယ်။ အဲဒီညပိုင်းမှာပဲ ဂန်ဒီဟိုင်းလန်းဧရိယာနဲ့ အီပို့ဘက်မှာဖမ်းပါတယ်၊ ဒီနေ့ အောက်တိုဘာလ ၇ ရက်နေ့မှာတော့ ပီနန်းဘက်မှာဖမ်းတယ်။ နေရာအနှံ့မှာ အော်ပရာစီစစ်ဆင်ရေးလုပ်ပြီး မလေးရှားဘက်က ဖမ်းတာပါ။ ဖမ်းဆီးခံရတာက ၁,၀၉၀ လောက်ဖမ်းတယ်။ အဲဒီထဲက အထောက်အထားရှိသူကို ပြန်လွှတ်ပေးလိုက်တော့ လူ ၆၀၀ ကျော်လောက်ကတော့ အဖမ်းခံရတယ်။ အဲဒီလိုမျိုးဖမ်းဖို့ ရဲအင်အားက ၄၀၀ ကျော်သုံးပြီးဖမ်းတာပါ၊ မြန်မာကတော့ အယောက် ၈၀ ကျော်၊ ၈၆ ယောက်ပါတယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကတော့ အများဆုံးပါတာပေါ့နော်။ ၂၁၄ ဦးပါ။”

ဆရင်ဘန်းမြို့ဘက်က အော်ပရာစီစစ်ဆင်ရေးဖမ်းဆီးတာကို ထွက်ပြေးရင်း ရထားတိုက်သေဆုံးခဲ့တဲ့ မြန်မာအမျိုးသမီးရဲ့ဖြစ်စဉ်ကိုလည်း ပြောပြခဲ့ပါတယ်။

“ဆရင်ဘန်းမြို့ စက်ရုံတရုံမှာအလုပ်လုပ်တာပါ။ ဆရင်ဘန်းဘက်မှာလည်း အော်ပရာစီဝင်တော့ ရဲဖမ်းခံရမှာကြောက်လို့ ပြေးမိပြေးရာပြေးရင်း ရထားလာတာကိုသတိမပြုမိဘူး။ အဲဒီတော့ ဖြတ်ပြေးမိတော့ ရထားကတိုက်လိုက်တာ ခြေထောက် ၂ စုံက တနေရာ၊ ခန္ဓာကိုယ်ကအပေါ်ပိုင်းက တနေရာ အကုန်လုံးပြတ်ထွက်ကုန်ပါတယ်။”

အဖမ်းခံရသူတွေကိုတော့ စမှုံညှင်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းစခန်းမှာ ထိန်းသိမ်းထားပြီး အဲဒီနေရာမှာမဆန့်တဲ့အတွက် ရှားအလန်းလ၀ကမှာ ထိမ်းသိမ်းထားတယ်လို့သိရပါတယ်။

အောက်တိုဘာလ ၅ ရက်နေ့မှာ ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာနိုင်ငံသား ၈၆ ဦးအပါအဝင် ဘင်္ဂလား ဒေ့ရှ် နိုင်ငံသား ၂၁၄ ဦး၊ နီပေါ ၁၁၅ ဦး၊အင်ဒိုနီးရှား ၈၁ ဦး၊ အိန္ဒိယ ၆၀ ဦး၊ ပါကစ္စတန် ၃၄ ဦး၊ သီရိလင်္ကာ ၁၀ ဦးနဲ့ အယ်လ်ဂျီးရီးယား နိုင်ငံသားတဦးပါဝင်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG